• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

ကောင်းကင်က ငါ့ပေါ် ပဲ့ကျတဲ့နေ့
အဲဒီနေ့က ထာဝရ မလာဘူးလေ..။

တစ်ကယ်ပါ အဲဒီနေ့က .
ငါ့ကိုထမ်းတဲ့ မြေပြင်လဲ အလဲအကွဲကို ပြိုကျတာ
(ငါရပ်နေတဲ့ တစ်နေရာထဲကိုပေါ့)...။

လျော့တိလျော့ရဲ လရောင်ကလဲ..
ကွဲရှသံတွေ နဲ့ မှိန်နေတယ်..
ကြယ်တွေ . .. .. ... ... ... .. ..
သွားစမ်းပါ.. အကျည်းတန်လိုက်တာ..။

ငါ သာ တန်ခိုးရှိရင်..
ထာဝရ ကို ငါ့ကိုယ်ငါ အဖြစ် ဖန်ဆင်းပစ်လိုက်ချင်တယ်
တကယ်... ခုတော့ ဒဏ်ရာတွေကိုပဲ ကော်ဆဲ နေမိတယ်..။

နီကိုတင်းတွေ စုပ်ယူနေတဲ့ ငါ့နှုတ်ဖျားက
ထာဝရ ရဲ့ပါးကို ဒီအချိန် ဒီနေရာမှာပဲ
နမ်းရှိုက်ခဲ့ဖူးခဲ့တာ... ..
နီကိုတင်းက အဆုတ်ထိတာ
အဲဒီပါးက နှလုံးသားကို ရှတယ်...။

သေနိုင်လောက်တဲ့ အလွမ်းမဟုတ်ခဲ့ရင်တောင်မှ
ငါ့ သမိုင်းမှာ စာကမ္ဗည်း မှတ်တိုင်တစ်ခုအဖြစ်တော့
ခပ်ဖျော့ဖျော့လေး ရှိနေမှာပါ... ...
ငါကလဲ. ပက်ပက်စက်စက် ရင်ခုန်ခဲ့တာကိုး.. ။

ဟားး..............
ကြားနေရတဲ့ ညသံတွေထဲမှာ
ငါမသိတာတွေရော ငါသိတာတွေရော
သေချာ သိတာကတော့ ...
ထာဝရ ရဲ့ အငွေ့အသက်နဲ့
ခပ်ဆင်ဆင် တူတာလေးတောင် မပါလာတာပဲ..
ကြေကွဲကွာ......................။

ဘာမှန်းမသိတဲ့ စိုးရွံ့မှုတွေက
ငါ့ရင်ဘတ်ထဲမှာ ညာသံတွေပေးပြီး ခြောက်လှန့်နေလေရဲ့..
ယိုင်နဲ့နဲ့ ငြီးတွားသံ တွေထဲမှာ
ငါ ကြားရတာ ....
ထာဝရသာ ဘယ်တော့မှ ပြန်မလာတော့ရင် တဲ့.........။

မဖြစ်ပါရစေနဲ့...
ခနဲ့တဲ့တဲ့ ရယ်သံတွေလဲ
ကျေးဇူးပြုပြီး မလှောင်ကြပါနဲ့..။
ငါ့ရဲ့ ထာဝရ ဒီည လာမှာပါ..။

ကြယ်တွေလဲ ကြွေကြွေကျနေတာ..
ငါ လဲ စိတ်ဓါတ်တွေ မြေခ နေတာ..
ဒီတိုင်းထိုင်နေလို့ရော ထာဝရလာမှာလား
ငါ့ကိုယ်ငါ မိုးလင်းပစ်လိုက်ရတော့မလား...။

အားးးးးး
သောက်ရေးမပါတဲ့စီးကရက် ..
ဘယ်တုန်းက.. ကုန်သွားတာလဲ..
အတွေးပျက်အောင်.. ဖင်စီခံက
လက်ကြားထဲ မီးစနဲ့ထိုးချသွားလိုက်တာ..
လာထား... နောက်တစ်လိပ်.. ။

.......... ............... ...................
......... ...... ............. ........... ............
.... ......... ........ ............. ............
... .. ........... ............ .................................။

အိပ်မက်ထဲကို တံခါးဖွင့်ဝင်လိုက်တယ်...။ အိပ်မက်ထဲရောက်တော့
ခပ်လှမ်းလှမ်းမှာ လုတစ်ယောက် ငုတ်တုတ်ကြီးထိုင်နေတာကို တွေ့လိုက်တယ်.။ ဘယ်သူပါလိမ့်....။ အားးးးး လတ်စသတ်တော့ ဒိုင်အောဂျိနိစ်ကိုးး..။ သူ့နား ကို သူမသိအောင် တိတ်တိတ်လေး သွားကြည့်လိုက်တယ်..။ မြေကြီးမှာ ဟိုခြစ်ဒီခြစ် လုပ်နေတယ်..။ သူတွက်တဲ့ ပုစ္ဆာကို အသာလေး ကြည့်ကြည့်လိုက်တယ်..။ သူတော်တော် အုံးစားနေပုံရတယ်..။ ကျွန်တော် သူ့ရှေ့ကနေ အလက်ဇန္ဒား အထာ နဲ့ ကွယ်ရပ် ပစ်လိုက်တယ်...။ ပြီးတော့ စကားတစ်ခွန်း ပြောလိုက်တယ်..။ ၀မ်းသာစရာ ပဲ..။ အလက်ဇန္ဒားလို ကျွန်တော် နှင်မထုတ်ခံရဘူး..။ အားရပါးရ လက်ဆွဲနှုတ်ဆက် ကျေးဇူးတင်စကားပြော တာ ခံရတယ်..။
ပြောမှာပေါ့..။ သူ့ကို ကျွန်တော် က လော့ဂရပ်သမ် စာအုပ် ငှားရမလား လို့ မေးလိုက်တာကိုးးး..။
ဒိုင်အောဂျနိစ် ပျော်သွားတယ်..။ ကျွန်တော်လဲ အိပ်မက်ထဲ ဆက်တိုးလာတယ်.။

အိပ်မက်က နက်သထက်နက်လာတယ်..။ တစ်နေရာ အရောက် သွေးတွေစွန်းနေတဲ့ ကွင်းပြင်ကြီးကို တွေ့လိုက်ရတယ်..။ ဒါ စစ်မြေပြင် ဖြစ်ရမယ်...။ ဟင် ဟိုမှာ လူုတစ်ယောက်ပါလား...။ မှန်းစမ်း... ဘယ်သူဖြစ်မလဲ...။ အော လက်စသတ်တော့ ... နပိုလီယန်ပါလား...။ အော ဒါ ၀ါတာလူး စစ်မြေပြင်ကိုး...။ ဟောဟော နပိုလီယန် ဘာလုပ်မလို့လဲ မသိဘူး.. မိုးပေါ်ကို လက်ကြိးမြှောက်လို့..။
ပါးစပ်က ပွစိပွစိနဲ့.. ကျွန်တော် နည်းနည်းလေး ရှေ့တိုး နားထောင်လိုက်တယ်....။

အို အသင်နေမင်း.. ကျွန်ူပ်ကို နှစ်နာရီ ခန့်သော အချိန်ကို ပြန်ပေးပါ..။ သင်လိုရာကို ကျွန်ုပ်ပြန်ပေးဆပ်နိုင်ပါသည်... တဲ့

တော်တော်ပိန်းတဲ့ကောင်ပဲ လို့ စိတ်ထဲက ပြောရင်းနဲ့ ကျွန်တော် သူ့နားသွားပြီး.. လက်တို့လိုက်တယ်..။ ပထမတော့ နပိုလီယန် ကြောင်သွားတယ်..။ ဘာလဲဆိုတဲ့ မျက်လုံးနဲ့ကြည့်တယ်..။ ကျွန်တော်က ဒါပဲ ဆိုတဲ့ မျက်လုံးနဲ့ ပြန်မကြည့်ပါဘူး..။ သူ့ကို ပြောလိုက်တယ်..။

ခင်ဗျားကိုကျုပ် နှစ်နာရီ ပေးမယ်...။

ဆိုတော့ သူက ကျွန်တော့ကို အထူးအဆန်း သတ္တ၀ါ တစ်ကောင်လို ပြူးကြည့်တယ်..။ ကျွန်တော်က သူ့ကို မထူးဆန်းတဲ့ လူုလို ကြည့်ပြီး

မယုံလို့လား လို့ မေးလိုက်တယ်..

ဒီတော့ သူက ပျာပျာသလဲ နဲ့ အာ ယုံတယ် ယုံတယ် .. ဆိုပြီး အူယားဖားယားနဲ့ ဖြေတယ်..။

ခင်ဗျား ပြောတာက နှစ်နာရီ ပေးရင် ကျုပ်လိုချင်တာ ပြန်ပေးမှာ.. ဟုတ်တယ်နော်..

အာ ဒါပေါ့ ပေးမှာပေါ့ ငါ့ညီရာ တဲ့ အံမယ် ပုခုံးလေးတောင် လှမ်းပုတ်လိုက်သေးတယ်...
ပြီးမှ သွားကြီးဖြီးပြပြီး ပြောပြော ငါ့ညီ ဘာလိုချင်တာလဲ ပြော တဲ့

ကျွန်တော် ပြန်ပြောလိုက်တယ်..
ခင်ဗျား ကို နှစ်နာရီ ပေးမယ်... ကျုပ်ကို လေးနာရီ ပြန်ပေး ... လို့

ဒီတော့ နပိုလီယန် မျက်လုံးပြူးသွားတယ်..

ဘာ... အဓိပ္ပါယ် မရှိတာ.... ပါးစပ်ကြီး အဟောင်းသားနဲ့ အော်ချလိုက်တာ..။

ကျွန်တော်ကလဲ မယူလဲ နေပေါ့ဆိုတဲ့ အထာနဲ့ လက်လေးပိုက် ခေါင်းလေးကို တစောင်းလေး မော့ထားပြီး မေးလေး ပွတ်နေလိုက်တယ်.။

အဲလိုလဲ နပိုလီယန် မနေနိုင်ဘူး..။ ကျွန်တော့ကို ပြန်မေးတယ်...။
နေပါဦး ငါ့ညီ မင်းက လေးနာရီ ဘာလုပ်ဖို့လဲ...


ကျွန်တော်လဲ ပြန်ဖြေလိုက်တယ်...
ဝယ်လင်တန်ကို ကျုပ် အရင် သွားပြီး တိုက်မလို့....

ဘာ

နပိုလီယန် ကြောင်ပြီး အော်လိုက်တုန်း .. ကျွန်တော် လစ်ထွက်လာလိုက်တယ်..။

အိပ်မက်ကလဲ မဆုံးနိုင်ဘူး.. ဘယ်လိုလူတွေနဲ့ တွေ့မှန်းလဲ မသိဘူး..။ ဟော ရှေ့မှာ တစ်ယောက်တွေ့ပြန်ပြီ.. ။ ဟ ဒီတစ်ခါ မိန်းကလေးဟ.. ။ မှန်း... ဘယ်သူ့ဖြစ်မလဲ...
အဟား... ထက်ထက်မိုးဦး ပဲ.. လာထား ကျွန်တော် အိပ်ကပ်ထဲက recorder လေးထုတ်ပြီး ထက်ထက်ဆီ ပြေးတယ်..

ထက်ထက်..... ထက်ထက် .......
ကျွန်တော် လှမ်းခေါ်တော့ ထက်ထက် လှည့်ကြည့်တယ်.. ကျွန်တော့ လက်ထဲက recorder ကို ကြည့်ပြီး ပြောတယ်ဗျ..
ရုတ်ရုတ် ရုတ်ရုတ် မလုပ်နဲ့နော်.. သတင်းတွေ ကြားတယ်မလား တဲ့

ဟုတ်ကဲ့ပါဗျာ .. မဖြစ်စေရပါဘူး... ကျွန်တော် သိချင်တာ တစ်ခုတည်းပါ... ဆိုတော့
ကောင်းပြီလေ မေး မေး တဲ့

ကျွန်တော်လဲ မေးလိုက်ပါတယ်..
Sedona မှာတုန်းက interviewer ကို ရိုက်လိုက်တာ ဘယ်ဘက်ပါးလား ညာဖက် ပါးလား လို့...

ဘာ

အော်သံကြီးနဲ့ ထက်ထက်ရဲ့ ညာဖက်လက်မြောက်တက်သွားတယ် ...

==============================================================================

အားးးးးးးးးးး ဆို အော်ပြီး ထထိုင်လိုက်တယ် .. နဖူးက ချွေး သုတ်ပစ်လိုက်တယ်..။
ကဲ ဘာတတ်နိုင်သေးလဲ ထက်ထက်.. ခင်ဗျားမရိုက်ခင် လန့်နိုးပစ်လိုက်တယ်။။ ဘာပြောချင်လဲ...။

ဟဟဟ... ငါကွ..။



အားလုံးကိုလေးစားလျက်
....နတ်ဆိုးလေး......

Portables

Posted by နတ်ဆိုးလေး On Saturday, May 29, 2010 4 ယောက်ရဲ့ စကားသံတွေ

နတ်ဆိုးလေး တစ်ကောင်လဲ ကဗျာတွေ ရေးနေရာက နေ ဘယ်လိုကနေ ဘယ်လို လိုင်းကြောင်သွားတာလဲ မသိပေါင်ဗျာ.. ဟိုဟာလေး ဝေဖန်ချင်ရတာ နဲ့ ဒီဟာလေး share ချင်ရတာနဲ့ ဒီအကြောင်းလေး လေကန်ချင်ရတာနဲ့.. ကိုယ်ကိုကိုယ်တောင် နဲနဲ အမြင်ကတ်ချင်လာပြီ..။ ဟိုတစ်နေ့က စိတ်ကူးလေးရတာနဲ့
Blogger in Draft ထဲက template designer လေးနဲ့ ကိုယ့် template လေးကို ထိုင်ပြင်နေလိုက်တာ .. အခု လက်ရှိ template လေး တော်တော်ကြိုက်ပါတယ်..။ မျက်စိလည်းရှင်းတယ်.. ။ Script တွေလဲ သိပ်မပါတော့ ပေါ့ပေါ့ပါးပါးပဲ.. မပြောင်းတော့ဘူးလို့ကို စိတ်ကူးထားတယ်..။ ကဲ တော်ပါပြီ Portable ဆိုပြီး ဘာတွေ လာပြောနေမှန်းလဲ မသိဘူး..။ ပေကိုရှည်တယ်. လိုရင်းမရောက်တော့ဘူး..။ အဟက်.။

နတ်ဆိုးလေးက ပေါ့တေဘယ် ဆို အားကြီး သဘောကျတာ..။ သွားလေရာ thumb drive လေး ပါတယ်...။ နတ်ဆိုးလေးရဲ့ thumb drive လေးက အရူးလွယ်အိတ်ကျနေတာပဲ.. စုံလို့ . ဘာတွေ မှန်းကိုမသိဘူး..။ သီချင်းတွေကော.. Ebook တွေရော အဲဒီ ပေါ့တေဘယ် တွေကော .. 4GB မလို့သာရယ်..။ ခု နတ်ဆိုးလေး သုံးနေတဲ့ ပေါ့တေဘယ် လေးတွေ share ပေးမယ်နော်.. ။ ပေါ့တေဘယ်မှန်သမျှ လိုက် ဒေါင်းနေတဲ့ နတ်ဆိုးလေးဆီမှာ ပေါ့တေဘယ် တော်တော်များများ ရှိတယ်ခင်ည..။ ကြွားတာတော့မဟုတ်ဘူး.. (ဒါ ကြွားစရာ မှ မဟုတ်တာ.) ..။ လိုချင်တာရှိပြောနော်.. ရှိရင် ပေးမယ်.. မရှိလဲ ရှာပေးမယ်... ဘာခက်တာမှတ်လို့... နတ်ဆိုးလေးက upload လုပ်ပြီး ပေးတာလဲ မဟုတ်ဘူး..။ ကိုယ်ယူထားတဲ့ source ကိုတန်း link ချိတ်ပစ်လိုက်တာ... ။ (ဘာရမလဲ ငါကွ).။
ကဲကဲ လေပဲများနေတယ်.. အောက်မှာ လိုတာလေးများ ပါမလားလို့ ကြည့်လိုက်ကြဦး..။

ဒါလေးကတော့ PDF ဖိုင်လေးတွေဖတ်ဖို့.. Foxit Reader တဲ့.. ကလစ်လိုက်ရုံပဲနော်

ဒါက skype portable တဲ့ .. ဒီမှာကလစ်..

ဒါလေးကတော့ ဂိမ်းခင်ဗျ.. Frats on Fire တဲ့ ဒီကောင်လေးနဲ့ ညိမ့်ရတာ တကယ့် Feel ပဲ..
ဒီမှာ ကလစ်

ဒါလဲ ဂိမ်းပဲ နဲနဲတော့ အုံးစားရလိမ့်မယ် ဆုဒိုခု.. လေ..။ ဒီမှာ ကလစ်

ဒါကတော့ Massenger portable ဗျ..ချက်တာဂျီးများအတွက်ပေါ့.. ICQ, MSN Messenger, Yahoo!, Gtalk စုံအောင်သုံးလို့ ရလိမ့်မယ်.. ဒီမှာ ကလစ်ဗျ

Laptop လေးနဲ့ Wifi ရှိတဲ့ နေရာ သွားသုံးမယ့် ဘော်ဘော်တို့ အတွက် Browser လေးတွေပါ..

ဒါက Moliza Firefox

ဒါလေးက Google Chrome

လိုတာတွေ ပါရင်လဲ ယူသွားကြပါခင်ည..။ ပါတာတွေ မလိုရင်လဲ ဖတ်သွားကြတာ ကျေးဇူးပါ ခင်ည..။

အားလုံးကို လေးစားလျက်
...နတ်ဆိုးလေး....

မန္တလေးမြို့တည် နန်းတည် နှစ် ၁၅၀ပြည့် ပြဇာတ်ကြည့်ရင်း နောက်ဆုံး ငိုသံပါကြီးနဲ့ ပြောချလိုက်တဲ့ လူရွှင်တော်ကြီး ရဲ့ ပြောင်မြောက်တဲ့ ပျက်လုံးလေးပါ...။ တရုတ်ပုံစံပေါက်နေတဲ့ လူရွှင်တော်ကြီးက ဗမာစစ်စစ် မန္တလေးသားစစ်စစ် ဖြစ်တဲ့အကြောင်း ကို မှတ်ပုံတင်နဲ့ သက်သေထူပြီး နန်းတော်တိုင်ဖက်မွေးလာတဲ့ မန္တလေးသား စစ်စစ်ကြီးပါဗျာ.. လို့ မျက်နှာငယ်လေးနဲ့ ပြောလိုက်ပုံက ပြောချင်တဲ့ အကြောင်းအရာကို ထိထိမိမိ ပြောချလိုက်တာ အရမ်း နှစ်သက်မိပါတယ်..။ လူမျိုးခြားတွေ (အထူးသဖြင့် တရုတ်တွေ) မျက်စိနောက်နေအောင် မြင်နေရတဲ့ ဒီကနေ့ မြန်မာနိုင်ငံမှာ လူမျိုးခြားယဉ်ကျေးမှုတွေ လွှမ်းမိုးလာလိုက်တာ... တစ်ချို့ ဗမာများဆို ဗမာ ပါလို့ ကျိန်ပြော .. ဘယ်သူမှမယုံဘူး..။ အထူးသဖြင့် မိန်းကလေးများ ပါ..။ တွေ့လိုက်ရရင် မျက်စိ ကျိန်းချင်စရာ.တွေချည်းပဲ..။ Mini Skirt တွေ Micro Skirt တွေနဲ့ သူတို့ကို အဲဒါလေးတွေနဲ့ နေတတ်တာ နတ်ဆိုးလေးတို့များ အံ့သြလို့ မဆုံးဘူး..။ လွပ်လွပ်လပ်လပ်လှုပ်ရှားလို့ မရ ဘာမရနဲ့ ..။ ယောက်ျားလေးများကရော အ၀တ်အစား တွေက ဘာတွေမှန်းကို မသိပါဘုးဗျာ..။ ဟိုနေရာက အချွန်အတက်တွေ ထွက်နေရတာ နဲ့ ဒီနေရာက အပေါက်တွေ ဖောက်ထားရတာနဲ့... နတ်ဆိုးလေးလဲ လူငယ်ပါ.. လူငယ်မှ မိုက်လို့ကောင်းတဲ့ အရွယ် လူငယ်ပါ..။ ရင့်ကျက်နေတဲ့ လူငယ် မဟုတ်သေးပါဘူး..။ ကိုယ်ကိုယ်တိုင် လူငယ်တစ်ယောက် ဖြစ်နေတယ်.. ။ ဒါတွေကို အကောင်းမြင် မပေးနိုင်ဘူးလား..။ မေးစရာ ရှိပါတယ်..။ ဟုတ်ကဲ့ တော်ရုံပဲ ကောင်းပါတယ်..။ သရုပ်ပျက်လွန်းရင် နတ်ဆိုးလေးက အချင်းချင်းလဲ အမြင်ကတ်ဲ့ပါတယ် ..။ ဘယ်လို ကြည့်မရမှန်းကို မသိတာပါ..။ မိန်းကလေး နဲ့ ယောက်ျားလေး ကြားလို့မှ နားမချမ်းသာတဲ့ စကားလုံးများ ကို လဲ ဗန်းစကားလို့ နာမည်တပ်ပြီး ဖောဖောသီသီ သုံးနေကြပါတယ်.။ ကလပ်ဆိုတဲ့ နေရာမျိုးတွေမှာ လဲ မိန်းကလေးရော ယောက်ျားလေးရော အရွယ်ရောက်ပြီးသူရော အရွယ်မရောက်သေးသူများရော ရောက်နေကြတယ်..။ နောက်ပြီးတော့ အင်တာနက်ပါ.. နေ့စဉ်နဲ့ အမျှ အချိန်ပိုင်းအလုပ်လုပ်နေရတဲ့အတိုင်း အချိန်မှန် လာနေကြတယ်..။ အင်တာနက်ဆိုင်ကို..။ ဘာလုပ်ကြတာလဲ .. ဟုတ်ကဲ့ chatting ထိုင်တာပါခင်ဗျ..။
Gtalk လေးဖွင့် ဘောက်ဘောက် ဘလောက် ဘလောက် ဗြောင်း.. ဆို လက်ကွက် ခပ်မြန်မြန်လေး ရိုက်တတ်တာ ကြီးကို သူတို့က ဘ၀ ထင်နေကြတာလေ..။ ဒီကောင်က အင်တာနက် ငါ့ထက်ပိုကျွမ်းတယ်ကွ.. ဘာတွေလုပ်တတ်လို့လဲ.. လက်ကွက်ပိုမြန်လို့... အော်.. ဖြစ်မှ ဖြစ်ရလေ..။ ဟုတ်တော့လဲဟုတ်ပါတယ်.. သူတို့မှာက အင်တာနက်ဆိုတာ chatting ပဲ လို့သိထားကြတာကိုး..။ သိပ် နှမြော ဖို့ ကောင်းပါတယ်.အချိန်တွေ..။ Gtalk ပဲ လုပ်စရာရှိတော့.. Gtalk ရယ် Sign in ရယ် Sign out ရယ် ပြီးရင် သူတို့တတ်စရာက လက်ကွက်ပဲ ရှိတော့တာကိုးးး။ အကျိုးရှိတာလေးတွေတော့ လုပ်စေချင်တာပေါ့ဗျာ..။ ပြောရင်းနဲ့ ဘယ်တွေတောင် ရောက်သွားမှန်းမသိဘူး..။ ပြောချင်တာက လူမျိုးအကြောင်းပါ..။ မြန်မာမှာ ကိုယ်ပိုင် ယဉ်ကျေးမှု ရှိပါတယ်..။ နိုင်ငံတကာက လေးစားမြတ်နိုးခြင်း ခံရတဲ့.. ယဉ်ကျေးမှုကြီးတစ်ခုလုံး ပိုင်ဆိုင်ထားပါတယ်..။ ထိန်းသိမ်းဖို့က ကျွန်တော်တို့ လူငယ်တွေ လက်ထဲမှာပဲ ရှိနေတာ.. ဒီတိုင်းဆိုရင်တော့ မြန်မာ့ယဉ်ကျေးမှု ကြီး ပျောက်သွားတော့မှာလားဗျာ...။
နတ်ဆိုးလေး ၁၀ တန်းတုန်းက မှတ်ပုံတင်သွားလုပ်တော့ ဖတ်ခဲ့ရဖူးပါတယ်..။ မှတ်ပုံတင်ရုံးတွေမှာ.. မြေမျိုလို့ လူမျိုးမပြုတ်.. လူမျိုမှ လူမျိုးပြုတ်မည်.. ဆိုတာလေး ..။ ကဲ.. ယနေ့လူငယ်များ..နတ်ဆိုးလေးတော့ မြန်မာနိုင်ငံမှာ ထင်ပါတယ်..။

ပြောနေတာလဲ ကြီးကျယ်ရာ ရောက်ပါတယ်.. မလောက်လေး မလောက်စား ကောင်လေးက ကြီးကြီးကျယ်ကျယ် ရေးတယ် ဆိုပြီး ၀ိုင်းဟားမှာလဲစိုးရသေးတယ်..။ အထင်သေးတာတို့ ဘာတို့.. အထူးသဖြင့်တော့ နတ်ဆိုးလေးက blogger ပါး မ၀သေးတာပေါ့..။ ရေးချင်နေတာ ကြာပါပြီ... ။ စာဖတ်သူတွေဆီက ထွက်လာမယ့်အသံ တွေကို ရင်မဆိုင်ရဲသေးလို့.. စဉ်းစားနေလို့ပါ..။ ပဋိပက္ခတွေကိုလဲ နဲနဲ ကြောက်မိတာပါ..။ ခု အရဲစွန့်ပြီး တင်လိုက်တာပါ..။ စာဖတ်သူရဲ့ အသံကိုရင်တစ်ထိတ်ထိတ်နဲ့ စောင့်ကြည့်နေပါတယ်ခင်ဗျာ...။

အားလုံးကို လေးစားလျက်
....နတ်ဆိုးလေး........

မန္တလေးမြို့ ကျွန်ုပ်နေထိုင်ရာ. ရပ်ကွက်တွင် လျှပ်စစ်မီးများ ၂၄နာရီ လာနေသည်မှာ. ၂ရက်ရှိသွားပြီ ဖြစ်ကြောင်း.ထူးဆန်းအံ့သြဖွယ်ရာ တွေ့ရှိရကြောင်း ရပ်ကွက်နေ ပြည်သူများမှာ မယုံကြည်နိုင်အောင် ဖြစ်နေကြောင်း.. .. မီးပျက်လျှင်လဲ ၅ မိနစ်ဆိုသည်မှာ အကြာဆုံးဖြစ်ကြောင်း.. ထိုသို့ မီးလာနေသည်မှာ.. မည်သည့်အတွက်ကြောင့် လာနေသည်ကို မသိသေးကြောင်း.. စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း မြို့တွင်း မီဒီယာမှ
သတင်းထောက်အကျော် နတ်ဆိုးလေး.ထံမှ သိရှိရတာကို တင်ပြလိုက်ရပါတယ်ခင်ဗျာ...

အမှားပါတွားရင်ခွင့်လွှတ်ပါခင်ညာ...

လေးစားလျက်
နတ်ဆိုးလေး

ကိုနတ်ဆိုးလေး မင်္ဂလာပါ...
ဟုတ်ကဲ့ မင်္ဂလာပါဗျာ...

နတ်ဆိုးလေးက ဘယ်လို လူမျိုးလဲ...
လူတွေထဲမှာ လူဖြစ်နေပေမယ့် လူတွေကြားထဲ ကျင်လည်နေရတာကို စိတ်ပျက်နေတဲ့လူ
လူတွေ နဲ့ ရောနေရတာထက် တစ်ယောက်တည်း ဆေးလိပ်ထိုင်ဖွာနေရတာကို ပိုပြီးခုံမင်တဲ့လူ..

လူတွေနဲ့ မနေချင်ဘူးဆိုတော့ ဘယ်လိုနေရာမျိုးက နတ်ဆိုးလေးအတွက် အကောင်းဆုံးဖြစ်မလဲ..
လေတစ်ဟူးဟူးတိုက်နေတဲ့ မြစ်ရေကာတာ ထိပ်လိုမျိုးကို နှစ်သက်တယ်..
လူတွေနဲ့ မနေချင်ဘူးဆိုပေမယ့်. သူတို့ဘာသာရှိနေတာ ပြသနာ မဟုတ်ပါဘူး.. ကျွန်တော်နဲ့ ရှိမနေစေချင်တာပါ.. (မလိုအပ်ဘုးထင်တဲ့ အချိန်တွေမှ ပါ.. လိုအပ်ရင်တော့ နေပေးရတာပေါ့.. တစ်ဦးတစ်ယောက်တည်း အမြဲနေလို့မှ မရတာ....)

နတ်ဆိုးလေးရဲ့ကဗျာတွေက ဘယ်လိုခံစားပြီးရေးလဲ..
ဟုတ်ကဲ့... စိတ်ကူးထဲမှာ ကောင်မလေးတစ်ယောက်ကို ထည့်ပြီး ရင်ခုန်ပစ်လိုက်တာပါ..
ကြေကွဲချင်ရင် စိတ်ကူးထဲက ကောင်မလေးက ကျွန်တော့ကို ဖြတ်သွားတာမျိုး တွေးပစ်လိုက်တယ်..
ကြည်နူးချင်ရင် အဲကောင်မလေးနဲ့ လျှောက်လည်ပစ်လိုက်တယ်...
အတွေးထဲမှာဆိုတော့ လွပ်လပ်ပါတယ်... လျှောက်လည်လဲ နှောက်ယှက်မဲ့လူမရှိဘူး.... ရန်ဖြစ်လဲ ၀င်ဖြေရှင်း ပြန်တည့်အောင် လုပ်ပေးမယ့်လူမရှိဘူး..

အပြင်က ကောင်မလေးကို စိတ်ကူးထဲ ထည့်လိုက်တာလား...
မဟုတ်ပါဘူး.. အပြင်မှာ မရှိပါဘုး.. စိတ်ကူးထဲမှာပဲ... သူ့နာမည်က ထာဝရ တဲ့..

အော် ... ဒါဆို နတ်ဆိုးလေးက ရည်းစားမရှိဘူးပေါ့....။
ရည်းစားက ပေါပါတယ်.... ချစ်သူမရှိတာ.....

ဒါနဲ့ နတ်ဆိုးလေး ကျောင်းထွက်လိုက်တယ်ဆို.. ဘာလို့လဲ..။
အဲဒါက မိုက်မဲရာများ ကျမလားမသိဘူး.. ဘွဲ့ကို အထင်မကြီးလို့ဗျ.. ဘာမဟုတ်တဲ့ ဘွဲ့ကို ၃နှစ်တက်ပြီး ယူရမှာ မတန်ဘူးထင်လို့... ကျွန်တော် အရမ်းမိုက်တယ်လို့တော့ ပြောကြတယ်... အမေ့ဆန္ဒအတွက်
အဝေးသင်တော့ တက်မှာပါ...။

နတ်ဆိုးလေးရဲ့ လက်ရှိအခြေအနေကကော... အဆင်ပြေလား
အင်း ပြေပါတယ်... ငတ်ပြတ်မနေရင် ကျွန်တော့အတွက် အဆင်ပြေပါတယ်.. ဘာကိုမှ အပူအပင် မထားတတ်ဘူးဗျ..

အချစ်အပေါ် နတ်ဆိုးလေး ဘယ်လိုမြင်လဲ..
အချစ်ကို ပူလောင်တယ်.. အေးချမ်းတယ်.. ခါးတယ် .. ချိုတယ်.. အမျိုးမျိုး ဖွင့်ကြတာ.
ကျွန်တော်က အချစ်ကို ဖွင့်ဆိုတဲ့ အကောင်းဘက်က အဓိပ္ပါယ်သတ်မှတ်ချက် အားလုံးကို လက်ခံတယ်..
အချစ်က အ၇ာအားလုံး ကောင်းပါတယ်...

ရည်းစားတွေ ပေါတယ်ဆိုတော့ ချစ်ဖူးမှာပေါ့...။
ဟင့်အင်း.. ရည်းစားတွေကို မချစ်ဖူးပါဘူး... ထာဝရ ကိုပဲ ချစ်တယ်...

အချစ်က အရာအားလုံးကောင်းတယ်ဆိုပြိး ဘာလို့ မချစ်တာလဲ..
အချစ်ကို ယုံတယ်လေ... ချစ်ပါတယ်လို့ ပြောလာမယ့် လူတွေကို မယုံတာ..

မေးခွန်းအကြီးကြီး မေးလိုက်ဦးမယ်.. လောကကြီးကို နာကြည်း ဖူးသလား..
ဟင့်အင်း မနာကြည်းဖူးပါဘူး... တစ်ခုပဲ... လောကကြီးက သူ "က" တာ လောလွန်းတယ်.. လိုက်မမီဘုး...

တိုးတက်နေတဲ့ ခေတ်ကြီးကရော နတ်ဆိုးလေးကို ဘယ်လိုတွန်းအား မျိုးပေးနေသလဲ..
ခေတ်ကြီးတိုးတက်တာကို ကြိုက်ပါတယ်.. တိုးတက်ချင်သလောက်တိုးတက်ပါစေ.. အမီ လိုက်မှာပါ..
(မီမီ မမီမီ လိုက်တာကတော့ လိုက်မှာပါ..)

မမီခဲ့ရင်ကော စိတ်ပျက်အားငယ်တာတွေ ဖြစ်လာနိုင်သလား..
မဖြစ်နိုင်ပါဘူး... အစကတည်းက မီမယ်လို့မှ ထင်မထားတာ ... စောစောက ပြောသလိုပဲ
လောကကြီး က "က" တာ လောတယ်လေ..။

ဟုတ်ပါပြီ... နောက်ဆုံး မေးခွန်းကတော့..
သေဖို့ ငါးမိနစ် ပဲ လိုတော့တယ်ဆိုရင် ဘာလုပ်မှာလဲ..
အဲဒီအချိန်မှာ လုပ်နေတဲ့ အလုပ်ကိုပဲ ဆက်လုပ်နေမိမှာပါ... ကြိုသိနေရရင်တော့ တစ်မျိုးပေါ့...

အဲ .. ဟုတ်တယ်.. ကြိုသိနေရရင်ကော....
မရောင့်တက်နဲ့လေ... စောစောက မေးခွန်းက နောက်ဆုံးမေးခွန်းလို့ ပြောထားတယ်လေ...


နတ်ဆိုးလေး ကိုယ်တိုင်မေးပြီး နတ်ဆိုးလေးကိုယ်တိုင် ခပ်တည်တည်ဖြင့် ပြန်ဖြေထားပါသည်...။

နတ်ဆိုးလေးရဲ့ ပုံမကျ ပန်းမကျ အယူဝါဒ များကို စိတ်ရှိလက်ရှိ ဝေဖန်သွားကြပါခင်ဗျာ


အားလုံးကို လေးစားလျက်
...နတ်ဆိုးလေး....

သဲထဲရေသွန်

Posted by နတ်ဆိုးလေး On Sunday, May 23, 2010 4 ယောက်ရဲ့ စကားသံတွေ

ကြားဖူးတာလေး ပြောပြမနော်..။ ဟုတ်တယ် မဟုတ်ဘူး ဆိုတာကတော့ သမိုင်းပညာရှင်တွေမှ သိလိမ့်မယ်..။ ဟုတ်ဟုတ်မဟုတ်ဟုတ် နတ်ဆိုးလေးတို့ကတော့ ရေးမှာပဲ..။ ဟုတ်ရင် ရာဇ၀င်ပေါ့.. ။ မဟုတ်ရင် ပုံပြင်ပေါ့..။ ဟုတ်ဘူးလားလို့..။ ကြိုက်လွန်းလို့ပါခင်ဗျ..။

ပုဂံခေတ်တုန်းကတဲ့ဗျ...။ အနော်ရထာမင်းကြီးက သူရဲကောင်းရှာပုံတော် ဖွင့်နေချိန်တဲ့..။ မင်းတြားကြီးဟာ မထင်မရှား အသွင်နဲ့ တိုင်းပြည်ထဲ လှည့်လည်ပါသတဲ့..။ အဲ ညောင်ဦးကမ်းပါးကို ရောက်တယ်ဆိုရင်ပဲ ... မင်းတြားကြီးက မျက်လုံးတွေပြူး နှုတ်ခမ်းမွှေးထောင် လောက်အောင် အံ့သြဖို့ကောင်းတဲ့ မြင်ကွင်းတစ်ခု မြင်လိုက်ရပါသတဲ့...။ ဘာလဲဆိုတော့ ညောင်ဦးကမ်းပါးထိပ်မှာ လူတစ်ယောက်ဟာ လက်နှစ်ဖက်မိုးပေါ်မြှောက် ရှူးရှဲ..... ဆို အသက်ပြင်းပြင်းရှူလိုက်ပြီးတော့ ၀ုန်းဆို မြစ်ထဲ ခုန်ချသွားပါတယ်ခင်ဗျ...။ အနော်ရထာမင်းကြီး အံ့အားတွေသင့်ပြီး မမှိတ်မသုန် လိုက်ကြည့် နေတုန်းမှာ စောစောက လူက မြစ်ကြီးကို ကန့်လန့်ဖြတ် ကူးနေပါတယ်ခင်ဗျ...။ ဟိုးတစ်ဖက်ကမ်းထိရောက်တယ်။။။ အဲဒီဘက်က ကမ်းပါးပေါ်တစ်ရှိန်ထိုးပြေးတက်..... အဲဒီကမ်းပါးပေါ်ကနေ လွှားကနဲ ပြေးဆင်း ဒီဘက် ညောင်ဦးဘက်ကို ပြန်ကူးလာတယ်ခင်ဗျ....။ မထင်မရှားအသွင်ဆောင်ထားတဲ့ အနော်ရထာမင်းကြီးကတော့ ဟိုးဘက်ကမ်းက သေးသေးကွေးကွေးလေးပဲ မြင်နေရတဲ့ အဲဒီလူကို အံ့သြတစ်ကြီး ကြည့်နေတုန်းပါပဲ...။ အဲဒီလိုနဲ့................

အဲဒီလိုနဲ့...
ဟိုဘက်ကမ်းက ပြန်ကူးလာတဲ့ လူက ညောင်ဦးကမ်းပါးထိပ်ကို ပြေးတက်လာတယ်ခင်ဗျ...။ အနော်ရထာမင်းကြီးက ကြောင်ကြောင်ကြီး ရပ်ကြည့်နေရင်းကနေ အဲဒီလူဆီပြေးသွားပြီးတော့ ကမ်းပါးထိပ် ရောက်လု ရောက်ခင်မှာ လက်တစ်ဖက် ကမ်းပေးလိုက်တယ်...။ မင်းတြားကြီးက သူ့လက်ကိုဆွဲတက် ပါစေတော့ဆိုတဲ့ စေတနာနဲ့ပါ..။


မောကြီးပန်းကြီး ဟောဟဲလိုက်အောင် ပြေးတက်လာတဲ့ လုက သူ့ဆီကမ်းလာတဲ့ လက်ပိုင်ရှင်ကို တစ်ချက်မော့ကြည့်တယ်... နောက်ပြီး ကမ်းထားတဲလက်ကို ဖျန်းကနဲ ရိုက်ပြီး ပုတ်ထုတ်လိုက်တယ်... နောက်ပြီး ကမ်းပါးထိပ်ရောက်အောင် သူ့ဘာသူ ရအောင်တက်ပြီး.... ကမ်းပါးထိပ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်တယ်..။

ဒီတော့ သူ့လက်ကို မဆွဲယူတာဘာလို့ပါလိမ့် .. တွေးနေတဲ့ မထင်မရှားအသွင်နဲ့ မင်းတြားကြီးက အဲဒီလူဘေးမှာသွားထိုင်လိုက်တယ်..။

မောင်ရင် ကျုပ်ဆွဲခေါ်တာကို ဘာလို့ ငြင်းပယ်လိုက်တာလဲ.... လို့ အနားတိုး မေးလိုက်တယ်........

အဲဒီလူက ပြန်ပြောလိုက်တဲ့စကား...ကတော့


ခင်ဗျားကမ်းလိုက်တဲ့လက်ကိုသာ ကျုပ် ဆွဲယူပြီး တက်လိုက်ရင် ဒီဘက်ကမ်းကနေ ဟိုဘက်ကမ်း ဟိုဘက်ကမ်းကနေ ဒီဘက်ကမ်း ကျုပ်ကူးလာ သမျှ ဟာ ခင်ဗျား ကမ်းပေးလိုက်တဲ့ လက်ထဲမှာ အကုန်ပျောက်ဆုံးပြီး သဲထဲရေသွန် ဖြစ်သွားမှာပေါ့ဗျ........... တဲ့


ကဲ ပုံပြင်လေးကတော့ ဒါပါပဲ (သို့) ရာဇ၀င်လေးကတော့ ဒါပါပဲ..
စာဖတ်နေတဲ့ ဘော်ဒါတို့ရော


ကိုယ့်လုပ်ရပ်ဆုံးခန်းတိုင်ခါနီးမှ အခြားတစ်ယောက်က နာမည်ကောင်းဝင်ယူလိုက်တာကိုခံရဖူးပါသလား..???
့ဒါမှမဟုတ်
သူများလုပ်ရပ် ဆုံးခန်းတိုင်ခါနီးမှ ကိုယ်က နာမည်ကောင်း ၀င်ယူဖူးပါသလား.....????

အားလုံးကိုလေးစားလျက်
......နတ်ဆိုးလေး...........



စာကြွင်း။ ။ နောင်တစ်ချိန်တွင် အနော်ရထာမင်းနှင့်တွေ့ခဲ့သော ထိုသူသည် ညောင်ဦးဖီး ဟူသော သူရဲကောင်းဖြစ်လာပါသတဲ့ခင်ညာ

တစ်ခါက ရပ်ကွက်တစ်ခုမှာ လင်မယားနှစ်ယောက်ရှိသတဲ့..။ ကိုဖိုးတိုးနဲ့ မကြည်ပြာတဲ့ဗျ...။ အဲဒီလင်မယားနှစ်ယောက်ဟာ ငယ်ရွယ်စဉ် ချိန်တုန်းက ချစ်ကြကြိုက်ကြလို့ လက်ထပ်ထားကြတဲ့ လင်မယား ဆိုတော့ တစ်ယောက် ငြိုငြင်မှာ တစ်ယောက်ကစိုး.. တစ်ယောက် အကျိုးတစ်ယောက်ဆောင် . တစ်ယောက်အကြိုက် တစ်ယောက်လိုက်လာကြတာ အိမ်ထောင်သက် ၂၅နှစ် ရောက်တဲ့ အထိ စကားများတာ ရန်ဖြစ်တာတွေ ရှိဘူး ဆိုပဲ..။ ရက်ကွက်ထဲမှာ ကိုဖိုးတိုးနဲ့ မကြည်ပြာတို့ကတော့ စံပြ အတွဲလေးပေါ့ဗျာ..။ အခြားလင်မယားတွေ ရန်ဖြစ်ကြပြီဆို ဆွေမျိုးတွေက ၀ိုင်းဆွဲပြီး ပါးစပ်ပေါက်တိုင်းက

" ဖိုးတိုး ကြည်ပြာ လင်မယားနဲ့တော့ကွာပါ့ကွာ" ...
"ဖိုးတိုးတို့ကြည်ပြာတို့လို သင့်သင့်မြတ်မြတ် နေကြစမ်းပါ.." နဲ့.. ဟော.

ဘယ်လောက် ဂုဏ်ယူစရာကောင်းလိုက်သလဲ..။ သူတို့ကိုယ်သူတို့လဲ စံပြလင်မယား ဖြစ်ရတာကို ဂုဏ်ယူလို့ မဆုံးဘူး.ပေါ့..။ အဲ... ဒီလိုနဲ့... တစ်နေ့ကြတော့ ဘယ်ကနေဘယ်လို စကားစပ်မိလို့ လဲ မသိပါဘူး...။ ယောက်ျားလုပ်တဲ့ ကိုဖိုးတိုးက ဘာထပြောတယ်မှတ်သလဲ...။

"ကြက်မ တွန်လို့ မိုးမလင်းပါဘူးကွာ.." တဲ့..။

ဒါကို မိန်းမလုပ်တဲ့ မကြည်ပြာ က ပြန် အတွန့်တက်တယ်ခင်ဗျ..။

"ကိုဖိုးတိုးရှင်မှားနေပြီတဲ့.. ကြက်ဖ တွန်လို့ မိုးမလင်းတာ တဲ့.. ကြက်မ တွန်မှ လင်းတာ" တဲ့ဗျ..။

ကိုဖိုးတိုးက မျက်မှောင်ကြီးကျုံ့ပြီး တစ်ချက်စဉ်းစားရင်းနဲ့ ကမန်းကတန်း ပြန်လည် ချေပတယ်ခင်ဗျ..။

" အာ... ဘယ်ကလာ ငါ့မိန်မ တယ် ပိန်းတာကိုး.... ကြက်ဖ တွန်မှ လင်းတာ ကြက်မ တွန်ရင် မလင်းဘူး.. မှတ်ထား.. ငါမှတ်ထားတာ ဟုတ်ပါတယ်.ကွ.." တဲ့

စပြီ..။ စပြီ..။မကြည်ပြာ ပြန်ပြောတော့မယ်..။ သူကလဲ သူသိတာပြောတာပဲ..။ သူ့ အမြင် သူ့ အထင်ကို နဲနဲ လေးမှ သေးသေးတင်မခံဘူး..။

"မဟုတ်ဘူး ကိုဖိုးတိုး ရှင်မှားတာ ကျွန်မ သိတာ မှန်တယ်.. ကြက်မတွန်မှ လင်းတာ ကြက်ဖတွန်ရင် မလင်းဘူး...။" ...တဲ့...ကိုင်း...။

ဘယ့်နှယ်လုပ်ကြပါ့မယ်..။ ကိုဖိုးတိုးက လဲ သူ့ အမြင်ကို ဖက်တွယ်ထားတယ်..။ မကြည်ပြာ ကလဲ ဒါဆိုဒါပဲ.. သူ့အထင်ကို ကျစ်နေအောင် ဆုပ်ကိုင်ထားတယ်...။

ကြက်ဖတွန်လို့ မိုးလင်းတာကွ............
အို....ကြက်မ တွန်မှ လင်းတာပါရှင်....

ဟ.. ကြက်မ တွန်လို့ မိုးမလင်းဘူးကွ....

ဘာရှင့် ကြက်ဖ တွန်လို့ မိုးမလင်းတာပဲ ကြားဘူးတယ်..

သွားပြီ... တစ်စ တစ်စနဲ့ ပြသနာက ကြီးလာပြီ..။ ငြင်းတာ ခုန်တာ နဲနဲ အသံကျယ်လာပြီ...။ ဘေးအိမ်တွေက ခေါင်းထောင်ကြည့်ကုန်ပြီ..။ ဟုတ်တယ်လေ.. ကြည့်မှာပဲ..။ သူတို့က တစ်ခါမှ မှ စကားအချေအတင် မဖြစ်ဖူးတော့ ထူးတော့ထူးဆန်းနေတယ်ဆို ပြီး.. အိမ်ရှေ့ရစ်သီ ရစ်သီလာလုပ် နေတဲ့ သူတောင် တစ်ယောက်စ နှစ်ယောက်စ ရှိနေပြီ..။ အိမ်ထဲမှာတော့ စကားစစ်ထိုးနေတုန်း..။

ကြက်မတွန်လို့ မလင်းဘူး။...

ကြက်ဖတွန်လို့ မလင်းတာတော့..။

ဟေ့ ဒီမိန်းမ ပြောမရဘူး... ကြက်မတွန်လို့ ဘယ်လိုလုပ်မိုးလင်းမှာလဲ...

ရှင် ပိန်းတာ ကျ မပြောဘူး.. ကြက်ဖ တွေတွန်တာ ဘယ်လိုလုပ် မိုးလင်းမှာလဲ..

အာ ဒီမိန်းမ ပေါက်ကရတွေကွာ ကိုင်းဟာ .. ကြက်မ တွန်လို့ လင်းချင်ဦး..။

ဟင် ရှင် လက်မပါနဲ့နော် .. လင်းတယ်လင်းတယ် ကြက်မ တွန်မှ လင်းတယ်.. ဘာဖြစ်လဲ...။

ဒါဖြစ်တယ်ကွာ....ကိုင်း...

ပလေးကုန်ပြီ ..။ အိမ်ရှေ့မှာလဲ လူတွေ ၀ိုင်းအုံနေပြီ..။ အဲဒီထဲက လူကြီးပိုင်း နှစ်ယောက် သုံးယောက် တက်သွားပြီး.. ၀ိုင်းဆွဲရတာပေါ့...။ အဲဒီလိုနဲ့ ရန်ပွဲက ပြီးသွားပေမယ့်.. လင်မယားနှစ်ယောက်က သူတို့ အယူတွေကို ဆုပ်ကိုင်ထားဆဲပဲတဲ့..။

"လာဆွဲလို့ စိတ်လျှော့တာနော်... ငါကတော့ ကြက်ဖ တွန်လို့ မိုးလင်းတာ .. ဒါပဲ"

" အို... ရှင်ဘာရှင် လာဆွဲလို့ပဲ လျှော့လျှော့ ဘာလို့ပဲ လျှော့လျှော့ ကျုပ်ကတော့ ကြက်မ တွန်မှ လင်းတာပဲ"

ဒီလိုနဲ့ ရက်ကွက်လူကြီးတွေ ၀ိုင်းဆွဲထားပေမယ့်.. ပါးစပ်ကို ပိတ်ထားလို့ မရတော့ ပွစိပွစိ နဲ့ ငြင်းနေကြတုန်းပဲ...။ အိမ်နီးချင်းတွေထဲက တစ်ယောက်က

" ဒီလိုလုပ်ပါလား ကိုဖိုးတိုးတို့ ပြသနာကို ကိုဖိုးတိုးတို့ အိမ် ဆွမ်းခံကြွတဲ့ ဦးပဇင်းကို လျှောက်ကြည့်ပါလား..။ ဦးပဇင်းက သိမှာပေါ့.." တဲ့။။

အာ. ကောင်းတယ်..။ လင်မယားနှစ်ယောက်လုံး အဲဒီ အကြံညာဏ်ကို လက်ခံလိုက်တယ်... ။ ကိုဖိုးတိုးလဲ လုပ်စရာရှိတာ ဆက်လုပ်.. မကြည်ပြာလဲ ချက်ပြုတ်နေတဲ့ ထမင်းဟင်းကို ဆက်ပြီး ချက်ပြုတ်နေရင်း ဦးပဇင်း ဆွမ်းခံ အကြွကို စောင့်နေကြလေရဲ့...။
ဒီလိုနဲ့ ဦးပဇင်း ကြွ လာတော့ ဆွမ်းတွေ ဘာတွေ လောင်းလှူပြီး.. လင်မယားနှစ်ယောက်လုံး ဦးပဇင်း ခြေရင်းနား ကုပ်ကုပ်လေးတွေထိုင် ၀တ်ပြုရင်းနဲ့ မေးလျှောက်လိုက်ကြတယ်..။

"ဦးပဇင်းဘုရား တစ်ပည့်တော်က ကြက်မ တွန်လို့ မိုးမလင်းဘူး.. လို့ ပြောတာကို တပည့်တော့်ဇနီးက လက်မခံဘူး ဘုရား..။ ကြက်မ တွန်မှ လင်းရမယ်လို့ ဖြစ်နေတယ်.. အဲဒါ ဖြေရှင်းပေးပါဦးဘုရား.."


ဆိုတော့ ဦးပဇင်းက မေးလေး ပွတ်ကာ ပွတ်ကာနဲ့ ... ပါးစပ်ကလဲ ကြက်ဖ.. ကြက်မ နဲ့ တစ်လှည့်စီ ရေရွတ် ရင်း စဉ်းစားနေလေရဲ့.....။ အတန်ကြာကာမှ မျက်မှောင်ကျုံ့စဉ်းစားနေရာကနေ မိန့်မိန့်ကြီး ပြုံးချလိုက်တယ်...။

" ဒကာတို့က .... အလုပ်မဟုတ်တာ လုပ်ပြီး မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြတာကိုး... "
လို့ ပြောလိုက်တော့ လင်မယားနှစ်ယောက် ခေါင်းထောင်သွားတယ်..။

"ရှင်းပါဦးဘုရား..." ပေါ့... ။

အဲတော့ ဦးပဇင်းက ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့
" အိမ်း.... တစ်ကယ်တော့ ဒကာတို့ ဒကာမ တို့ရဲ့ .... ကြက်ဖတွန်လို့ မိုးလင်းတာလဲ မဟုတ်ဘူး...
ကြက်မ တွန်လို့ မိုးလင်းတာလဲ မဟုတ်ဘူး... ကဲကဲ ဒကာနဲ့ ဒကာမ.. သေသေချာချာမှတ်....
ကြက်တွန်လို့မိုးလင်းတာမဟုတ်ဘူး .... မိုးလင်းလို့ ကြက်တွန်တာပါ......" တဲ့....



ကဲ ပုံပြင်လေးကတော့ ဒါပါပဲ..။ စာဖတ်သူ ဘော်ဒါများရော....
ဘော်ဒါတို့ရဲ့ ဘ၀ မှာ
အရေးမဟုတ်တာ အရေးလုပ်မိတာတို့
အလုပ်မရှိ ပဲနဲ့ဆန်နဲ့ ရောတဲ့ အဖြစ်တို့
ကြမ်းပိုး လှံထမ်းဖမ်းတာ တို့.....
ခြင်ကို ခါးထောင်းကြိုက်ပြိး သတ်တာတို့

ပြုလုပ်ခဲ့ဘူးပါသလား....??????????????




အားလုံးကိုလေးစားလျက်
....နတ်ဆိုးလေး.......

Bot နှင့် English skill

Posted by နတ်ဆိုးလေး On Saturday, May 22, 2010 3 ယောက်ရဲ့ စကားသံတွေ

ကျွန်တော် နှစ်သက်မိလို့ တင်ပြလိုက်ပါတယ်..။ အွန်လိုင်းမှာ သူငယ်ချင်း မရှိလို့ ပျင်းနေပါတယ်ဆိုတဲ့ သူတွေအတွက်ပါ..။ Gtalk လေးဖွင့်လိုက်တယ်.. သူငယ်ချင်းလဲ တစ်ယောက်မှ မရှိဘူး.. စိတ်မညစ်ပါနဲ့..။ စက်ရုပ်တွေနဲ့ စကားပြောကြည့်ပါ့လား...။ ယောက်ျားလေးနဲ့လဲ ပြောလို့ ရတယ်. မိန်းကလေးနဲ့လဲ ပြောလို့ရတယ်.. ။ အင်္ဂလိပ်လိုပဲ ပြောလို့ ရပါတယ်..။ မြန်မာလို မရဘူး.. မြန်ဂလိ လဲ မရဘူး..။ Broken English တောင် မရပါဘူး..။ ကိုယ်က ပြောလိုက်ရင် သူက စာနဲ့ရော အသံနဲ့ရော ပြန်ပြောတာဆိုတော့ English လေ့လာသူတွေအတွက်လဲ ကောင်းပါတယ်.။ Reading skill ရော Speaking skill ရော လေ့ကျင့်နိုင်မှာပါခင်ဗျာ..။ အဲဒီ စက်ရုက်လေးတွေက mouse ရွှေ့တဲ့နေရာတွေကိုလဲ လိုက်ကြည့်တတ်သေးသဗျ...။ ပြီးတော့ မနေ့က ပြောခဲ့တဲ့အကြောင်းကို ဒီနေ့ပြန်မေးလို့ ရတယ်ဗျ..။ အဲဒီတော့ အပျင်းပြေပဲ ဖြစ်ဖြစ် အင်္ဂလိပ် စာလေ့လာချင်လို့ပဲဖြစ်ဖြစ် အရမ်းကောင်းတဲ့ စက်ရုပ်လေးတွေပါ..။ စမ်းကြည့်လိုက်ကြပါခင်ညာ...။

ယောကျာ်းလေးစက်ရုပ်နဲ့ပြောမဲ့ မမတွေ ဒီမှာနှိပ်

မိန်းကလေးစက်ရုပ်နဲ့ပြောမယ့် ကိုကိုတွေ ဒီမှာနှိပ်



အားလုံးကိုလေးစားလျက်
........နတ်ဆိုးလေး............

မှီထား....
ငါ့ပုခုံးကို မှီထား
မင်း ခါးလေးကို ငါဖက်ထားတယ်..။

ကြယ်တွေလှတာ
ဒီည ပိုပြီး ခမ်းနားတယ်..
မင်းရှိတဲ့နေရာ မင်းကမ္ဘာပဲ..။

ငါပါတဲ့ မင်းဘဝ
မလှရင်ပြော..
မင်းသဘောအတိုင်း ဆေးခြယ်ပေးမယ်..။

မင်းနှုတ်ဖျားက ရေရွတ်သမျှ
ငါ့အတွက် ကဗျာချည်းပဲ
သဲသဲကွဲကွဲ ခံစားဖို့ နှလုံးသားတော့လိုမယ်..။

ရင်ဘတ်ချင်း အနီးဆုံးဖြစ်အောင် ဖက်တွယ်ထား
တော်တော်ကြာ လမင်းကြားရင်
ငါတို့ရင်ခုန်သံကို မနာလိုဖြစ်နေဦးမယ်..။

ချစ်တယ်လို့ ငါပြောရင် ပြန်မေးခွန်းမထုတ်နဲ့
ချစ်လို့ ချစ်တာကွာ...
ချစ်တာဟာ ချစ်လို့ပဲ....။

မရှက်နဲ့........သဲ
မျက်လုံးလေးတွေ မှေးထား..
မင်းနှုတ်ဖျားက ကမ္ဘာမှာ အချိုဆုံး.....။



........နတ်ဆိုးလေး.............

လျှောက်.. လျှောက် ရဲရဲ လျှောက် သားကြီး
ရှေ့တည့်တည့်က အဲဒါ မင်းရဲ့လမ်း
ကမ်းလက်တွေ .. ဟိုး... တစ်ဖက်မှာ .. တွေ့လား..။

ကြားဘူးတဲ့ စကားပုံ ရှိတယ်...
စိုက် သလောက်ပဲ ရိတ်ရမယ်တဲ့..
(အဲဒီတော့ သားကြီး) များများရိတ်ချင်ရင် များများစိုက်ပေါ့ကွာ..။

ဘာတွေ မင်းစဉ်းစားနေတာလဲ..
သဲသဲမဲမဲ မင်းပြေးတဲ့လမ်းက အဲဒီမှာ ဆုံးတာ
ဒါ တစ်ခုတည်းသော ပန်းတိုင်ပဲ သားကြီး..။

နားလည်တယ် ငါ့ကောင်..
မင်းက လမင်းမဟုတ်ဘူး သိတယ်..
ကိစ္စမရှိဘူး.. မင်း အလင်းပေးချင်ရင် ရတယ်..။

တစ်ခုတော့ရှိတယ်.. သားကြီး
ဝေဖန်မယ့် ပါးစပ်တွေရှိတယ်..အိရောင်ဝါး လုပ်ချင်ယုံနဲ့တော့
ကောင်းကင်ပေါ် တက်တက် မကနဲ့...(နှပ်ပစ်ခံရမယ်)

မင်းကောင်းရင် မင်းရဲ့ခေါင်းက
မင်းပုခုံးတွေကြားပဲ နေမှာပါ..
မင်း ရင်ဘတ်ထဲက စကားတွေက မင်းကမ္ဘာပဲ..။

တွဲခေါ်မယ့် ရောင်းရင်းတွေက ...
မင်းရဲ့ အသံကို နားထောင်နေတယ်.
ကဲ... ပြော.. မင်းခု ဘာလုပ်မှာလဲ..။

မင်းကိုယ်မင်း ပုံတူပွားပစ်လိုက်..
ပြီးတော့ မင်းရဲ့ ဆန္ဒရှိတဲ့သူုတွေကို
လိုလိုချင်ချင် ချပြလိုက်..။

မင်း .. ပေးရင် ပေးသလောက်
မင်း ... ပေးတဲ့တန်ဖိုး အထိုက်အလျောက်
မင်း စေတနာ အလျောက်......
ရောက်မှာ သေချာပါတယ်.....
လျှောက် သာလျှောက် ငါ့ကောင်.....။


တစ်ခုပဲ မင်းဘာကိုမျှော်လင့်တာလဲ...
ပီတိကိုစားချင်တာဆိုရင်တော့.........
မင်းအတွက် အလျှံအပယ် ရမှာပါ..။


ကဲ..............................
ခု ................စလျှောက်တော့လေ..
(ရှေ့က) မင်းလျှောက်ဖို့ မင်းရဲ့ လမ်း...........။


...........နတ်ဆိုးလေး.................

ဒီချိန်ဆို မင်းလာရတော့မှာ ဘာလို့ မလာသေးတာလဲ.။. မင်းကို မျှော်တဲ့လူတွေကို မင်း ဥပက္ခာ ပြုရက်တယ်နော်..။ တကယ်ဆိုမင်းဟာ ငါ့နားမှာ အမြဲတမ်းရှိနေသင့်တာ..။ ဒါပေမယ့် မင်းက ငါ့ဆီကို အချိန်အကန့်အသတ်နဲ့ ရောက်လာတယ်..။ ငါ နားလည်ပေးပါတယ်..။ မင်းမရှိတဲ့ အချိန်တွေမှာ ငါ အောင့်အီးသည်းခံနေနိုင်ခဲ့တယ်..။ မင်း ဘက်က ဘာအခက်အခဲရှိလို့လဲဆိုတာ ငါ မမေးဘူး..။ ငါ မင်းရှိမှ ပြည့်စုံတယ်ဆိုတာ မင်း မသိတာမဟုတ်ဘူး.. သိသိရက်နဲ့ကွာ မင်းမို့လို့ နေနိုင်တယ်...။ ထား.....။ အဲဒါကိုထားလိုက် ပါဦး..။ မင်း ခု လာမယ်ပြောပြီး မလာဘူး.။. ဘာလဲ အဲဒါ ဘာလဲ..။ မင်းက ငါ့ကို ညှဉ်းနှိပ်စက်နေတာလား..။ ငါ တောင်းပန်ပါတယ်..။ မင်း ငါ့နားမှ အမြဲမရှိတာကို ခွင့်လွှတ်ပြီး မင်း လာမယ်ဆိုတဲ့ အချိန်လေးတွေမှာ ငါ မှောက်မိုက်စွာ ထိုင်စောင့်နေခဲ့တယ်..။ ငါ ဆာလောင်စွာ ထိုင်စောင့်နေခဲ့တယ်..။ ငါ အိုက်စပ်စပ် ယပ်တောင် တစ်ဖျပ်ဖျပ်နဲ့ ထိုင်စောင့်နေခဲ့တယ်..။ လာပါတော့ကွယ်..။ မင်းမလာ မချင်း ငါ စာတွေ ရေးလို့ ရမှာ မဟုတ်ဘူး..။ မင်းမလာမချင်း ထမင်းစားရမှာမဟုတ်ဘူး.။ မင်းမလာမချင်း ငါ ရေချိုးရမှာ မဟုတ်ဘူး..။ အဲကွန်းလဲ ဖွင့်ရမှာ မဟုတ်ဘူး..။
ရာသီဥတုက ပူပါဘိနဲ့... ။ လာပါတော့ ..နော်.. လာပါတော့..။ မနက်က ငါးနာရီ ပျက်သွားတာဆိုတော့
ညနေ ငါးနာရီ ပြန်လာရမှာ ..။ ဘာလို့ မလာသေးတာလဲ..။ ငါ စိတ်က မရှည်ချင်တော့ဘူး..။
အဲဒီ သောက်ရေးမပါတဲ့ လျှပ်စစ်မီး နဲ့တော့ ခက်ပြီ....။ :P

နတ်ဆိုးလေး ဗဟုသုတ ဖြစ်စေမယ့် ပို့စ်တွေ စရေးပါတော့မယ် .. ဘာမှ သိထားတဲကောင်တော့ မဟုတ်ဘူး.။
ဟိုစပ်စပ် ဒီစပ်စပ်နဲ့ တို့ကနန်း ဆိတ်ကနန်း သိထားတာလေးတွေကို ပြန်ပြီး Share လုပ်တာပါ..။ ရေးတာတွေ အမှားပါရင် သိတဲ့ တတ်တဲ့လူများ အားမနာပါနဲ့...။ နတ်ဆိုးလေးရေ... ဒါလေးတော့ မှားနေပြီကွ..။ ဒါလေးကတော့ လိုနေတယ်ကွ..။ ဒါကတော့ မသင့်တော်ဘူးကွ...။ စသဖြင့် စသဖြင့် ဝေဖန်ပါ...။ ထောက်ပြပါ..။ အကြံပေးပါ..လို့ ပြောလိုက် ပါရစေ..။ ခုတင်ပြပေးမှာက တော့ ကိုယ့်ရဲ့ ဘလော့ဂ်မှာ အလှဆင်နိုင်ဖို့ လှုပ်ရှားပြေးလွားနေတဲ့ စာလုံးလေးတွေ ပြုလုပ်နည်းလေး တွေပဲ ဖြစ်ပါတယ်..။ သင်တန်းဆရာတစ်ယောက်ကို လက်ဖက်ရည်တိုက်ပြီး မေးထားတာပါခင်ညာ..။ :P

ဒီ Effect တွေကို လုပ်မယ်ဆိုရင် Blogger...> Dashboard....> Layout....> Add a Gadget..> Html/javascript ထဲကို ၀င်ပြီး code တွေကို ကူးထည့်ပေးရမှာ ဖြစ်ပါတယ်..။

အောက်မှာ လေ့လာလိုက်ကြရအောင်..။

အထက်အောက်ပြေးမယ်






ဒါလေးက ထက်အောက်ပြေးတာ ပါ။ သူ့ကို လိုချင်ရင်တော့ အောက်က ကုတ်ပါ..။

<marquee direction="up" behavior="alternate"> ပြေးချင်တဲ့စာဒီမှာရေး </marquee>

============================================================


နောက်တစ်ခု..

zig zag ပြေးမယ်
ဒါက zigzag Maquee လေးပါ။ လိုချင်ရင် အောက်မှာ code ပါခင်ဗျာ..။

<marquee behavior="alternate" direction="up" width="80%"><marquee direction="right" behavior="alternate">
ပြေးချင်တဲ့စာ ဒီမှာရေး </marquee></marquee>
==========================================================



နောက်တစ်ခုက နှစ်ကြောင်းခွဲ ပြေးတယ်ခင်ဗျ..။

ဒီလိုလေးလေ...
ဒီလိုလေး...





အဲဒါကိုလိုချင်ရင် ဒီမှာဗျာ..။

<marquee behavior="alternate" direction="up" height="80" scrollamount="2" scrolldelay="65"><center>အပေါ်ကစာ
ဒီမှာ အောက်ကစာ</center></marquee>
====================================================



နောက်တစ်ခုကတော့ ဘယ်လိုပြေးတယ်လို့ ပြောရမလဲ..။

ဒီမှာ ဒီမှာ ဒီလိုပြေးတာ..;


အဲ.. အဲ အဲလိုလေးပြေးချင်ရင် အောက်မှာ ယူခင်ဗျ။

<marquee behavior="alternate"><marquee width="150"> ဒီမှာစာရေးနော် </marquee></marquee>;


=========================================================


နောက်တစ်မျိုးရှိသေးတယ်..။ ကြည့်ကြည့် ပါဦး

သူကဘောင်ခတ်ပြီးပြေးတာ



အဲဒါက ဒီမှာယူ..။

<marquee style="border:BLUE 2px SOLID">ဒီမှာ စာရေးနော်</marquee>

============================================================

နောက်ဆုံးတစ်ခု ရှိသေးတယ်..။ ဒါပြီးရင်ကုန်ပြီ..။

Back ground နဲ့ပြေးတာ

ဘက်ဂရောင်းနဲ့ ပြေးချင်ရင်တော့ ဒီမှာယူဗျာ...။

<font color="#FFFFFF"><marquee direction="left" style="background:BLUE">ဒီမှာစာရေးပေးပါ</marquee></font>

==========================================================


ကဲ အဲဒါပါပဲ ခင်ဗျာ... ။ ဒါထက် အများကြီးရေးချင်ပေမယ့် ဆရာက မင်းတိုက်တဲ့လက်ဖက်ရည် ဒီလောက်ပဲတန်တယ် ဆိုပြီး ဆက်မပြောတော့ဘူုးဗျ..။ ဟီးဟီး..။ နောက်မှပဲ တစ်ယောက်ယောက်ကို လက်ဖက်ရည်တိုက်ပြီးရင် ထပ်ပြီး Share ပါဦးမယ်..။
သဘောကျရင် လက်ဖက်ရည် လိုက်တိုက်ရအောင် စာမူခလေးတွေ ပေးခဲ့ပါနော်..။

အားလုံးကို လေးစားလျက်...
.........နတ်ဆိုးလေး.............

အင်တာနက်ဆိုင်ထဲမှာ အလုပ်တွေလုပ်နေရင်း လာသုံးတဲ့ user တွေဆီကနေ အသံတွေ ကြားနေရတယ်..။ နေပူလို့ အနိစ္စသဘောနဲ့ ကိစ္စချောချော သွားကြသူများ အကြောင်းကို နေ့စဉ်နဲ့ အမျှ ကြားနေရတော့ နတ်ဆိုးလေး လဲ တွေးမိပါတယ်..။ ကြားမိတဲ့ သတင်းတွေထဲမှာ အဆိုးရွားဆုံးတွေ ကတော့ တစ်လောက မေးလ်ထဲမှာ ဖတ်ရတာ ဆိုရင် ရှင်ပြု အလှူပွဲမှာ ရှင်လောင်းလှည့်အပြန် သာမဏေ ၀တ်ဖို့ ဆံချရင်း ဦးနှောက်ကြောပြတ်ပြီး သာမဏေလောင်းလျာလေးတွေ ဆုံးပါးသွားတဲ့ သတင်းကိုကြားမိတော့ တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်..။ မိဘများမှာတော့ ရင်ကျိုးပြီပေါ့..။ ဒါတင်လားဆိုတော့ မဟုတ်ဘူးဗျ.။ ရှိသေးတယ်.. ရှိသေးတယ်..။ ဒါကတော့ အပြင်က ကြားတာပါ..။ ကောလဟာလ လဲ ဖြစ်နိုင်တယ် ..။ တစ်ကယ် ဖြစ်နိုင်ချေလဲရှိပါတယ်..။ ဘာလဲဆိုတော့ ကားပေါ်မှာ ကားမောင်းရင်း မီးပွိုင့် မိလို့ စောင့်နေတယ်..။ ပူလာတော့ ကိုယ်တော်ချောက Snow Tower ကို ဂုတ်ပေါ်တင်ထားသတဲ့..။ သူ့ခင်မျာ သူစောင့်နေတဲ့ မီးပွိုင့် စိမ်းသွားတာတောင် မသိလိုက်ရပါဘူးတဲ့ ခင်ဗျာ.။ ကဲ.. ကောင်းကြသေးရဲ့လား ။ အသက်ကြီးတဲ့လူတွေလဲ မခံနိုင်တော့ သေကြတယ်.။ အသုဘ သတင်းတွေ တန်းစိနေတာပဲ..။ ကြားရတာ နားကို မချမ်းသာဘူး..။ ဒီနှစ်နေ က အားလုံးသိကြတဲ့အတိုင်းပဲ တော်တော်ကြီးကို အခြေအနေ ဆိုးရွားပါတယ်..။ ဒီနှစ် မနှစ်ကထက် ပိုပြီး ပူတယ်..။ မနှစ်က ဟိုးအ၇င်နှစ်ကထက် ပိုပူတယ်..။ ဒီတိုင်းသာဆို ရှေ့လျှောက် ပိုပို ဆိုးဖို့က လွဲလို့ ဘာကိုမှ မျှော်လင့်လို့ မရတော့ဘူး ဖြစ်နေပြီ..။ ကျွန်တော်ဆို နေ့လည် ထမင်းစားထွက်ရမှာကို ငရဲထဲ ခုန်ဆင်းရတော့မှာလို ထိတ်လန့်နေမိပါတယ်..။ အပြင်ထွက်လိုက်ရင် ဆိုင်ကယ်ပေါ်မှာ မျက်နှာကြီးတစ်ခုလုံး မီးစနဲ့ထိုးထားသလို ပူလောင်နေတာပါ..။ 78 shopping center နားက နေ မိန်းထဲဆိုတာ ဘယ်လောက်မှ ဝေးတဲ့ အကွာအဝေး မဟုတ်ပါဘူး.။ ဒါတောင် မိန်းထဲကိုရောက်တော့ ထမင်းတန်း မစားနိုင်သေးဘူး..။ ထွက်လာသမျှ ချွေးတွေကို အင်္ကျီအညစ်နဲ့ လိုက်သုတ်နေရသေးတာ.။ ပြီးတော့မှ ထမင်းစားရတာ..။ အဲလို .. အဲလို..။ တစ်နေ့က ဂျာနယ် တစ်ခုမှာ cartoon လေးတစ်ပုဒ် ဖတ်မိတယ်..။ ငရဲ မင်းကြီးရှေ့မှာ အပြစ်သားက ဒူးထောက်ရက်လေးထိုင်နေတယ်..။ ငရဲမင်းက ဘာပြောလဲဆိုတော့ ``လု့ပြည်မှာ အိဇုန်းလွှာ ပါးရတာနဲ့ .. ကမ္ဘာကြီးပူနွေးရတာနဲ့ သစ်တော ပြုန်းတီးနေတာ နဲ့ ဆိုတော့ ဒီအပြစ်သားကို ဆီကုန်ခံပြီး ဒယ်ထဲမှာ မကြော်တော့ဘူး ... လူ့ပြည် ပြန်ပို့စေ´´ တဲ့..။ စိတ်ပျက်ပျက်နဲ့ပဲ ပြုံးမိပါတယ်..။ ဟုတ်တော့လဲ ဟုတ်တယ်..။ ကြာရင် လူ့ပြည်ကို ငရဲ စာရင်းသွင်းပြီး ငရဲ ကြီးကိုးထပ် လုပ်ရမလိုတောင် ဖြစ်နေပြီ..။ တစ်ခါ တစ်ခါ တွေးမိတယ်..။ ၂၀၁၂ က တကယ်ပဲ ကမ္ဘာပျက်မယ့်နှစ်လားဆိုတာကို သင်္ကာမကင်းတောင် ဖြစ်မိပါတယ်ဗျာ..။ မနေ့က ညနေက စိတ်ပျက်လက်ပျက်နဲ့ အလုပ်က နားပြီး ပြန်လာတော့ အင်္ကျီလေးချွတ်ပြီး ရုပ်ရှင်ရုံမှာ ကြည့်ပြီးသား Ninja Assassin DVD ခွေကို ယပ်တောင်ကြီး တစ်ဖျပ်ဖျပ်နဲ့ပဲ ထိုင်ကြည့် နေမိပါတော့တယ်ခင်ဗျာ..။


....နတ်ဆိုးလေး............

ကျွန်တော် နတ်ဆိုးလေး Blog စရေးကတည်းက ရေးချင်နေတာက ကဗျာမဟုတ်တဲ့ Post တွေပါ။ ခက်တာက Notepad လေးနဲ့ စရေးလိုက်ရင် အဲဒါ Blog Entry မဖြစ်တော့ဘူး။ Recycle Bin ထဲပဲ ရောက်ရောက်သွားတယ်။ ပါရမီလို့ပဲ ခေါ်မလား အကျိုးမပေးဘူးလို့ပဲ ပြောရမလားပဲ။ ရေးလို့ မရခဲ့တာတော့ အမှန်အကန်ပါ..။ ရေးဖို့တော့ အားခဲထားပါတယ်။ ကဗျာချည်းသက်သက်တော့ ကျွန်တော့ Blog လေးကို မတင်းတိမ်နိုင်ဘူးခင်ဗျ။ ရေးချင်သေးတယ်။ ရေးဦးမှာပါ.။ ကျွန်တော့ Blog လေးကို လာလည်ကြတဲ့ လူတွေကို message တစ်ခုခု ရသွားစေချင်တယ်။ ဘာပဲ ဖြစ်ဖြစ် တစ်ခုခုပေါ့.။ ဘာမှ မဖြစ်စလောက်လေးဆိုရင်လဲ ကျွန်တော်ပေးနိုင်သလောက် ပေးရတာမို့ ကျေနပ်မိမှာ အမှန်ပါ..။ ပေးနိုင်အောင် ကြိုးစားနေပါတယ်.။ ဘာမှ မရှိသေးလို့သာ မပေးနိုင်သေးတာပါ.။
နတ်ဆိုးလေး ဒီတစ်ပါတ်ထဲ ငြိမ်နေတယ်.။ အမေများနေ့ ပြီးကတည်းက စာရွက်နဲ့ရော Notepad နဲ့ရော Dashboard ပေါ်မှာရော ဘာမှ မရေးဖြစ်ဘူး.။ ဘာရေးရမှန်းမသိတာရော အပျင်းကြီးနေတာရောကြောင့်ပါ။ နောက်နေ့ နောက်နေ့တွေမှာ ကျွန်တော် တတ်သမျှ မှတ်သမျှ နည်းပညာ လေးတွေ share လုပ်ချင်ပါတယ်။ လုပ်ဖို့လည်း စိတ်ကုးနေပါတယ်။ ဒါပေမယ့်ဗျာ .. လာလည်နေကြတဲ့ Blogger အကို အမတွေက ဘာမှ မသိ မတတ်ပဲ ရေးနေကြတာမှ မဟုတ်တာ.။ ကျွန်တော် သိသမျှ တတ်သမျှ share သမျှဟာ blogger အကို အမများအတွက် ပြောပ လောက်တဲ့ အတိုင်းအတာတစ်ခုထိတော့ ရမှာ မဟုတ်ပါဘုး .။ အဲဒါတစ်ခုတော့ စိတ်မကောင်း ဖြစ်မိပါတယ်.။ ဘာပဲဖြစ်ဖြစ် ကျွန်တော် သိသမျှ ချပြမှာပါ..။
ကျွန်တော်က အင်တာနက်ဆိုင်တစ်ခုမှာ ၀န်ထမ်း လုပ်နေပါတယ်.. ။ အဝေးသင်တက်ဖို့ ရှိပါတယ်။ ကျွန်တော် ခုမှ အသက် ၁၈ နှစ် ပါ။ ၁၉ နှစ်ထဲကို ၀င်ကာစ ပဲ ရှိပါသေးတယ်။ ကျွန်တော့် blog ထဲက shoutbox မှာ လာအော်သွားတဲ့ စာဖတ် ပရိတ်သတ်တွေ .. Post တွေရဲ့ အောက်မှာ စာမူခ တစ်ဖြစ်လဲ comment တွေ လာပေးကြတဲ့ စာဖတ်သူတွေ အားလုံး ကျွန်တော့ထက် ကြီးကြမှာပါ..။ ကျွန်တော် ရေးခဲ့တဲ့ အထဲမှာ အမှား ပါသွားရင် စိတ်ရှိလက်ရှိ ဝေဖန်ပါ ထောက်ပြပါ..။ အကို အမ တို့ ရဲ့ လက်တွဲခေါ်ယူမှုကို နတ်ဆိုးလေးက မျှော်လင့်နေပါတယ်.။ ကျွန်တော် ပြောချင်တာတစ်ခု ရှိသေးတယ်။ ကျွန်တော် အင်တာနက်ဆိုင်မှာ လုပ်တယ်.။ နေ့စဉ်နဲ့ အမျှ တွေ့နေရတာကတော့ မြန်မာ ပြည်ရဲ့ ၀ါရင့် သမ္ဘာရင့် Chatter ကြီးတွေပါ..။ Gtalk ထဲမှာ screen ပေါ်က စကားလုံးတွေကို သာယာနေကြတဲ့ ကျွန်တော့ အရွယ် ပတ်ဝန်းကျင် ကောင်လေးကောင်မလေးများ ကို မတွေ့ချင် အဆုံး မုန်းနေအောင် မြင်ရပါတယ်.။ တစ်ခါက ကိုဇော့စ်(ZOX) ရဲ့ blog ကို သွားလည်တော့ ဖတ်ခဲ့ရတယ်. ။ Gtalk , sign in , sign out ဆိုတာလေးပဲ တတ်ပြီးတော့ အင်တာနက်သုံးတတ်တယ်ဆိုတဲ့ နာမည်ကို လက်မထောင်ထားကြတဲ့လူတွေထဲမှာ ကျွန်တော့ ပတ်ဝန်းကျင်က ကျွန်တော့ သူငယ်ချင်း မိတ်ဆွေများ အပါအ၀င်ပါ.။ ကျွန်တော် သူတို့ကို ဒါ့ထက်ပိုပြီး သိစေချင်တယ်။ အဲဒီစေတနာလေးနဲ့ ကျွန်တော် (စကားလုံးရှာမရလို့ ကြီးကျယ်ခမ်းနားတဲ့ စကားလုံး သုံးပါရစေ) လုငယ်အကျိုးပြု မယ့် Post တွေ ရေးပါ့မယ်.။ နောက်ပြီင်္း လူ့အသိုင်းအ၀ိုင်း လူ့ ပတ်ဝန်းကျင် မှာ ကျွန်တော် ခံစားနားလည်သမျှ လေးတွေကို မျှဝေပေးချင်ပါတယ်.။ ကျွန်တော့ ဆန္ဒ အမှန်အကန်ပါ.။ နောက်တစ်ခုက ကျွန်တော့ ရဲ့ Blogspot ဟာ သိတော်မူကြတဲ့အတိုင်း ရေးတဲ့လူကလဲ ကျော်ခွရေး .. ဖတ်တဲ့လူုက လဲံ ကျော်ခွဖတ် ဆိုတော့ တော်ရုံ စာဖတ် ၀ါသနာ နဲ့က တော့ အဲဒီကျော်ဖို့ခွဖို့ အပင်ပန်းခံမှာ မဟုတ်ပါဘူး။ ကျွန်တော့ Blog လေးကို အဆင်ပြေစွာ ဖတ်လို့ ရစေချင်လွန်းလို့ ကျွန်တော် Domain တစ်ခု ကြိုးစားပါဦးမယ်.။ (အဲဒါကတော့ အချိန်အတိုင်းအတာ တစ်ခု လောက် ကြာပါလိမ့်ဦးမယ်. .လောလောဆယ် အဆင်မပြေသေးပါ.။ )

အခုလက်ရှိ ကျွန်တော့ Blog လေး စိုစိုပြေပြေ ဖြစ်အောင် လာလည်ကြတဲ့ ကိုညီညီ (လောကမီးအိမ်)၊ မကြေးမုံ ၊ ကိုပေါက်၊ ဘလော့ဂါ ကိုမိုး ၊ ကိုကြီးကျောက်၊ ဘယ်ကလာလို့ ဘယ်လိုက်ရမှန်းမသိတဲ့ မသဒ္ဒါလှိုင်း .. (လာတော့လည်ရပြီး နာမည်မပါလို့ စိတ်မခုကြပါနဲ့ ) shoutbox ထဲကနေ အသံပြုသွားတဲ့ စာဖတ်သူတွေရော comment တွေ ပေးသွားတဲ့ စာဖတ်သူတွေရော ဘာသိဘာသာပဲလာပြီး ဘာသိဘာသာပဲ ပြန်သွားကြသူများရော အားလုံး အားလုံးကို နတ်ဆိုးလေးက ကျေးဇူးတင်လျက်ပါခင်ဗျာ..။ ကျွန်တော် ရှေ့ဆက်မဲ့ blog လေးကို ပြီးပြည့်စုံအောင် Blogger အကိုအမများက အားပေး ကူညီ လက်တွဲ ဆွဲခေါ်ကြပါဦးလို့.. အားလုံးကိုတောင်းဆိုလိုက်ပါရစေ..။ ကျွန်တော့ရဲ့ ဒီ Post လေးကို ဆုံးအောင်ဖတ်ပေးတာ ကျေးဇူးတင်ပါတယ်...။


Blogger ကောင်းတစ်ယောက်ဖြစ်ချင်တဲ့
.........နတ်ဆိုးလေး.......................

အမေများနေ့ကို ဒီပို့စ်လေးနဲ့ ဂုဏ်ပြုအပ်ပါတယ်....


ပန်းရိုင်းတွေကြား သား..မနားတော့ဘူး အမေ


အမေ..
သား အားလုံး အဆင်ပြေတယ် အမေ
သားကို အမေ စိုးရိမ်တာ အရမ်း ပင်ပန်းလွန်းပါတယ်အမေရယ်
သားက မစိုးရိမ်ဖို့ပြောတာမဟုတ်ဘူးနော်
အမေပဲ.. သားကို စိုးရိမ်တာ ဖြစ်သင့်တာပေါ့
ဒါပေမယ့် အမေရယ်... ခုလောက်ကြီးတော့...
မဟုတ်တာ အမေရယ်
သား ပစ်စလတ်ခတ် နေနေတာမဟုတ်ဘူး အမေရဲ့
ဘာမှတော့ မဟုတ်ပေမယ့် သား အလုပ်သေးသေးလေးတစ်ခုနဲ့ပါ
သားစာမေးပွဲနှစ်ခါကျပေမယ့် အမေက Day ပဲ တက်စေချင်တယ်တဲ့..
မလုပ်ပါရစေနဲ့ အမေရယ်..
သား မသုံးရက်တော့ပါဘုး.... သားဘာသားလဲ ရှာပါရစေဦး..
အမေကတော့ အမေ့သား အလုပ်လုပ်နေတာ မကြည့်ရက်လို့ပေါ့...
ဟုတ်လဲ ဟုတ်ပါတယ် ..
၁၈နှစ်ဆိုတဲ့ အရွယ်က အလုပ်လုပ်နေရမယ့် အရွယ်မှ မဟုတ်တာ..
ပြီးတော့ အမေ့သားက ဂုဏ်ထူးနှစ်ခုနဲ့ အောင်ထားတာဆိုတော့
အမေ နှမြောမှာပေါ့..... ခုမှတော့ ဘာတတ်နိုင်မှာလဲ အမေရယ်..
သား UFL မတက်ချင်တော့ပေမယ့် အဝေးသင် ဘွဲ့တစ်ခုရအောင်ယူမှာပါ...
ခု သား အလုပ်လုပ်နေတယ်ဆိုတာလဲ မပင်ပန်းဘူး အမေရဲ့
သားပြောပြမယ်....
အင်တာနက်ဆိုင်မှာ လာသုံးတဲ့ user တွေလာရင်
သား အချိန်မှတ်ရတယ်... သူတို့ပြန်ရင် အချိန်နဲ့ တိုက်ပြီး
ပိုက်ဆံတွက်ယူရတယ်..... မီးမလာရင် မီးစက်နှိုးရတယ်
ဆိုင်ရဲ့ ဝေယျာဝစ္စ တွေတော့ နည်းနည်း လုပ်ရတာပေါ့ အမေရယ်
ဒါပါပဲ.... ကဲ အမေ သားဘယ်မှာ ပင်ပန်းလို့လဲ အမေရဲ့
သားကို စိတ်ချနော် အမေ..
အမေ့သားက ဒီတစ်ခါ လခ တိုးရင် အမေ့တို့ကို ကန်တော့နိုင်တော့မှာ
သိလား .. အမေရဲ့
ပြီးတော့လေ အမေ... ဒီနှစ် ၁၀တန်းဖြေနေတဲ့ အမေ့သမီး ကို
သားထက် ဂုဏ်ထူးတွေ အများကြီးပါရင် အမေတို့တင်မက ဘူး
သားကပါ ဆုချမှာအမေရဲ့ ... သိလား..
အမေက သာ စိတ်ပူနေတာ.. .အဖေကဆို
သား UFL မှာတက်တုန်းက လို မပျက်စီး မပေတေတော့ပဲ
အလုပ်လုပ်ချင်စိတ်တွေ ၀င်နေတာကို ၀မ်းသာနေတာ အမေရဲ့
အမေလဲ အဲလိုဖြစ်ရမှာ............
နောက်ဆိုလေ... ဒီထက် ပိုကောင်းတဲ့ အလုပ်တွေရရင်လေ
သား က စုစုထားပြီးတော့ သားကျောင်းစရိတ်ကို ကိုယ့်ဘာကိုယ်
ရှာတက်မှာ အမေရဲ့.....
အမေကတော့ သားက လက်ဖြန့်ရင် ဘယ်ချိန်မဆို ပေးမယ်ဆိုတာ
သားသိတာပေါ့..
ဒါက အမေ ဂုဏ်ယူဖို့ ပြောပြတာ...
အမေ........ အဖေ လို သားရဲ့ အပြောင်းအလဲလေးကို
ဝမ်းသာနေနော် ... အမေ
အရင်ကလို သားအပေါင်းအသင်းတွေ နဲ့ ပေတေနေလို့
ရတဲ့နေရာမှာ နေနေတာမဟုတ်ဘူး
သားကို စိတ်ချနော်.. အမေ..
အမေ့သမီးကိုလဲ ပြောလိုက်ဦး...
သားက ဆုချမှာတဲ့.... လို့ နော် အမေ...
နောက်ထပ် ပြောပါရစေ အမေ....
သားကို စိတ်ချပါ...



အမေ့ရဲ့ သားကြီး






.............နတ်ဆိုးလေး...........................

အိပ်မက်က အိပ်မက်ပဲ တဲ့
မတူဘူးကွ
ငါ့ အိပ်မက်က alcohol များတယ်
တစ်ခါမက်ရင် တစ်သက်လုံးစွဲတယ်
(မယုံမရှိနဲ့.... ငါ့ကောင်)
တစ်ခုတော့ရှိတယ် ခေါင်းမကိုက်ဘူး ကြည်နူးတယ်
ခံစားချက်နဲ့ ရောမက်ရင် အ၀င်ကောင်းတယ်
မိုးလင်းရင် စိတ်ကြည်တယ်..
အိပ်မက်ဆိုပေမယ့် ဘေးထွက်ဆိုးကျိုးမရှိဘူး
နှလုံးသားအတွက် အထူးသင့်တော်တယ် (မယုံရင် မက်ကြည့်)
ဝယ်ထားလို့တော့ မရဘူး
မက်ချင်ရင် အိပ်ရေး ပျက်ပျက် ပေးရတယ်
တစ်ခါတစ်ခါတော့ လန့်နိုးတတ်တယ်
နောက်ကျောကို မနှိပ်နဲ့ ရင်ဘတ်ကိုဖိထား
လန့်နိုးရင် စိတ်ထဲမှာ ချိုပြီးကျန်ခဲ့မှာ
(အဲဒီအခါကျ) မျက်နှာလေးကို ပြုံးဖြစ်အောင် ပြုံးနေလိုက်
ငါပြောတဲ့ အိပ်မက်ရဲ့အနှစ်သာရက
အဲဒီ အပြုံးပဲ
လုံးဝ ဟန်ဆောင်ပြုံး မဖြစ်စေရဘုး.....
အဲဒါ.... အမှန်အကန်......................။





................နတ်ဆိုးလေး......................

၁၀ တန်း ဖြေပြီး အမှတ်စာရင်းစောင့်နေတဲ့ ကာလ တုန်းက ရေးဖြစ်တဲ့ကဗျာလေးပါ....
စာအုပ်စင် ကို လှန်လှောရင်း ပြန်တွေ့လို့ သတိတရ ပြန်တင်လိုက်ပါတယ်


အစိမ်းရောင်နက္ခတ်နဲ့ အနက်ရောင် ငါ


ကိုယ်ပိုင်အတ္တ နဲ့ ငါ့ဘ၀ ကို
ငါ့ဟာငါ ပုံဖော်ရင်း
ပြင်းရှရှ တပ်မက်မိခဲ့တာ
နာရီတွေတောင် အရည်ပျော်လုပြီလေ...။

ရွှေအတိပြီးတဲ့ အိပ်မက်တွေသာ
ငါ့ကမ္ဘာမှာ ကြီးစိုးဖူးပြီး
ရူးသွပ်စွာ ပုံဖော်ထုဆစ်တိုင်း
စိတ်ကူးအတိုင်း ပိုင်ဆိုင်ရယူခဲ့တာချည်းပဲ ဆိုတော.....။

မင်းကိုတော့ လက်မလွှတ်ချင်ဘူးပေါ့
ပြီးတော့ ငါမက်သမျှ အိပ်မက်တွေထဲက
ခမ်းနားချိုမြိန်ဆုံး တစ်ခန်းရပ်တွေမှာ
မင်းဟာ ငါကြိုက်တဲ့ ဇာတ်ဆောင်ပဲလေ....။

မင်းခါးသီးရင်လဲ ခံရမှာပဲ
သွားပုပ်လေလွင့် အောက်တန်းစား ရိုက်ခတ်မှုတွေက
ငါ့ကို ထိုးနှက်လိုက်ကြတာ
ငါက (သူတို့အမြင်မှာ) သုံးမရတဲ့ ကလေက၀ တဲ့....။

ဒါတွေ မင်းလဲသိမှာပါ..........(ထားပါ)
ငါ အလိုမကျတာက....
ငါ့ကိုပုတ်ခတ်တဲ့ လှိုင်းတွေ မဟုတ်ဘူး
ငါ့ကို ထိုးနှက်တဲ့ ဓါးချက်တွေကို ငါ မနာကြည်းဘူး..။

ရူးလောက်အောင် တပ်မက်တဲ့မင်းက
ငါ့အကြောင်း ခေါင်းစဉ်တပ် ရှုံ့ချမှုတွေကြား
နားယောင်တွေဝေနေတယ်တဲ့ လားကွာ...
ငါ ဘာမှ မချွတ်ယွင်းသလို မင်းကိုလဲ ထာဝရ ပြည့်စုံစေနိုင်တယ်..။

ဘယ်စာမျက်နှာမှာမှ ချမရေးဖြစ်တဲ့
ခနော်ခနဲ့ ကာရန်တွေနဲ့ ကဗျာတစ်ပုဒ်
ရင်ထဲမှာ ကျစ်နေအောင် ဆုပ်ထားတာ
သံသယတွေ ခွာချပြီးမှ လာဖတ်ကြည့်စမ်းပါ...။

ငါနေထိုင်ရာ အစွန်းအထင်းမဲ့တဲ့ ကမ္ဘာ
ငါစောင့်ထိန်းတဲ အဆက်အထုံးမရှိတဲ့ သစ္စာ
ငါပိုင်ဆိုင်တဲ့ မျှော်လင့်ချက် နတ္ထိ မေတ္တာ
ဒါတွေက... ငါကိုးကွယ်တဲ့ ပြိုင်ဘက်မရှိတဲ့ မင်းအတွက် ရယ်..ပါ.....။




.............နတ်ဆိုးလေး................

ပန်းတော့ ပန်း
ဒါပေမယ့် အနံ့ မရှိ
မထိတထိလေးတောင် လာမနားတဲ့
လိပ်ပြာတွေကို ငြိုငြင်ရင်း
စူပုပ်နေလောက်တယ်..။

ပန်းတော့ ပန်း
ဒါပေမယ့် အဆိပ်ပန်း
လမ်းပေါ်က ရင်ဘတ်တွေလဲ
မည်းညစ်ညစ် သူ့ဝတ်ရည်ကြားမှာ
နာကျင်စွာ အတုံးအရုန်း...။

ပန်းတော့ ပန်း
ဒါပေမယ့် ငရဲပန်း
မှန်းမထားတဲ့ နေရာမှာ
(ရှာကြံ ပြီးတောင်) မတွေးဖြစ်တဲ့ အိပ်မက်ဆိုးနဲ့ အတူ
ပူလောင်မှုကိုလဲ မီးထိုးပေးတတ်သေး...။

တွေးတတ်ရင် သိမှာပါ
ကြာကြာဝါးမှပဲ ခါးမှာပေါ့
ခပ်သော့သော့ပဲ ငါ တွေးမိတာပါ
(ပန်းတော့ ပန်းပါပဲ.. ဒါပေမယ့်.........
ခွေးသေးပန်း...............) လို့.............။




..........နတ်ဆိုးလေး............

လူစင်စစ်မှ.....

Posted by နတ်ဆိုးလေး On Monday, May 03, 2010 1 ယောက်ရဲ့ စကားသံတွေ

ခွေးချစ်တတ်တဲ့ သူတစ်ယောက်ကို
ကြိုက်မိဘူးတယ်...။
သူ့ကို ချစ်ခွင့်ပန်တုန်းက
`ခွေးတစ်ကောင်လို နောက်က တစ်ကောက်ကောက်လိုက်နေမှာလား´ လို့
မျက်စောင်းထိုး ရန်ထောင်ဖူးတယ်..။
ချစ်သူတွေ ဖြစ်တော့
ဘာလို့ချစ်တာလဲ မေးမိပါတယ်
`အိမ်မွေးခွေးလေးလို အဖော်ရလို့´ တဲ့....(သေစမ်း)။
ရင်ခွင်ထဲခေါင်းမှီတဲ့ သူ့ကို
ချစ်စနိုးနဲ့ နားရွက်လေး မနာအောင်ကိုက်တော့
သူကလဲ ချစ်စနိုးနဲ့ ပြန်ခေါ် ရှာပါတယ်... `အောင်နက်´. တဲ့..။
ငါ့ကိုဖက်တွယ်ထားရင်း
ပြင်းပြင်ရှရှ ငါ့ကို တောင်းဆိုခဲ့သေးတယ်
`အိမ်က ခွေးလေးလို သစ္စာရှိပါနော်´ တဲ့...... (ရော်...ခက်ပြီ)။
ဒီလိုနဲ့...........
ငါ့ အရှုပ်ဇယားတွေသူသိသွားတော့
လက်ညှိုးငေါက်ငေါကါထိုးလို့ လမ်းခွဲစကားပြောတာကိုက
`နင်ဟာ.. သုံးလေးအိမ် ပတ်စားတဲ့ခွေးပဲ´ တဲ့...............ကဲ...။







...............နတ်ဆိုးလေး................................

ပန်းဘုရင်မရဲ့ ရင်ခွင်ဆီ
ကဗျာတို့ ၀ိညာဉ်နဲ့အတူ
ငါ့ကိုခေါ်သွားပေးပါ...။

ဂစ်တာအိုတေးသွားကြားမိတိုင်း
ပန်းရိုင်းတွေ ပွင့်တဲ့ ကဗျာမှာ
ငါ..... အလွမ်းဆိပ်သင့်နေကျပေါ့..။

ငါ့ရဲ့ ယိုင်နဲ့နဲ့ ရင်ခွင်အိုဟာ
လိပ်ပြာတောင်ပံတစ်စုံနဲ့ တွဲက ရင်း
လှပခြင်းတွေ ဝေစီခဲ့ဖူးတယ်....။

ဒီ လောလောလတ်လတ် အသည်းကွဲတစ်ခန်းရပ်ကို
ဟိုး... ရှေးရှေးတုန်းက လို့ ပြောပြရင်တောင်
(ငါ့ကို) လှောင်ရယ်ကြမလားပဲ........။

မဟောင်းတဲ့ သမိုင်းတွေထဲက
ငါ့ကဗျာရှင်မလေး ရင်ထဲမှာ
ငါပျိုးခဲ့တဲ့ လင်္ကာတွေ ရှင်သန်ဖူးပါရဲ့...။

ချိုမြိန်တဲ့ မျက်ဝန်းစိမ်းလဲ့တွေကို
ဟိုတုန်းက သံစဉ်တေးပေါင်းများစွာမှာ
ငါ အခါခါ သီကျူးခဲ့ဖူးသေးတယ်.....။

တစ်ကယ်တော့ ကောင်မလေး က
အက်ဆစ်ခါးတွေကြားထဲက
ငါကောက်ရတဲံ နှင်းဆီဆိုလဲ မမှားဘူးလေ....။

ကြွေလွင့်မှုတွေ စ တဲ့နေ့က
အတ္တကိုယ်စီ ပိုက်ထားတဲ့ မီးလျှံတွေဟာ
ငါသီကုံးတဲ့ ကဗျာကို လောင်မြိုက်ကြလေရဲ့...။

အဲဒိနောက်........ငါ
နေရောင်အောက်က ဖယောင်းတွေလို
ကိုယ့်ကိုကိုယ် တအိအိ ဖြိုချနေမိ....။

ချိုတာတွေရော ခါးတာတွေရော မရှိ
အလင်းတွေ အမှောင်တွေ ငါ မသိ
(အဲဒိ အချိန်က စလို့) ငါ့ရဲ့ ညတွေမှောင်အတိ...။

ရှိစုရှိမယ့် ကာရန်တွေကို.....ငါ
အဆွတ်ပျံ့ဆုံး သီကုံးရေးလာလိုက်တာ
ကဗျာတွေတောင် ညည့်နက်နေပြီ......။

ဒီတစ်ခါ မိုးလင်းရင်တော့
ဂစ်တာအိုကို အလွမ်းနဲ့ မျှောလိုက်တော့မှာ
ကဗျာတွေလဲ အတောင်စုံလောက်ပြီ...။

ဟေး..............ကဗျာ
အတောင်စုံရင် ပျံသန်းပါ...
အလွမ်းမဲ့ တဲ့ ကောင်းကင် ဆီ ပျံသန်းပါ.......။

ပန်းဘုရင်မရေ............
ကဗျာတို့ ရဲ့ ၀ိညဉ်နဲ့ အတူ
ငါ.................................................လိုက်........ခဲ့ ......ပါ...ရ...စေ...။









..............နတ်ဆိုးလေး............................