• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

ဆန်ကုန်မြေလေး

Posted by နတ်ဆိုးလေး On Wednesday, January 27, 2010 0 ယောက်ရဲ့ စကားသံတွေ

ပေတေတေစိတ်ကူးတွေက
အခြေမဲ့ ငါ့ကမ္ဘာကို
ငြိုငြင်မှု အပြည့်အ၀နဲ့
တည့်တည့်ကြီး မျက်စောင်းထိုးနေလေရဲ့။

အရင်တုန်းက ရခဲ့ဘူးတဲ့
အသိုင်းအ၀ိုင်းထဲက မြှောက်စားမှုတွေ
လေထဲမှာ လွင့်ပျံသွားလိုက်တာ
ငါကိုယ်တိုင် ကိုယ်ကျင့်တရားတွေကို ဖဲ့ချနေမိပြီ။

သိတယ်ဆိုတာကလွဲပြီး
ဘာမှပြုပြင်နိုင်စွမ်းမရှိခဲ့ဘူး
ရူးသွပ်နေတဲ့ ခြေလှမ်းတွေကိုလေ
ပေကျံနေတဲ့ ငါ့ရင်ဘတ်ကတောင် ငါ့ကိုပြန်ဟားနေတယ်။

ဒီ ဦးနှောက်ကြီးကလဲ
မည်းနက်တဲ့ ကမ္ဘာရိုင်းဆီကို
ငိုကြွေးမှုတွေ လျစ်လျူရှုစေရင်း
ပြင်းပြင်းထန်ထန် ဆွဲခေါ်နေတော့တာပဲ။ (စိတ်ညစ်တယ်)

ငါငြီးငွေ့နေမိတဲ့
သမားရိုးကျ အတွေးအခေါ်တွေကြားမှာ
ငါဟာ..
ဘာမှ သုံးမရတဲ့ အမှိုက်များ ဖြစ်နေမလား.။

ဟားတိုက်ရယ်မောရင်း
ပြင်းရှရှ နာကြည်းမိတာက
ငါကိုယ်တိုင် မသိနားမလည်ခဲ့တဲ့
လောကနိယာမ တွေကိုပေါ့

လျော့တိလျော့ရဲနိုင်လွန်းတဲ့
ငါ့ရဲ့ ဆုံးဖြတ်ချက်တွေအပေါ်
ငါ သစ္စာမရှိခဲ့တော့
မလှတော့တဲ့ အနာဂါတ်ဟာ အနှစ်မပါသလိုပဲ.။

ဟား.....................................။
မိုင်ချီတဲ့ သက်ပြင်းမောကြီးနဲ့အတူ
ဖြူစင်မှုမရှိတော့တဲ့ ငါ့လမ်းပေါ်မှာ
ငါ.......................................................။

ထားလိုက်ပါတော့
မော့ကြည့်ရင်တောင် မမြင်ရတဲ့
ယိုင်နဲ့နဲ့ ကောင်းကင်ကို မေ့ထားလိုက်တယ်
ခုလောလောဆယ် သွားရဦးမယ်..။

ဘယ်ကိုလဲဆိုတော့.......
.................................................
.....................................................
.....................................................
စိတ်ရိုင်းစေရာ.......။




။..........နတ်ဆိုးလေး............။



ငါမငိုဘူး
ဒါပေမယ့်
နှလုံးသားမှာ ဘီလူးဝင်ပူးတယ်။


လက်သည်းချွန်သိပ်များတဲ့ မှော်ဆရာက
ငါ့နှလုံးသားကို ရင်ဘတ်ကနေဆွဲခွာတယ်
နာကျင်ပေမယ့် ငါမငိုဘူးကွယ်။

ငါ့ဘ၀ရဲ့
လင်းတောက်တဲ့ ရောင်ချည်တစ်စက်အတွက်
အသက်နဲ့လဲပြီး ရဲရင့်ပြမယ်။

ချစ်သောမေမေ
ငါ့ကို တမလွန်ကနေ နိုးထတွေ့မြင်စေမယ်။

ငါ့ဝိညာဉ်မှာ
ပန်းနှင်းဆီတွေ အပြာလွင်ဆုံးပွင့်
ငါ့ရွက်တိုင်ကို အမြင့်မားဆုံးလွှင့်ထူမယ်။

ဟေး....ပင်လယ်
ဟေး....လှဲအိပ်နေတဲ့ပင်လယ်
ခုထစမ်း
မင်းဆီငါလာတယ်။





ယန္တယားအရေခွံနဲ့ လူ

Posted by နတ်ဆိုးလေး On Saturday, January 16, 2010 0 ယောက်ရဲ့ စကားသံတွေ

-မိုးခြိမ်းသံတို့ ငါ့ထံလာကြသည်။

-နွေဟာ တစ်တောလုံးကို
ပန်းဟုန်းဟုန်း ပွင့်စေခဲ့ပြီ။

-ဘယ်တမန်တော်ကမှ
ငါ့ရင်ခွင်ထဲကို အော်သံနဲ့ ပြုတ်ကျမလာဘူး

-အမှန်ကိုမမြင်နိုင်တဲ့ မျက်လုံးထက်စာရင်
ကန်းနေတဲ့မျက်လုံးက ပိုကောင်းတယ်။

-လမိုက်ညတို့ လာတော့မယ်
လမင်းကိုပဲ လွမ်းရမလား
မီးအိမ်ကိုပဲ ထမ်းရမလား။

-တစ်ချို့လူတွေရဲ့ စိတ်ထားဟာ
စကတ်ရှည်ရှည် ၀တ်ထားကြတယ်။

-မနက်ဖြန်ဟာ
(လူတိုင်းအတွက်) ကောက်ရတဲ့ ပိုက်ဆံ မဖြစ်နိုင်ဘူး။

-ငါဟာ
ပိတောက်သားနဲ့ထုထားတဲ့
နွေရာသီ ပန်းပုရုပ်ပဲ။

-အပုပ်နံ့ကိုခံတာဟာ လင်းတ ဆန်ပါတယ်။

-စနေနေ့ကိုလပ်ထပ်ဖို့ကြိုးစားတဲ့ သောကြာနေ့လိုပဲ
လိုက်မမီနိုင်အောင် လွဲလွန်းလှပါတယ်။

-ငါခုတ်ခဲ့တာ မဟုတ်ပါဘူး
ငါက..
အဲဒီ အက်ကွဲကြောင်းထဲမှာ
ညပ်နေတဲ့ ဓါးတစ်လက်ပါ။

-လူတစ်ယောက်အတွက် (ဒါမှမဟုတ်) အားလုံးအတွက်
နောက်ဆုံးရိက္ခာ ဖြစ်ချင်ပါသေးတယ်။

-လွပ်လွပ်လပ်လပ် ဆော့ကစားချင်လို့
ပုလင်းထဲဝင်ပုန်းမိပါတယ်
ဘယ်သူက
ဖော့ဆို့ လာပိတ်သွားမှန်းမသိဘူး။

-တစ်ခုတည်းရှိတာ သေချာတယ်
ဘာမှ မရှိတာ ပိုသေချာတယ်။

-ရေစိုနေတဲ့ ပန်းကန်ကို
အ၀တ်ခြောက်နဲ့ သူတ်ဖို့ ကြိုးစားရင်း
လွတ်ကျကွဲသွားတာ ကြုံဖူးလား။

-လူချစ်လူခင်များအောင် အနေတတ်ဘူး
နတ်ကွန်းမဟုတ်လို့လဲ အမွှေးတိုင် ထွန်းမထားမိဘူး။

-ဘယ်သူ့မှ မသတ်ခင်မှာ
ကိုယ့်ဘာသာ အရင် သေနှင့်ပါရစေ။

-ဖာရာထေးရာတွေ တင်းတင်းရင်းရင်းဖြစ်သွားရုံနဲ့တော့
အင်္ကျီက သစ်မသွားဘူး။

-ငါ့ကို ဘာမှ မပေးခင်မှာ
လှမ်းယူနိုင်မယ့် အင်အားလေး
အ...ရင်...ပေး...ပါ....။


.....တာရာမင်းဝေ.......




လောကကြီးနဲ့ သင်

Posted by နတ်ဆိုးလေး On Tuesday, January 12, 2010 0 ယောက်ရဲ့ စကားသံတွေ

လောကကြီးက မင်းမမွေးခင်ကတည်းက ရှိနေတာ. မင်းသေသွားလဲရှိနေမှာပဲ
မင်းဆိုတဲ့လူတစ်ယောက်မရှိရုံနဲ့ လောကကြီးက ဘာမှ ဖြစ်မသွားဘူး
သူ့ဘာသာသူ ခုတ်မောင်းနေမှာပဲ။ ဒါကိုသဘောမပေါက်ပဲ မင်းက အလုပ်တွေရှုပ်နေတယ်။
ကြွေဲတာတွေကော ၀မ်းနည်းတာတွေကော မှားတာ မှန်တာတွေ နာကြည့်းတာတွေနဲ့ မင်းတစ်ယောက်တည်း ပြဇာတ်ကနေတယ်။
မင်းခံစားချက်တွေကို ခမ်းနားကြီးကျယ်လချည်ရဲ့ လို့ မင်းကိုယ်မင်းထင်နေတယ်။
တစ်ကယ်တော့ မင်း ``ရင်နင့်လှချည်ရဲ့´´ လို့ ခံစားနေရတာတွေ အားလုံးဟာ ဘာမဟုတ်တဲ့ သဲပွင့်လေးတွေပါ။
သူဘာသာသူ အချိန်တန်ရင် အလိုလို ပြီးဆုံးမေ့ပျောက်သွားမှာပါ။
ဘာကိုမှ အတင်းကြီးလုပ်မယူနဲ့။ ဖြစ်နိုင်ရင် ပေါ့ပေါ့လေးနေလိုက်ပါ။
လုံးဝ ``ကပ်ငြိမှု´´ မထားနဲ့.


..နတ်ဆိုးလေး...




သေချင်းဆိုးမလေး

Posted by နတ်ဆိုးလေး On Monday, January 11, 2010 0 ယောက်ရဲ့ စကားသံတွေ

ကည့်ကြ !!! ဟောဒါ ...
ငါ့ရဲ့ ချစ်လှစွာသော သေချင်းဆိုးမလေး ဖြစ်ပေရဲ့။

ဘဝက ...
ပေါ့ပေါ့ပါးပါး ခံယူလိုက်ပုံများ ...
မြင်လား !! “သူမ” တစ်ကိုယ်လုံးတောင်မှ
ပါးပြီး ပေါ့နေတဲ့ပုံ၊
(အဲဒီသေချင်းဆိုးမလေးက)
“မျှော်လင့်ချက်” ဆိုတာကိုလည်း အယုံအကြည်မရှိပေဘူး။
နောက်ပြီး ... သူမက
“အရူး” နဲ့ “နတ်ဘုရား” တွေကိုလည်း
အတူတူလို့ သဘောထားတက်သေး ...

အဲဒီ သေချင်းဆိုးမလေးပေါ့ !!!
ဘဝ ဟာ ...
ဝမ်းနှုတ်ဆေး တစ်ခွက်လောက်တောင်မှ
အာမခံချက် မပေးနိုင်ဘူးလို့ယူဆ၊
(အဲဒီ သူမက)
လမ်းမှာ ခဏခဏပြုံးပြတတ်သူတွေကိုလည်း
“အာရုံကြောရောဂါ ရနေတယ်” လို့ လှောင်တက်သူ ...

အဲဒီ သေချင်းဆိုးမလေးပေါ့ !!!
လောကကြီးရဲ့ အယုအယ ခံဘို့ရာ
နေရာတစ်နေရာ ရှာရမှာကို ရှက်တတ်၊
ကြယ်သရဖူတွေ ကြွေကျလာရင်တောင်
ခြေမနဲ့ ညှပ်ပြီး ကောင်းဆောင်းဘို့ကို
ပျင်းရိတတ်သူ ...

အဲဒီ သေချင်းဆိုးမလေးပေါ့ !!!
ဈေးပေါပေါဆက်ဆံမှုတွေကို ရွံရှာ
“မင်္ဂလာ နံနက်ခင်းပါ” လို့နှုတ်ဆက်ခံရတာကို ... မုန်း၊
ကိုယ့်မျက်လုံး ကိုယ်တံခါးပိတ်ပြီး
နေမြင့်တဲ့ အထိအိပ်တတ်သူ...

အဲဒီ သေချင်းဆိုးမလေးပေါ့ !!!
တစ်နေ့ တစ်နေ့ ၂၄ နာရီပြည့်အောင် စောင့်ရတာကို စက်ဆုပ်
ထမင်းနှစ်ခါတောင် စားနေရတာကို
အလုပ်ရှုပ်တယ်လို့ထင်တဲ့သူ ...

အဲဒီ သေချင်းဆိုးမလေးပေါ့ !!!
သူမရဲ့ အင်္ကျီလက်ရှည်အဖျားတွေကိုတောင်
အောင်အောင်မြင်မြင် မခေါက်တင်တတ်
ကြောင်ကလေးတစ်ကောင်ကို အဝတ်ပတ်သလို
ဖိုသီ ဖတ်သီနေထိုင်
(သူမ ကိုယ်တိုင်က ...)
“ဘဝ” ကို ကြယ်သီးအပြည့်တပ်ပြီး ဝတ်ဆင်ရမှာ
ကျဉ်းကျပ်တယ်လို့ ထင်တဲ့သူ။

သူမရဲ့ဘဝမှာ ...
အချစ် ဆိုတာ ဘယ်ရှိနိုင်မလဲ !!
မြို့ထဲက ပလက်ဖောင်းတွေပေါ်မှာ
လမ်းလျှောက်တဲ့ အခါမျိုးတောင်မှ
မျက်နှာချင်းဆိုင်က လာတဲ့သူတွေကိုရှောင် .. ရှောင် ပေးရတာ
(သူမဘက်က) လိုအပ်တာထက် ပိုကျဆုံး
အတ္တတွေ ဘုန်းနိမ့်ကုန်ပြီလို့ ထင်တဲ့မိန်းမ ...

မျက်နှာပေါ် ဆံပင်တွေ ဝဲကျ
အဲဒီ ဖရိုဖရဲမလေးပေါ့ ...
(သူမက ခေါင်းဖြီးရတာကို အလုပ်ပိုလို့ ထင်တယ်)
“ကမ္ဘာမြေ ဆွဲငင်အားရှိမှတော့
ဆံပင်တွေ အောက်ကိုကျနေတာ
ဘာ မကျေနပ်စရာရှိသလဲ” လို့လည်းမေးရဲ့။

အဲဒီ သေချင်းဆိုးမလေးပေါ့ !!!
"နစ်ရှေး" ရဲ့အတွေးအခေါ်ကျမ်းကို ဆွဲဆုတ်
ပလက်ဖောင်းပေါ်က ဖုန်တွေကို
အဲဒီ စက္ကူနဲ့သုတ်ပြီး ထိုင်တဲ့သူ ...။

"ကျွန်မက ...
ဘယ်သူ့ကိုလက်ဆွဲ နှုတ်ဆက်ရမှာလဲ ?
ဒါမှမဟုတ် ... ဘယ်သူ့ကို အမြီးနှံ့ပြရမှာလဲ ? ... " တဲ့၊ ကဲ !!!
အဲဒီ သေချင်းဆိုးမလေးပေါ့ ...
သူမ က စိတ်အလိုမကျရင်လည်း
"ဆဲ" တက်သေးတယ် ...။

အဲဒီ သေချင်းဆိုးမလေးပေါ့ ...
စိတ်ကူးနဲ့ လွမ်းရတာက
တစ်ကမ္ဘာလုံးကို ထမ်းထားရတာထက်
... ပိုလေးတယ်လို့ ယူဆ၊

တစ်စုံတစ်ယောက်ကို သတိရဖို့
ဘယ်တုန်းကမှ မတက်ကြွခဲ့သူ။

အဲဒီ သေချင်းဆိုးမလေးပေါ့ ...
“သိမ်းဆည်းစရာတွေ များလွန်းနေတဲ့ ဘဝမှာ
ကျွန်မက ... ကိုယ့်ကို ကိုယ်တောင်
သိမ်းမထားချင်တဲ့ ကောင် ...” လို့ပြောခဲ့၊

တကယ့် သေချင်းဆိုးမလေးပေါ့ ...
ဟောဒီမှာ မလှုပ်မယှက်ခေါက်ခွေ
အဲသည်လို နေရုံသက်သက်ကလေး နေ နေလိုက်ပုံက
ဘဝကို အဝတ်ရုပ်တစ်ရုပ်လို ယူဆ
တစ်စုံတစ်ဦးက သူမကို ပစ်ချခဲ့တဲ့ အတိုင်းပါပဲ ...။

သူမက လောကကြီးကို ခါးပြီး
အဲဒီ ခါးသီးတဲ့ အရသာကပဲ
သူမကို ပြန်ခါးတယ် ...
နားလည်ပေးလိုက်ပါ ... လောကကြီးရေ ...
"ဘာများ အရေးကြီးလို့လဲ" ဆိုတဲ့ လှောင်ကြည့်နဲ့
ခင်ဗျားကို ရိသဲ့သဲ့ ပြုံးပြနေတဲ့မိန်းမ ...
သူမကတော့ မတောင်းပန်တတ်တာ သေချာတယ်။
နားသာလည်ပေးလိုက်ပါ ... လောကကြီးရေ ...။

ဒါမှမဟုတ် ... သူမကို ခွင့်လွှတ်ပါ ...
လောကကြီးရေ ...
ဒါမှမဟုတ် ... သူမကို ဦးညွတ်ဂုဏ်ပြုပါ ...
ဒါမှမဟုတ် ... သူမကို တစ်ခုခု ပြစ်ဒဏ်ခတ်ပါ ...
ဒါမှမဟုတ် ...
လောကကြီးရေ ... အဲဒီ သေချင်းဆိုးမကို
ပစ်သာချထားလိုက်ပါ ...

“သူမ” ပေါ့ ...
... ... ...

နတ်ဆိုးတစ်ပါးလည်း ဖြစ်၊
ကောင်းကင်တမန်လည်း ဖြစ်၊
(အဲဒီသေချင်းဆိုးမလေး ကိုမှ)
ငါက ...
လည်ပင်းညှစ်သတ်ချင်လောက်အောင်
ချစ်နေမိခဲ့တာပေါ့ကွယ် ...။

ဒီကဗျာကို အသုံးပြုဖို့ ဆရာ မင်းခိုက်စိုးစန်ဆီက ခွင့်မတောင်းခဲ့ပါဘူး။ မတောင်းချင်လို့ မတောင်းတာမဟုတ်ပါဘူး။ မတောင်းတတ်လို့ မတောင်းတာပါ။
ဆရာ့ ဘလော့ဂ်ထဲကို member တွေ ၀င်ဖို့ နေရာကို တွေ့ပေမယ့် register လုပ်ဖို့ နေရာ ရှာမရလို့ပါ။ ဆရာမင်းခိုက်စိုးစန်ကို ဒီနေရာကနေ အနူးအညွတ်တောင်းပန်ပါတယ်။
ပြောလို့သာပြောတာပါ ဆရာ့ထဲမှာ ကြိုက်တာတွေ့ရင် ဒီလိုပဲတင်ဖြစ်ဦးမှာပါပဲ။ စိတ်တော့ မဆိုးလောက်ပါဘူး။ ဟဲဟဲ။




တစ်နေ့မှာ
ရာဇ၀င်ထဲကိုဝင်
ရှင်သန်လာလိမ့်နိုးနိုး
တိုးတိတ်စွာ သာယာမိခဲ့တာပဲလေ..။

လေပြေတွေနဲ့အတူ
ပူလောင်ခြင်းကင်းမဲ့စွာ
မနက်ဖြန်ပေါင်းများစွာမှာ
ငါနဲ့အတူရှင်သန်မဲ့
ကောင်းကင်တစ်ခုကိုပဲ
မရဲတရဲ ဂုဏ်ယူပစ်လိုက်တယ်..။

အပြုံးရနံ့တွေ သင်းပျံ့နေတဲ့
သန့်စင်တဲ့ချိုမြိန်မှုတွေထဲ
ရဲကနဲ ရှက်သွေးဖြာသွားတတ်တဲ့
ငါ့ရဲ့ ကောင်းကင်လေးကို
လိုလိုချင်ချင်ပဲ နာမည်ပေးလိုက်တယ်
ထာဝရ.......တဲ့။

ကြည်နူးခြင်းတွေကိုပဲ
သည်းသည်းမဲမဲ သီကုံးရင်း
မင်းရဲ့ ဘေးနားမှာ
သာယာတဲ့ သံစဉ်တွေအဖြစ်
ဂစ်တာတစ်လက်ရဲ့ ရာဇ၀င်ကို
ချိုမြိန်ပစ်လိုက်မယ်
ထာဝရရယ်...။

လေညှင်းတွေရဲ့ ၀ိညာဉ်က
ထာဝရရဲ့ ဆံနွယ်ကို
ကပိုကရိုထွေးပွေ့ထားရင်း
နှင်းဆီရောင် ပါးပြင်ပေါ်
အနမ်းမိုးတွေ ကြွေးကြော်ပစ်လိုက်မယ်
ချစ်လို့ပါ ထာဝရရယ်....။

တစ်ဖြည်းဖြည်း
အတွေးထဲက အသိတစ်ခုကို
ငြိုငြင်စွာ ငြင်းဆန်ရင်း
ထာဝရရဲ့ ကမ္ဘာလေးကိုပဲ
ရင်ခွင်ထဲ ဆွဲထည့်နေမိတယ်..။

သာယာခဲ့သမျှ
အလှပဆုံးညလေးထဲမှာ
ကဗျာတစ်ပုဒ်ရဲ့ ဆုံချက်ဟာ
အိပ်မက်တဲ့လားကွယ်...
ထာဝရရယ်......။

ဝေးလွင့်မှုရဲ့ မြားချက်မှာ
ချိုသာတဲ့ အနမ်းတို့နဲ့အတူ
ပူလောင်တဲ့အလွမ်းတွေလဲ တွဲလဲခိုနေကြလေရဲ့
ထာဝရရဲ့ ၀ိညာဉ်ကိုပါ
ငါ့ကမ္ဘာထဲက ယူသွားတယ်လေ..။

မထိုက်တန်သူရဲ့ နံနက်ခင်းဟာ
ပျော်စရာတွေကို ရိုက်ချိုးရင်း
မိုးလင်းသွားပေမယ့်
ထာဝရရဲ့ အလင်းကို
မသောက်သုံးလိုက်ရတဲ့ ငါ့မှာတာ့
ဖျော့တော့တော့ အလွမ်းတွေတောင်
မှောင်အတိကျနေရပြီလေ
ထာဝရရေ..
ထာဝရ...ရေ...
ထာ....၀...ရ....ရေ.....။


......နတ်ဆိုးလေး......




သတိရတယ်..
တစ်ကယ်ရိုက်ခတ်သွားခဲ့တာလား
နားထဲက ကွဲရှပြိုလဲ ကြေကွဲသံတွေ
လေပြေအေးနဲ့ ရောထွေးတဲ့ ပုလောင်ခြင်း
မင်းပေးတဲ့ ခပ်ရင့်ရင့် ဥပေက္ခာ
ငါ... တစ်ဘ၀စာ သိမ်းကျုံးရလိုက်တယ်...။


လွမ်းတယ်...
ဘယ်ဆီဘယ်ဝယ်တမ်းတနေရင်း
ပြင်းရှရှ သတိရမိတာပါ..
အလွန်တရာ မြမတ်နိုးရတဲ့
ငါ့ရဲ့ ဆူးထက်ထက်နှင်းဆီတွေ
ရေပြင်ကျယ်မှာ မျောသွားတဲ့..
အနားမဲ့ညနေအိုကိုလေ..။

ဆွေးမြေ့ခြင်းတွေ ခင်းကျင်းထားတဲ့
အလင်းမဲ့လွမ်းချင်းတစ်ပုဒ်ကို
ပျိုမျစ်တဲ့ လရောင်နဲ့အတူ
ဖြူစင်တဲ့ ကြယ်တာရာတွေအောက်မျာ
ကမ္ဘာကြီးအိပ်မောကျတဲ့အချိန်ထိ
သတိရခြင်းတွေခြံရံပြီး သီကြွေးနေမယ်..ကွယ်..။

ချစ်သေယနှင်းဆီရဲ့ အဆိပ်ဆူး
ရူးလောက်အောင် နာကျင်ပေမယ့်
ရင်နဲ့အမျှ စွဲလန်းရတဲ့
မင်းရဲ့ အငွေ့အသက်တွေ
နေရာတိုင်းမှာ ပျံ့လွင့်နေတာပါ
မနာကြည်းရက်ပါဘူးချစ်သူရယ်..။

ဟိုးတုန်းက ငါ့ကောင်းကင်မှာ
အနမ်းမိုးတွေ သွန်းဖြိုးတုန်းက
ငါ့ရင်ခွင်မှာ သာယာမှေးစက်သူလေးရယ်..
ဘယ်တော့မှပြန်မရတော့မဲ့ သူ့ပါးပြင်နုနုလေးရယ်
တွယ်တာခဲ့ဘူးတဲ့ စကားသံသာလေးတွေကိရယ်.. ကိုပဲ
နှမြောမိတယ်.. တမ်းတတယ်..။

ချစ်သူရယ်
တကယ်ရှိခဲ့ပါတယ်ဆိုတဲ့ အလွမ်းကို
မလိုချင်လို့ တိမ်းရှောင်နေသူကိုမှ
မရမက လာပေးရက်တယ်နော်
ပျောရွှင်မှုတွေ မင်းတွေ့ပါစ
မရေရာတဲ့ ဝေဒနာလမ်းမှာ
ငါတစ်ယောက်အတွက်
မျက်ရည်ကို အဖော်ပြုရင်း..........
မင်းနဲ့ .... ဝေးရာဆီ............................။


...နတ်ဆိုးလေး....




တေးသွားမဲ့ သံစဉ်

Posted by နတ်ဆိုးလေး On Wednesday, January 06, 2010 0 ယောက်ရဲ့ စကားသံတွေ

ဧဒင်ရဲ့ အပြင်အဆင်တွေ
သေသပ်စွာခင်းကျင်းထားတဲ့
အနားမဲ့ ညနေအိုတစ်ခုမှာ
ခုငါ.. တမ်းတနေတဲ့ အလွမ်းတစ်ခွက်ကို
သောက်သုံးခဲ့မိတာပေါ့....။

ဒီလိုပါပဲ..
ကွဲရှရှ နံနက်ရဲ့
အလှည့်အပြောင်းမှာ
တစ်ခါတစ်ရံသာ ချိုမြိန်တတ်တဲ့
ကျိန်စာခတ် ကော်ဖီိကို
ကျုယ်တိုင်ကိုယ်ကျ ဖျော်စပ်ခဲ့တာလေ..။

ပုံပြင်ဖြစ်သွားတဲ့ကမ္ဘာ
ဒဏ္ဍာရီက ၀ါးမြိုလိုက်ရင်း
ပြင်းရှရှ နှလုံးသားသံစဉ်ဟာ
၈စ်တာရဲ့ ခွင့်ပြုချက် မပါလေတော့
ဦးမော့ ကျူးရင့်ဖို့ အခက်တွေ့နေလေရဲ့...။

ချစ်သူရေ..
ခရေညတွေ အုပ်စိုးတဲ့
မိုးထဲက မှတ်တမ်းက
လမ်းစပျောက်ခဲ့ဖူးတယ်..
ထူးလှတယ်တော့ မဟုတ်ဘူးပေါ့
အလင်းပြန်နိယာမ တောင်
အမှောင်ထဲမှာ မှားသေးတာပဲ...။

ရှိပါစေတော့
တွေဝေရင်း
အလင်းပျိုတွေ လွင့်ဝေးသွားရင်း
တေးသွားတွေ လွမ်းဆွတ်ရင်း
မင်းရဲ့ကမ္ဘာကို
တစ်ကိုယ်ထဲ ထုဆစ်မယ်
ချစ်လို့ပါကွယ်...............။




အထီးကျန် ရင်ဘတ်

Posted by နတ်ဆိုးလေး On Tuesday, January 05, 2010 0 ယောက်ရဲ့ စကားသံတွေ

တစ်နေ့တော့ရောက်လာမှာပဲလေ
နေရာတစ်ခုကို ငါ့ရင်မှာ..
ထာဝရ ရှင်းလင်းထားရင်း
မင်းအတွက် ခင်းကျင်းထားတယ်..။

ဘယ်အချိန်များ တံခါးခေါက်မလဲ
သဲကြီးမဲကြီး ရွာချတဲ့မိုးရဲ့ နောက်ကွယ်မှာ
ပြာလွင်တဲ့ ကောင်းကင်ကို
လိုချင်တပ်မက်စွာ မျှော်လင့်မိပါရဲ့..။

တည့်တည့်တိုးမိတဲ့ မျက်ဝန်းကဗျာ
သာယာမိတဲ့ အပြုံးချိုလေးတွေ
စွန်းပေနေတဲ့ ဘယ်ဘက်ရင်အုံမှာ
ထာဝရအနမ်းရဲ့ ရနံ့တွေပါ (တစ်ခါတစ်လေ)သင်းပျံ့နေတတ်တယ်။

မင်းကိုလွမ်းရင်းနဲ့သာ ငါ expire ဖြစ်သွားရင်
ငါ့ရင်ခွင်မှာ ငါပြန်ဝင်စားမယ်..
တွယ်ရာမဲ့ ပူဆွေးမှုတွေ သေရာပါဖြစ်သွားခဲ့ရင်
ရင်ဘတ်ထဲကနေရာ ဗလာဖြစ်သွားမှာ (ငါမလိုလားဘူး)

ရူးမိုက်တာလို့ပဲ ပြောကြပါ..
ငါကိုယ်တိုင်လဲ အဲလိုခံယူထားတာပဲ
အသည်းထဲက ငါ့အလွမ်းတွေတောင်
အရောင်တောက်နေတုန်းရှိပါသေးတယ်။

တစ်.............................................
.....နေ့.........................................
.........တော့...................................
.................ပြန်..............................
......................ရောက်.....................
...............................လာ..............
....................................မှာ............
........................................ပါ.......။




ဂျစ်ပစီပိုဝမ်

Posted by နတ်ဆိုးလေး On Tuesday, January 05, 2010 0 ယောက်ရဲ့ စကားသံတွေ

မြေပြင်ကပဲ အစေးနည်းခဲ့တာလား
တယုတယ ပျိုးထားတဲ့ ပန်းကလေးကတောင်
တခုတ်တရ ကင်ပွန်းတပ်လေရဲ့
ဆရာဝန်လို ရှေ့နေလို ဆိုင်းဘုတ်ချိတ်ခွင့်မရတဲ့
တေလေ..........တဲ့။

လူ့အန္ဓတစ်ယောက်ရဲ့ ရာဇ၀င်မှာ
ကမ္ဘာပြိုတော့မယ့် ကိစ္စကိုတောင်
လျစ်လျူရှုနေနိုင်တဲ့
ဝီလ်ပါဝါတွေ ရှိနေတတ်တယ်။


ဘာရယ်တော့မဟုတ်ပါဘူး
ရူးမိုက်စွာ ပေါ့ပါးနေခဲ့တာ
တစ်ခါတစ်လေ
ဝေဒနာတွေတောင်
ကြောင်တောင်တောင် လှည့်ပြန်သွားကြလေရဲ့..။

ယိုင်နဲ့နဲ့ လောကဓံကို
မဲပြုံးလေးတစ်ခုနဲ့ပဲ
လက်တုန့်ပြန်တတ်တဲ့ ဂျစ်ပစီတစ်ယောက်က
မင်းရဲ့ အမုန်းမှာ
အတုန်းအရုန်း ကျဆုံးမယ်ထင်လား။

ဖတ်ပြီးသားကဗျာတစ်အုပ်လို
ကိုယ် ကျေနပ်ရင်ပိတ်
အိပ်နေမယ့်ကောင်
အိပ်မက်တွေတောင် ကြွေးကြော်နေလေရဲ့
အရာအားလုံး အေးဆေးပါ တဲ့...............။