ပန်းတော့ ပန်း
ဒါပေမယ့် အနံ့ မရှိ
မထိတထိလေးတောင် လာမနားတဲ့
လိပ်ပြာတွေကို ငြိုငြင်ရင်း
စူပုပ်နေလောက်တယ်..။
ပန်းတော့ ပန်း
ဒါပေမယ့် အဆိပ်ပန်း
လမ်းပေါ်က ရင်ဘတ်တွေလဲ
မည်းညစ်ညစ် သူ့ဝတ်ရည်ကြားမှာ
နာကျင်စွာ အတုံးအရုန်း...။
ပန်းတော့ ပန်း
ဒါပေမယ့် ငရဲပန်း
မှန်းမထားတဲ့ နေရာမှာ
(ရှာကြံ ပြီးတောင်) မတွေးဖြစ်တဲ့ အိပ်မက်ဆိုးနဲ့ အတူ
ပူလောင်မှုကိုလဲ မီးထိုးပေးတတ်သေး...။
တွေးတတ်ရင် သိမှာပါ
ကြာကြာဝါးမှပဲ ခါးမှာပေါ့
ခပ်သော့သော့ပဲ ငါ တွေးမိတာပါ
(ပန်းတော့ ပန်းပါပဲ.. ဒါပေမယ့်.........
ခွေးသေးပန်း...............) လို့.............။
..........နတ်ဆိုးလေး............
ခွေးချစ်တတ်တဲ့ သူတစ်ယောက်ကို
ကြိုက်မိဘူးတယ်...။
သူ့ကို ချစ်ခွင့်ပန်တုန်းက
`ခွေးတစ်ကောင်လို နောက်က တစ်ကောက်ကောက်လိုက်နေမှာလား´ လို့
မျက်စောင်းထိုး ရန်ထောင်ဖူးတယ်..။
ချစ်သူတွေ ဖြစ်တော့
ဘာလို့ချစ်တာလဲ မေးမိပါတယ်
`အိမ်မွေးခွေးလေးလို အဖော်ရလို့´ တဲ့....(သေစမ်း)။
ရင်ခွင်ထဲခေါင်းမှီတဲ့ သူ့ကို
ချစ်စနိုးနဲ့ နားရွက်လေး မနာအောင်ကိုက်တော့
သူကလဲ ချစ်စနိုးနဲ့ ပြန်ခေါ် ရှာပါတယ်... `အောင်နက်´. တဲ့..။
ငါ့ကိုဖက်တွယ်ထားရင်း
ပြင်းပြင်ရှရှ ငါ့ကို တောင်းဆိုခဲ့သေးတယ်
`အိမ်က ခွေးလေးလို သစ္စာရှိပါနော်´ တဲ့...... (ရော်...ခက်ပြီ)။
ဒီလိုနဲ့...........
ငါ့ အရှုပ်ဇယားတွေသူသိသွားတော့
လက်ညှိုးငေါက်ငေါကါထိုးလို့ လမ်းခွဲစကားပြောတာကိုက
`နင်ဟာ.. သုံးလေးအိမ် ပတ်စားတဲ့ခွေးပဲ´ တဲ့...............ကဲ...။
...............နတ်ဆိုးလေး................................
ပန်းဘုရင်မရဲ့ ရင်ခွင်ဆီ
ကဗျာတို့ ၀ိညာဉ်နဲ့အတူ
ငါ့ကိုခေါ်သွားပေးပါ...။
ဂစ်တာအိုတေးသွားကြားမိတိုင်း
ပန်းရိုင်းတွေ ပွင့်တဲ့ ကဗျာမှာ
ငါ..... အလွမ်းဆိပ်သင့်နေကျပေါ့..။
ငါ့ရဲ့ ယိုင်နဲ့နဲ့ ရင်ခွင်အိုဟာ
လိပ်ပြာတောင်ပံတစ်စုံနဲ့ တွဲက ရင်း
လှပခြင်းတွေ ဝေစီခဲ့ဖူးတယ်....။
ဒီ လောလောလတ်လတ် အသည်းကွဲတစ်ခန်းရပ်ကို
ဟိုး... ရှေးရှေးတုန်းက လို့ ပြောပြရင်တောင်
(ငါ့ကို) လှောင်ရယ်ကြမလားပဲ........။
မဟောင်းတဲ့ သမိုင်းတွေထဲက
ငါ့ကဗျာရှင်မလေး ရင်ထဲမှာ
ငါပျိုးခဲ့တဲ့ လင်္ကာတွေ ရှင်သန်ဖူးပါရဲ့...။
ချိုမြိန်တဲ့ မျက်ဝန်းစိမ်းလဲ့တွေကို
ဟိုတုန်းက သံစဉ်တေးပေါင်းများစွာမှာ
ငါ အခါခါ သီကျူးခဲ့ဖူးသေးတယ်.....။
တစ်ကယ်တော့ ကောင်မလေး က
အက်ဆစ်ခါးတွေကြားထဲက
ငါကောက်ရတဲံ နှင်းဆီဆိုလဲ မမှားဘူးလေ....။
ကြွေလွင့်မှုတွေ စ တဲ့နေ့က
အတ္တကိုယ်စီ ပိုက်ထားတဲ့ မီးလျှံတွေဟာ
ငါသီကုံးတဲ့ ကဗျာကို လောင်မြိုက်ကြလေရဲ့...။
အဲဒိနောက်........ငါ
နေရောင်အောက်က ဖယောင်းတွေလို
ကိုယ့်ကိုကိုယ် တအိအိ ဖြိုချနေမိ....။
ချိုတာတွေရော ခါးတာတွေရော မရှိ
အလင်းတွေ အမှောင်တွေ ငါ မသိ
(အဲဒိ အချိန်က စလို့) ငါ့ရဲ့ ညတွေမှောင်အတိ...။
ရှိစုရှိမယ့် ကာရန်တွေကို.....ငါ
အဆွတ်ပျံ့ဆုံး သီကုံးရေးလာလိုက်တာ
ကဗျာတွေတောင် ညည့်နက်နေပြီ......။
ဒီတစ်ခါ မိုးလင်းရင်တော့
ဂစ်တာအိုကို အလွမ်းနဲ့ မျှောလိုက်တော့မှာ
ကဗျာတွေလဲ အတောင်စုံလောက်ပြီ...။
ဟေး..............ကဗျာ
အတောင်စုံရင် ပျံသန်းပါ...
အလွမ်းမဲ့ တဲ့ ကောင်းကင် ဆီ ပျံသန်းပါ.......။
ပန်းဘုရင်မရေ............
ကဗျာတို့ ရဲ့ ၀ိညဉ်နဲ့ အတူ
ငါ.................................................လိုက်........ခဲ့ ......ပါ...ရ...စေ...။
..............နတ်ဆိုးလေး............................
မျက်ရည်တော့မကျဘူး
ပုဆိုးခြုံထဲက ခံနိုင်ရည်ကတော့
ထိတ်လန့်တကြား သွေးပျက်နေပြီ.။
င့ါကို ငါပြန်ကြည့်တော့လဲ
ရပ်နေတဲ့ခြေထောက်တွေတောင်
အခြေမခိုင်ချင်တော့ဘူး..။
ထိပ်, ပုပ်တဲ့လူတွေ များလာတော့
အနားကို တစ်ယောက်ယောက် မလာလိုက်နဲ့
အလိုလို ခေါင်းငုံ့ပေးချင်စိတ်တွေ ပေါက်လာတာ...(တကယ်)။
တွယ်တက်ဖို့လဲ မ၀င့်မရဲနဲ့ (အဲဒီ)
ဟန်ဆောင်ပြုံးကိုပဲ ဖက်တွယ်ထားရတာ
လက်အံ တွေတောင် သေ....လို့။
ကိုယ့်ဘာကိုယ် မတ်တပ်ရပ်ကြည့်မယ် ကြံကာမှ
အနာပေါ် တုတ်ကျရတယ်လို့
ငါ ရူးတောင် ရူးချင်လာပြီ..။
ငါကွ လို့ အော်ပြီ လက်မထောင်ချင်ပါရဲ့
ဘာလဲဟ လို့မေးလာရင်
ဘာမှ ဟုတ်ပါဘုးဗျာလို့ဖြေရမှာ...(ဖြစ်သေးပါဘူး)။
ထီးမပါတဲ အခါများဆို
နေပူရတာနဲ့ မိုးသည်းရတာနဲ့
တောက်.....................။
အဲ..............
ဘုရား.. ဘုရား.................
ဘယ်သူများကြားသွားလဲ မသိဘူး......။
.........နတ်ဆိုးလေး........................
မဆူပေမယ့် ညံနေတဲ့ အနံ့တွေကြားမှာ ခုံလွတ်တစ်လုံးယူထိုင်တယ်
စုဝေးနေကျ ဗရုတ်သုတ်ခည ကို ချိုကျနဲ့ မိတ်ဆက်တယ်.....။
အပျင်းပြေဆိုတဲ့ခေါင်းစဉ်အောက်မှာ ငုတ်တုတ်လေးတွေထိုင်ရင်း
ဇွန်းနဲ့ ခွက်ထဲမှာ မွှေသူမွှေကျ နီကိုတင်းကို ခပ်ပြင်းပြင်း ရှိုက်သူရှိုက်ကြ...။
တောင်စဉ်ရေမရတင်မက အလာပသလာပ ကောလဟာလ ပုံမကျ ပန်းမကျ
အရေမရအဖတ်မရ အချိုး မကျတကျ စကားတွေကို အားရပါးရ ပြောကြဆိုကြ ရယ်ကြမောကြ....။
အဲဒိထဲမှာ
မနက်က ပြောင်လိုက်တဲ့ ကောင်မလေးအကြောင်းပါမယ်
မနေ့က ရုပ်ရှင်ထဲက မင်းသမီး အကြောင်းပါမယ်
လမ်းထဲက ပခုံးချင်းတိုက်မိနေကြလူတွေ အကြောင်းပါမယ်
အီဂျစ်ပြည်က ကလီယို ပါထရာ အကြောင်းပါမယ်
ရက်ကွက်ထဲက စကားများတဲ့ အပျိုကြီး အကြောင်းပါမယ်
သံစဉ်လှလှလေးတွေ ဆိုရင်း က,တတ်တဲ့ ရှက်ကီရာ အကြောင်းပါမယ်
ကျောင်းမှာ ငြိလာတဲ့ ရန်ပွဲအကြောင်း ပါမယ်
အမေရိကားက လမ်းဘေး မှောင်ခို နပမ်းပွဲတွေ အကြောင်းပါမယ်
တလောက ကြားလိုက်တဲ့ လင်လုပွဲအကြောင်းပါမယ်
ခုညကန်မယ့် ပရီးမီယားလိဂ် အကြောင်းလဲ ပါမယ်..။
..............................ပါမယ်
..............................ပါမယ်
................................ပါမယ်
....................................ပါမယ်။
အဲဒီလိုနဲ့
လက်ဖက်ရည်တွေ တစ်ခွက်ပြီးတစ်ခွက်
ဆေးလိပ်တွေ တစ်လိပ်ပြီးတစ်လိပ်
ပြောသူတွေ တစ်ယောက်ပြီးတစ်ယောက်
နားထောင်သူတွေ တစ်ယောက်ပြီးတစ်ယောက်
ပါးစပ်တွေ တစ်ပေါက်ပြီးတစ်ပေါက်
နားရွက်တွေ တစ်စုံပြီးတစ်စုံ
စကားတွေ တစ်ခွန်းပြီးတစ်ခွန်း
အကြောင်းအရာတွေ တစ်ခုပြီးတစ်ခု...။
အဲဒါနဲ့ပဲ
လက်ဖက်ရည်ခွက်တွေ များပြီးရင်းများ
ဆေးလိပ်ပြာတွေ ပွပြီးရင်းပွ
လူတွေ စိတ်လေပြီးရင်းလေ
ညဥ့်တွေနက်ပြီးရင်းနက်..။
အဲဒိနောက်တော့
အချိန်တွေ
တစ်စက္ကန့်ပြီးတစ်စက္ကန့်
တစ်မိနစ်ပြီး တစ်မိနစ်
တစ်နာရီပြီးတစ်နာရီ
နောက်
ပိုက်ဆံတွေ
တစ်ရွက်ပြီး .... တစ်ရွက်.............။
............နတ်ဆိုးလေး.............
ဒီမှာ မိတ်ဆွေ
အောင်မြင်မှုရဲ့ အနှစ်အရသာကို ခင်ဗျားကြိုက်လား
အို ဘယ်လိုပြောလိုက်ပါလိမ့်ဗျာ
ကျွန်တော် အတောင့်တခဲ့ရဆုံးအရာပေါ့။
အင်း... ဒါဆို
ဆုံးရှုံးမှုရဲ့ အရသာကော
ဟေ့လူ ဟေ့လူ
မနောက်နဲ့လေ
ဆုံးရှုံးရတာကို ဘယ်သူကကြိုက်မှာလဲ။
အိုသွားဗျာ
ခင်ဗျား ဘာတွေလာမေးမှန်းလဲ မသိဘူး
ပါးစပ်ပုပ်ကြီင်္းနဲ့
နမိတ်မရှိ နမာမရှိ
ဖွဟဲ့ လွဲပါစေ ပယ်ပါစေ
ဘုရား ဘုရား..။
.....သျှီ.......
အဆိုတော် သျှီ ရဲ့ ကဗျာလေးပါ...။ magazine တစ်ခုမှာ တွေ့လို့ ကြိုက်လွန်းလို့ တင်လိုက်တာပါ..။