• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်
Showing posts with label ရောက်တတ်ရာရာ. Show all posts
Showing posts with label ရောက်တတ်ရာရာ. Show all posts

မတတ်ပေလို့ပေါ့....

Posted by နတ်ဆိုးလေး On Friday, August 06, 2010 5 ယောက်ရဲ့ စကားသံတွေ

နတ်နတ် ခုနောက်ပိုင်း အလုပ်ထွက်ထားတော့ အင်တာနက်ကို ပိုက်ပိုက်နဲ့
သုံးနေရတယ်..။ ပိုက်ပိုက်ကလဲ တွင်းထဲက နှိုက်ယူရတာ မဟုတ်တော့ နတ်နတ်လဲ
အွန်လိုင်းနဲ့ သိပ် လမိုင်းမကပ်ဘူး ဖြစ်နေတယ်။။ အဆောင်မှာ အိပ်လိုက်
စားလိုက်နဲ့ ကဗျာတွေချည်းရေးနေတယ်..။ ရေးသမျှကဗျာတွေကို
မတင်ဖြစ်သေးဘူး.။ ကဗျာစာအုပ် အသစ်တစ်အုပ်လုပ်ဖို့ ရှိလို့.။
ပရောက်စီကလဲ ရှိတာ မဟုတ်ဘူး..။ အီးမေးလ် ပို့စတင်းနဲ့ တင်နေရတာ .။
စိတ်တိုင်းတော့ မကျဘုး.။ ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ..။ နတ်နတ် ကိုက
လက်ကမျဉ်းပြီး ဘလော့ကြီးကို လုပ်မိ ရေးမိတာကိုး။။
ခုတော့ ပုံပြင်လေးတစ်ပုဒ်ပြောပြဦးမယ်..။ မတတ်နိုင်ဘူး..။

ရေးစရာမရှိရင် ဆားချက်သင့်ချက်သင့် ချက်ရမယ်လို့ ကမ္ဘာကျော်
အတွေးအခေါ်ပညာရှင်ကြီး အဲလ်ဘတ် အာလဗာ နတ်ဆိုးလေး က ပြောဖူးတယ်မလား..။ :P
ကြာတယ် .. ပြောတော့မယ် .. ပုံပြင်။။

တစ်ခါက ဆယ်တန်းအောင် အဆင့်ပဲရှိတဲ့ လူငယ်တစ်ယောက်ဟာ
အလုပ်လုပ်ချင်လှပါတယ်ဆိုပြီးတော့ လိုက်ရှာ ပါသတဲ့..။ ဆယ်တန်းအောင်ဆိုတော့
အလုပ်အကိုင်အခွင့်အလမ်းကလဲ နည်းတာကိုးးး.။ တစ်နေရာပြီးတစ်နေရာ
လိုက်ရှာရင်း ရှာရင်းနဲ့ တစ်နေရာရောက်တော့ ကွန်ပျူတာ အင်တာနက်နဲ့
ပက်သက်ပြီး ၀န်ဆောင်မှုလုပ်တဲ့ ကုမ္ပဏီ တစ်ခုရှေ့ကို
ရောက်သွားပါလေရော..။ကုမ္ပဏီ တစ်ခုပြီးတစ်ခု လိုက်မေးရင်း ဒီကုမ္ပဏီ လဲ
ဝင်မေးဦးမှ ဆိုပြီး ၀င်ချသွားပါလေရော..။ အဲဒီ ကုမ္ပဏီ ရဲ့ တာဝန်ခံနဲ့
တွေ့ခွင့်ရတယ်..။ အဲတော့ တာဝန်ခံကမေးတယ်။။

မင်း ဘာလုပ်ချင်တာလဲ... ပေါ့.။
ကောင်လေးက
ဘာဖြစ်ဖြစ် ပေါ့.. အပေါက်စောင့်ဆိုလဲ လုပ်လို့ ရပါတယ်.ခင်ဗျာ..။

ဆိုတော့ တာဝန်ခံက မေးတယ်။။

ဟုတ်ပြီ.. ဘာနေနေ လုပ်မယ်ဆိုတော့ ဟုတ်ပြီ... မင်း.. ပညာရေးအဆင့်အတန်းက..???

ဟုတ်ကဲ့ ကျွန်တော် ဆယ်တန်းအောင်ပါခင်ဗျ...။

ဆယ်တန်းအောင် ဟုတ်ပြီ... မင်းမှာ အီးမေးလ် လိပ်စာ ရှိလား။။

မရှိပါဘုးခင်ဗျာ..

အော်.... အင်တာနက်တော့ သုံးတတ်သလား...။

မသုံးတတ်ပါဘူုးခင်ဗျာ...။

ဟင်.. ကွန်ပျူတာရော

မသုံးတတ်ပါဘုးခင်ဗျာ...။

ဆိုတော့ တာဝန်ခံက နဲနဲတော့ မျက်နှာပျက်သွားတယ်...။

မင်းက ကွန်ပျူတာတောင် မသုံးတတ်ဘူးဆိုတော့ ငါတို့ က ကွန်ပျူတာ အင်တာနက်နဲ့
ပက်သက်ပြီး ဆားဗစ်ဇင်း လုပ်ငန်းတွေ လုပ်နေတာလေ..။ မင်းကို ငါတို့ ဘယ်လို
အလုပ်ခန့်မလဲ..

ဆိုတော့ ကောင်လေးက

ခင်ဗျာ... ကျွန်တော် က အပေါက်စောင့်ပဲ လုပ်ရ လုပ်ရလို့ ပြောတယ်လေ..
ဟို.... တံခါးဖွင့် တံခါးပိတ်လုပ်တာ အင်တာနက် သုံးတတ်ဖို့်
ကွန်ပျူတာကိုင်တတ်ဖို့ အီးမေးလိပ်စာ ရှိဖို့ လိုလို့ လားခင်ဗျာ..။

ဟ.. မင်း အဲလိုတော့ မပြောနဲ့လေ... လာတဲ့ customer တွေက မင်းကို လိပ်စာကဒ်
ပြတာတို့ .. မင်းကို မှာသွားတာတို့ မင်းကို ဒီမှာရှိတဲ့ ၀န်ထမ်းတွေက
တစ်ခုခု ခိုင်းတာလေးတွေ လုပ်တတ်အောင်တော့ အင်တာနက်လေး ဘာလေး
သုံးတတ်ဖို့တော့ လိုမှာပေါ့ကွာ..။

ဒါဆို ကျွန်တော် အလုပ်မရနိုင်ဘူးပေါ့..။

အင်း... အင်တာနက် သုံးတတ်မယ်ဆိုရင်တော့ စဉ်းစားပါ့မယ်...။

ဟုတ်... အဲဒါဆိုလဲ ကျွန်တော့်ကို ခွင့်ပြုပါဦး။။။


ကောင်းပါပြီ....။


ဒ့ါနဲ့ ခေါင်း ငိုက်စိုက်လေးနဲ့ ကုမ္ပဏီ ထဲကနေ ထွက်လာခဲ့တယ်..။။ ကောင်လေး
ဘာဆက်လုပ်ရမလဲ... စဉ်းစားတယ်...။ ဒီလိုနဲ့ ကောင်လေးဟာ ကြံရာ မရ
ခေါင်းရှုပ်လာတဲ့ အဆုံးမှာ ဆက်မစဉ်းစားတော့ပဲ.. ဆံပင်သွားညှပ်လိုက်တယ်.။
ဆံပင်ညှပ်ရင်းနဲ့ သူ အကြံတစ်ခု ရသွားတယ်..။ သူ ဆံပင်ညှပ် ပညာ သင်မယ်..။
ဆံပင်ညှပ်တဲ့လုပ်ငန်းလုပ်မယ်.. ဆိုပြီး သူ ညှပ်ပြီးတာနဲ့
ဆိုင်ပိုင်ရှင်နဲ့ တွေ့ပြီး ဆံပင်ညှပ် ပညာသင် အဖြစ်နဲ့ အလုပ်စ
ဝင်ပါတော့တယ်။။။
အဲဒီ အချိန်ကစပြီး ကောင်လေး ကြိုးစားပြီ..။

ပညာသင်ကနေ လခစား ၀န်ထမ်း ဖြစ်လာတယ်။။ လခစား ၀န်ထမ်းက နေ ဆိုင်ရဲ့
မရှိမဖြစ် လိုအပ်တဲ့ Essential တစ်ယောက်ဖြစ်လာတဲ့ အခါမှာ ကောင်လေးဟာ
ဆိုင်ကနေ ခွဲထွက်ပြီး... သူ့ဘာသူ ဆိုင်တစ်ဆိုင်ဖွင့်တယ်..။
အတော်အတန်အောင်မြင်လာတော့ ဆက်ဆက် လေ့လာရင်း လေ့လာရင်းနဲ့ သူ့ဆိုင်ကို
ှဆံပင်ညှပ်အပြင် အခြား အလှပြင် ဆရာတွေပါ ငှားပြီး မိတ်ကပ် အလှပြင်
လုပ်ငန်းပါ တွဲလုပ်..။ သူ့ဘာသူလဲ ပညာသင် ... သူကိုယ်တိုင် ၀င်လုပ် ..။
လုပ်ရင် လုပ်ရင်းနဲ့... လမ်းဘေး ဆိုင်ခန်းလေး ကနေ ကိုယ်ပိုင်တိုက်ခန်း
ကိုယ်ပိုင်တိုက်ခန်းကနေ .. ကြီးမားတဲ့ Shopping Mall တွေ မှာပါ ဆိုင်ခွဲ
တွေ ဖွင့်နိုင်တဲ့အထိ အောင်မြင်လာတော့ သူလဲ အဲဒီမြို့ ရဲ့ ဒိတ်ဒိတ်ကြဲ
သူဌေးတွေထဲက တစ်ယောက် ဖြစ်လာတော့တာပေါ့..။

အဲတစ်နေ့တော့ ... စားသောက်ဆိုင်တစ်ဆိုင်မှာ ထိုင်နေရင်းနဲ့ သူ တစ်ခါက
အလုပ်သွားလျှောက်ဘူးတဲ့ ကွန်ပျူတာအင်တာနက် ဆားဗစ်ဇင်း ကုမ္ပဏီ က သူဌေးနဲ့
ဆုံဖြစ်တော့ စကားစမြည် ပြောဖြစ်ကြရင်းနဲ့ ရင်းနှီးမှု ရသွားတယ်.။ စားပြီး
သောက်ပြီး တော့ နှုတ်ဆက်တော့ ကွန်ပျူတာ ကုမ္ပဏီ ပိုင်ရှင် သူဌေးက
ကောင်လေးကို.. ဆက်သွယ်လို့ ရမယ့် အီးမေးလ် လိပ်စာ ပေးပါပေါ့..
ဆက်သွယ်လို့ရအောင် .. ဆိုတော့

ကောင်လေးက သူ့မှာ အီးမေးလ် လိပ်စာ မရှိပါဘူး.. အင်တာနက်ကိုလဲ
မသုံးတတ်ပါဘုး... လို့ ပြန်ပြောလိုက်တယ်..။
ဒီတော့ ဟိုသူဌေးက တအံ့ တသြ ဖြစ်သွားတယ်..။

ဟာ... အင်တာနက်မသုံးတတ်ပဲနဲ့ တောင် ခင်ဗျား ဒီလောက် အောင်မြင်နေတာ ..
အင်တာနက် ကွန်ပျူတာလေး ဘာလေးသင်ပြီး အင်တာနက်သာ သုံးတတ်ခဲ့မယ်ဆိုရင်
ဒီံထက် ဘယ်နှစ်ဆလောက် အောင်မြင်ဦးမယ်မသိဘူုးဗျာ...။ လို့
ပြောလိုက်တယ်..။

အဲတော့ ကောင်လေးက ပြုံးတယ်.။ ပြီးတော့ အဲဒီ သူဌေး ကိုပြောလိုက်တယ်...။

မထင်နဲ့ဗျ.. အင်တာနက် နဲ့ပက်သက်ပြီး ဘာမှ မတတ်ပေလို့ ပေါ့ဗျာ .. ။
ကျုပ်သာ... ကွန်ပျူတာ အင်တာနက် သုံးတတ်ခဲ့ရင် ခုလောက်ဆို .. ခင်ဗျားတို့
ကုမ္ပဏီမှာ အပေါက်စောင့်ကြီး ဖြစ်နေမှာဗျ.......... တဲ့

ပြီးတွားပါပြီခင်ညာ..။ ပြောထားပြီးသားနော်... ဆားချက်တာပါလို့.......။ အဟီး.။


အားလုံးကို လေးစားလျက်..
.......နတ်ဆိုးလေး........

နတ်နတ် လဲ ပျင်းကြောဆွဲနေတာနဲ့ ခုတစ်လော စာကို ရေးဖို့ အာရုံမရဘူးဖြစ်နေတယ်..။ ကဗျာတွေချည်း ရေးဖြစ်နေတယ်။ ကဗျာတွေကတော့ တော်တော် ပေါနေပြီ..။ လာပါလိမ့်မယ် တစ်ရက်နှစ်ရက် အတွင်းမှာ အတိုအစလေးများ နံပါတ် ၄ လာပါတော့မယ် ။ ခု နတ်နတ် အာရုံလေးရတုန်း စာလေးဘာလေးရေးဦးမဟ ဆိုပြီး စိတ်ကူးမိလို့ ဒီတစ်နေ့တော့ နတ်နတ် လေကန်လိုက်ဦးမယ်..။

မထူးပါဘူး ပုံပြင်ပြောလိုက်တာပဲ ကောင်းပါတယ်။။ နော ..။ သိတယ် နတ်နတ်တို့က နတ်နတ်ဘော်ဒါတွေ ပုံပြင်နားထောင်ချင်နေတာ သိတယ်..။ (ဟုတ်ဟုတ် မဟုတ်ဟုတ် ဟုတ်လိုက်တော့.. ဟီး)
ဒီကောင်လေးကို ဘယ်မှာ ဖတ်ဖူးတာလဲ ဘယ်သူက ပြောပြဖူးတာလဲ မမှတ်မိတော့ဘူးဗျ..။ အကြောင်းအရာလေးပဲ မှတ်မိတယ် ..။ ပြောပြမယ်နော်..။
တစ်ခါကပေါ့... အမျိုးသားတစ်ယောက်က အလုပ်ကနေ အပြန် ကားမောင်းလာနေတုန်း မတော်တဆမှုတစ်ခုကြောင့် အမျိုးသမီး တစ်ဦး ရဲ့ ကားနဲ့ ၀င်တိုက်မိပါသတဲ့..။ ကားတွေကတော့ တော်တော်လေး ဆိုးဆိုးရွားရွား ပျက်စီးကြပေမယ့် လူတွေတော့ ဘာမှ မဖြစ်ကြဘူးတဲ့...။ ပိန်ရှုံ့ စုတ်ပြတ်သွားတဲ့ ကာားတွေထဲကနေ အမျိုးသားကော အမျိုးသမီးကော ခက်ခက်ခဲခဲ ရုန်းကန်ထွက်လာလိုက်ကြပြီး နှစ်ယောက်သား လမ်းဘေးမှာ ရပ် ဖုတ်ဖတ်လေးခါပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်..။
အဲဒီမှာ အမျိုးသမီးက စကားစပြောတယ်..။
ရှင် ဘာဖြစ်သွားသေးလဲ တဲ့ ။ ဒီတော့ အမျိုးသားက ပြန်ပြောတယ် ..။
အာ ဘာမှ မဖြစ်ပါဘူး အဆင်ပြေပါတယ် ရတယ် ..။
ဆိုတော့ အမျိုးသမီးက ရင်ဘတ်လေး ဖိပြီး အမလေး တော်ပါသေးရဲ့ ဆိုပြီး သူ့ဘာသူ တ သလိုလို အမျိုးသားကြားအောင်ပဲ တသလိုလို ပြောလိုက်တယ်..။ အမျိုးသားကလဲ ပြန်မေးရတာပေါ့ ၀တ္တရားအရလေ..။ သူဘာမှ မဖြစ်တာတော့ မြင်တာပေါ..။
ခင်ဗျားရော ဘာဖြစ်သွားသေးလဲ...
မေးတော့ အမျိုးသမီးကလဲ ဘာမှသိပ်မဖြစ်လိုက်ပါဘူး.. ရပါတယ် ပေါ့..။
အေးဗျာ ကားတွေက စုတ်ပြတ်သတ် သွားပေမယ့် လူတွေ ဘာမှ မဖြစ်တာ ကျွန်တော်တို့ ကံကောင်းတာပဲနော်.. ဘုရားမတာပဲ..။ လို့
အမျိုးသားက ပြောလိုက်တော့ အမျိုးသမီးက
ဟုတ်တာပေါ့ရှင် ဘုရား မတယ် ဆိုတာထက် ခုကြည့်လေ ကားတွေ က ကြေမွပျက်စီး သွားပေမယ့် ကျွန်မတို့ နှစ်ယောက်လုံး ဘာမှ မဖြစ်ပဲ ကျန်နေရစ်ခဲ့တာ ဒါ ဘုရားက ကျွန်မတို့ကို မိတ်ဆွေတွေ ဖြစ်ကြဖို့ ဆုံစည်းပေးလိုက်တာပဲ လို့ကော မတွေးမိဘူးလား လို့ မေးလိုက်ပါသတဲ့..။
အဲဒီတော့မှ အမျိုးသားက
ဟာ... ဟုတ်ပါရဲ့ဗျာ ကျွန်တော် မတွေးမိဘူး ဒါဆို ကျွန်တော်တို့ နှစ်ယောက် မိတ်ဆွေ တွေ ဖြစ်သွားကြပြီပေါ့ လာဗျာ လက်ဆွဲနှုတ်ဆက်ကြရအောင်
လို့ပြောတော့ အမျိုးသမီးက လက်ကာ ပြပြီး
နေဦးရှင့် ကျွန်မမှာ လက်ဆွဲနှုတ်ဆက်တာထက်ကောင်းတဲ အစီအစဉ် ရှိတယ်..။ တဲ့...။
အဲတော့ အမျိုးသားက
အော ဆိုပါဦး ဘယ်လို အစီအစဉ်များလဲ
ဆိုတော့ အမျိုးသမီးက
ကျွန်မ ကားထဲမှာ ရှန်ပိန်ပုလင်း ပါတယ်...။ ကျွန်မတို့ ဆုံဆည်းခြင်း အထိမ်း အမှတ်နဲ့ ရှန်ပိန် သောက်ကြရအောင်လေ

ဆိုတော့ အမျိုးသားက ဟာ ကောင်းတာပေါ့ဗျာ လို့ ပြောတော့
ကျွန်မ ကားထဲမှာ ရှန်ပိန်ပုလင်းရှိတယ် မကွဲလောက်သေးဘူး မှန်ကွဲထဲကနေ လှန်းနှိုက်လိုက်ပါလား.. လို့ အမျိုးသမီး ပြောလိုက်တယ် ဆိုရင်ပဲ.. အမျိုးသားက ဟုတ်ပြီ ဆိုပြီးတော့ ရှန်ပိန်ပုလင်း ကို သွားထုတ်ယူလိုက်ပြီး အဖုံးဖွင့် ပြီး မော့ ချလိုက်တယ်...။ ပြီးတော့ အမျိုးသမီး ကို အလှည့် ပေးတဲ့ အနေနဲ့ ရှန်ပိန် ပုလင်း လှမ်းပေးလိုက်တယ်..။ အမျိုးသမီး ယူလိုက်ပြီး ပုလင်းကို အဖုံးပြန်အုပ်လိုက်တယ်..။
အဲတော့ အမျိုးသားက ဟင် ခင်ဗျား မသောက်ဘူးလား လို့မေးလိုက်တော့ အမျိုးသမီးက ဒီလိုလေး ပြန် ပြောလိုက်တယ်ခင်ဗျ ။

ဟင့်အင်း မသောက်တော့ ဘူး တ။ဲ့ ယာဉ်ထိန်းရဲ လာစစ်တဲ့ အချိန်ပဲ စောင့်တော့မယ်တဲ့ .....။ ကဲ မှတ်ကရော....။

သွားယုံတာကိုခံပေါ့..။ နည်းတောင်နည်းသေးတယ်..။

ကမ္ဘာကျော်တဲ့ အတွေးအခေါ်ပညာရှင်ကြီးတွေ စွန့်ဦးတီထွင်သူကြီးတွေ သူရဲကောင်းကြီးတွေတောင် မိန်းမတစ်ယောက်ကြောင့် ဒုက္ခရောက်ကြရဖူးပါတယ်...

အားလုံးကိုလေးစားလျက်
...နတ်ဆိုးလေး.....

ဟတ်မထိဘူးဗျို့

Posted by နတ်ဆိုးလေး On Sunday, July 25, 2010 7 ယောက်ရဲ့ စကားသံတွေ

နတ်နတ် သောကြာနေ့က ရုပ်ရှင်ကားသစ်တင်တယ်ဆိုလို့ ဘော်ဒါတွေ အုပ်လိုက်ကြီး သွားကြည့်ကြတာပေါ့..။ ဘယ်ပြောကောင်းမလဲ.။ နတ်နတ်တို့အဖွဲ့က ရုပ်ရှင်ကားတိုင်း တင်တဲ့ရက်မှာ ဦးအောင်ကြည့်တယ်..။ ကြွားချင်လို့ မဟုတ်ဘူးခင်ဗျ.။ လက်မှတ်ရအောင် အလုအယက် ဖြတ်ရတာကို ရင်ခုန်လို့.။ ထားပါတော့..။ ဒီတစ်ပါတ် ကားသစ်တင်ပြီ.။ ဒီဇာတ်ကားက ထရေလာ မှာကတည်းက အတော် နာမည်ကြီးနေတဲ့ကား..။ ဟတ်ထိတယ် တဲ့..။ သိတော်မူကြတဲ့အတိုင်း ဟာသကားလေ..။
မြန်မာနိုင်ငံမှာ ရိုက်စရာ ဒရာမာ ဇာတ်ညွှန်း မရှိတော့ဘူးလားမသိဘူး..။ ဟာသကားတွေချည်းလှိမ့်ရိုက်နေတယ်.။။ လာလိုက်ရင် ဟာသ ဟာသ နဲ့. ကြာရင် ရုပ်ရှင်ပရိတ်သတ် မေးရိုး လွဲသွားမှာတောင် ကြောက်ရတယ် ရယ်ရလွန်းလို့..။ စိတ်ပျက်ဖို့ကောင်းလောက်အောင် မှိုလိုပေါက်နေတဲ့ ဒီ ဟာသကားတွေက ပရိတ်သတ်ကို တစ်ခုခု ပေးနိုင်လားဆိုတော့လဲ ဘာမှ အဖြစ်ရှိအောင် ဆွဲဆောင်နိုင်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေလဲ ပါတာမဟုတ်.။ ဇာတ်လမ်းဇာတ်ကွက် ကမကောင်းဘူုးဆိုတော့ ဘာ special effect တွေနဲ့ ရိုက်ကူးထားလဲဆိုတော့လဲ မဟုတ်ပြန်..။ တစ်ခါလာ ငပလီ.. တစ်ခါလာ ချောင်းသာ တစ်ခါလာ ငွေဆောင် တစ်ခါလာ ကန်တော်ကြီး ကုက္ကိုင်းရေကူုးကန်.. ဘာလဲဗျာ.. အောက်ဒိုးဆိုရင် ဒါရိုက်တာတွေ တစ်ခြားနေရာကို မသွားကြဘူး ..။ ဒီမှာပဲ လာလာစုနေကြတယ်..။ ကမ်းခြေက နယ်ခံတွေကတော့ မျက်စိနောက်ရော့မယ်..။ ပြိးတော့ အင်ဒိုး ရိုက်ရင်လဲ နေရာသိပ်မရှိဘူး..။ ဇာတ်လမ်းဆင်ရင် ခြံပြောင်းတာက တော်တော် ခေတ်စားတယ်..။ ကောင်လေးနေတဲ့ခြံဘေး ကောင်မလေးက ပြောင်းလာ.. ကောင်လေးကကြွေ၊ ကောင်မလေးကမူ၊ ကောင်လေးက စ၊ ကောင်မလေးက စိတ်ဆိုး၊ ကောင်လေးက ဒူးထောက်၊ ကောင်မလေးကသနား ပြီးတော့ ညား..။ ပလုတ်ဗြုန်းဆို ဇာတ်သိမ်းသွားရော..။ ရုပ်ရှင်ဇာတ်ကား တဲ့အဲဒါ..။ တစ်ကားမဟုတ်ဘူး နှစ်ကားမဟုတ်ဘူး. ဇာတ်ကားတိုင်း ဒီလမ်းလိုက်နေတော့လဲ ကြာတော့ ငြီးငွေ့လာတာပေါ့.။ ပြီးတော့ ဇာတ်လမ်းက အနိမ့်အမြင့် အတက်အကျမရှိ . ဘာခံစားချက်မှ မရှိဘူး..။ ဖြောင့်ဖြောင့်စင်းစင်းကြီး ဇာတ်လမ်းစ ဖြောင့်ဖြောင့်ကြီး ရိုက်ကူးပြီး ဖြောင့်ဖြောင့်ကြီးပဲ ဇာတ်သိမ်းသွားတော့..။ ဇာတ်ကားကြီးက ရသမပါတဲ့ အဖြောင့်လိုက်ကြီး ဖြစ်နေတယ်..။

ဥပမာ...
နတ်နတ် ဇာတ်ညွှန်းတစ်ခု ရေးပြမယ်..။


ကိုလှဖေက မမြမေကို
မမြမေရေ ကျွန်တော်တော့ခင်ဗျားကိုချစ်မိနေပြီဗျာ.

မမြမေက
ဟုတ်လား ကျွန်မလဲ ရှင့်အပြောကိုစောင့်နေတာ

ကိုလှဖေ ၀မ်းသာသွား..။
ဟင် ဒါဆို ချစ်တယ်ပေါ့.. လက်ထပ်ကြရအောင်ကွာ..

မမြမေ ပြန်ပြော..။
အဖေတို့ အမေ တို့ဆီ လာတောင်းလေ..။

နောက်နေ့ ကိုလှဖေ လာတောင်း..။
လှဖေ မြမေ ပြိုင်တူပြော..။
သားတို့ သမီးတို့ ရည်ငံနေကြပါပြိ..

အဖေနဲ့ အမေ ပြိုင်တူပြန်ပြော..။
အေး.. အဖေတို့ အမေတို့လဲ သားတို့ သမီးတို့ အပြောစောင့်နေတာ...။
နေ့ကောင်းရက်သာရွေးပြီး ယူကြလေကွယ်.။

အဲဒါနဲ့ လှဖေ မြမေ ညားကြလေသတည်း..။

ကိုင်း... ဇာတ်လမ်းတစ်ပုဒ်က အဲလိုဖြစ်လို့ ရမလား..။ နတ်နတ်ပြောတာ နဲနဲ လွန်သွားပြီ.. အဲလောက်ကြိးတော့ ဘယ်ဇာတ်လမ်းမှ မရိုက်ဘူး.။ ဟုတ်ပါတယ်..။ အဲလိုတော့ မရိုက်ပါဘူး..။ ဒါပေမယ့် ဇာတ်လမ်းက အဖြောင့်ကြီးသွားတယ်လေ.. အနိမ့်အမြင့်အတက်အကျ မရှိဘူး..။ ဒါထက် ဖြောင့်မယ်ဆိုရင် စောစောက နတ်နတ် ပြောတဲ့ ဇာတ်ညွှန်း အတိုင်းသွားမှာပဲ..။ ဘယ်မှာလဲ အနှစ်သာရ..။ ဘယ်မှာလဲ ရသ..။ တစ်ဟီးဟီး တစ်ဟားဟားနဲ့ ဘာအဓိပ္ပါယ်မှ မရှိတဲ့ အကြောင်းအရာတွေ . လက်တွေ့ဘ၀နဲ့ ဘယ်လိုမှ မသက်ဆိုင်တဲ့ အကြောင်းအရာတွေကို အူတက်အောင် ရယ်ပြီး ပြန်လာရတာကိုပဲ ရသ လို့ ခေါ်သလား..။ တစ်ခြားခံစားလို့ရတဲ့ အကြောင်းအရာတွေ ပရိတ်သတ်ကို ပေးလို့ ရတဲ့ massage တွေ အများကြီး ပေးလို့ ရတယ်..။
ဒါရိုက်တာက ဇာတ်ကားနာမည်လေးနဲ့ ပရိတ်သတ်ကို မျှားခေါ်သွား..။ ဇာတ်လမ်းထဲ ကောက်ကောက်ပါလာမှ မထူးဇာတ်ခင်း.. မနေ့က အရာကြီး ဒီနေ့ ဘာဘူကြီး .ကြားထဲမှာဇာတ်ဝင်သီချင်းလေး ကို ခပ်မြူးမြုးလေးလုပ်ပြီး မြှူဆွယ်မယ်..။ မြင်နေတွေ့နေကျ ဟာသပြကွက်တွေနဲ့ ပရိတ်သတ်ကို အတင်း ကလိထိုးမယ်..။ ပြီးရင် ၀ုန်းဒိုင်းဆို ဇာတ်သိမ်းပြီး ပရိတ်သတ်ကို ပြန်လွှတ်မယ်..။ ဒါပဲ.။ ပရိတ်သတ်ဆိုတာ ဒီကားကြီး ကြည့်ပြီး ပြီးတဲ့နေရာမှာပဲ ကျန်ခဲ့ပြီ..။ ရင်ထဲမှာ စွဲသွားပါတယ်ဆိုတဲ့ ဇာတ်ကား.. ဘာရှိလဲ..။ ဘာမှ မရှိဘူး..။ အရင်တုန်းက သူ့ကျွန်မခံပြီ တို့ သင်္ကြန်မိုးတို့ဆို ကောင်းပါ့ဗျာ.။ မြန်မာကားထဲမှာ နတ်နတ် စွဲတာ သူ့ကျွန်မခံပြီ တစ်ကားပဲရှိတယ်.။ မြန်မာ့ရုပ်ရှင် အဆင့်အတန်းက မြင့်တက်မလာဘူးဖြစ်နေတယ်..။
နတ်နတ် က ဘော်ဒါတွေနဲ့ သွားနေရရင် ပျော်လို့သာ ဒီ ဟာသကားကြီးတွေကို ကြည့်နေတာ.။ စိတ်ထဲမှာက အရမ်းမုန်းနေပြီ.။ နိုင်ငံခြားကားတွေပဲ ကြည့်နေရတယ်.။ နိုင်ငံခြားကကျတော့ ဘယ်သူမှ ခေါ်လို့မရဘူး.။ နတ်နတ် တစ်ယောက်တည်းသွားသွားကြည့်ရတာ..။ မဖြစ်သေးပါဘူး. နိုင်ငံခြားကားကြိုက်တတ်တဲ့ ရည်းစားလေးတစ်ယောက်တော့ရှာဦးမှပါ....။ ဟဲဟဲ။။


အားလုံးကိုလေးစားလျက်
....နတ်ဆိုးလေး....

တောဓလေ့

Posted by နတ်ဆိုးလေး On Tuesday, July 20, 2010 7 ယောက်ရဲ့ စကားသံတွေ

နတ်နတ် ခရီးထွက်နေတာနဲ့ ဘလော့နဲ့က တော်တော်ကြီးကို အဆက်ပြတ်သွားတယ်..။ ဆရာမ မရွှေဇင်ဦးကဆို ကျွန်တော့်ကို ဘလော့ဂါ ဘ၀ ကနေ ပင်စင်ယူသွားပြီကို ထင်နေတာတဲ့..။ မယူပါဘူး..။ နတ်နတ်အသက် ၁၉ နှစ်ပဲ ရှိသေးတယ်။ သူများတွေလို ၇၀ကျော် ၈၀ နားနီးမှ ပင်စင်ယူမှာ စိတ်ချ..။ စိတ်နာနာနဲ့ကို ရေးနေဦးမှာ..။ ခုလဲ ပရုပ်ဆီက မရဘူး..။ ကျွန်တော် ခရီးထွက်တဲ့ အချိန်လေးတင်ကို အတော်ကြီး အခြေအနေက ဆိုးဝါးသွားတာ..။ ပရုပ်ဆီမှ မရပါဘူးဆို သတင်းကြေညာသလိုလို အတင်းတုတ်သလိုလိုနဲ့ လူကို အုန်းဆီ လာလိမ်းပေးတဲ့လူကရှိသေးတယ်.။ ဟီးဟီး..။ ထားလိုက်ပါတော့..။

ခုတော့ ရွှေနိုင်ငံရဲ့ ပင်တိုင်ပရုပ်ဆီဘူးကြီးဖြစ်တဲ့ freegate ကို အသုံးပြုပြီးသကာလ ပို့စ်တစ်ခု တင်နိုင်အောင် ဖျစ်ညှစ်ပြီးရေးလိုက်ပါတယ်..။ ဘာရေးမယ်လို့လဲ စီစဉ်မထားလေတော့ နတ်နတ် ရဲ့ ခရီးသွားတောလားကြီးကိုပဲ ရေးပါမယ်..။ ဖတ်ချင်လဲ ဖတ် မဖတ်ချင်လဲ ဖတ်ကြပေါ့နော..။
နတ်နတ်ရဲ့ ငယ်မပေါင်းကြီးဖော်ကြီး တစ်ယောက်ရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေကို လိုက်သွားတုန်းကပေါ့..။ သူကလဲ အဆွယ်ကောင်းတယ်ဗျ..။ နတ်နတ်ကို ကစော်နဲ့ မျှားခေါ်တာ..။ ဒီကကောင်ကလဲ ငေါက်ငေါက်ပါအောင်လိုက်သွားတာ.။ ထန်းရည်ကောင်းတယ် ဆိုတာကိုး..။ မုံရွာ ဟိုဘက် ပုလဲနယ်ထဲက ရွာတစ်ရွာ ပါ..။ ကိုင်းတွင်းတဲ့..။ ကားက ကိုင်းတွင်းထိမရောက်ဘူုးဗျ.။ သူ့ရှေ့မှာ မင်းတိုင်ပင် ဆိုတဲ့ရွာကို ရောက်တယ်.။ အဲဒီကမှ ကွေ့ကွေ့ကောက်ကောက် တောလမ်းတစ်လျှောက် ဆိုင်ကယ် ၁၅ မိနစ်လောက် မူးနောက်နေအောင်စီးပြီးရင် ကိုင်းတွင်းကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ပါတယ် ခင်ဗျ..။ စောစောက ကားဂိတ်ဆုံးတဲ့ မင်းတိုင်ပင်မှာ ဘော်ဒါ အပေါင်းအသင်းက ပိုပေါတယ်..။ နတ်နတ် အပေါင်းအသင်းတစ်ယောက်က အဲဒီမင်းတိုင်ပင်က ဘီယာဆိုင်က တစ်ယောက်ပါတယ်လေ..။ သူက one table တာဝန်ခံထားတယ်..။ ( 0ne table တာဝန်ခံဖို့ရာ ကို တော်တော် နားချလိုက်ရတယ်.. သူက ကောင်မလေးဆိုတော့ သိပ် တိုက်ချင်တာ မဟုတ်ဘူး..) ထားတော့..။ ကိုင်းတွင်းကို ရောက်တော့ ညနေ ၄ နာရီလောက်ရှိသွားပြီ..။ အဲမှာ ကိုယ့်ဆြာသမားက ရေမိုးချိုးတဲ့ပြီး ၀ူးဆို ဆိုင်ကယ်လေးနဲ့ ထွက်သွားပြီး ပြန်ရောက်လာတော့ လက်မလေးထောင်တဲ့ပြီး ဟေ့ကောင် တစ်မြူမှာခဲ့ပြီ တဲ့..။ ကိုယ့်မတော့ ဟုတ်လှပါလား အောင့်မေ့တာ ပြီးတော့ ဟုတ်လဲ ဟုတ်ဘူး.. ။ နောက်နေ့မှတဲ့..။ ငုတ်တုတ်ကိုမေ့ရော..။ အဲဒီတစ်ည ထန်းရည်ကိစ္စ စိတ်ဒုန်းဒုန်းချပြီး ဆြာသမားရဲ့ ရပ်ဆွေရပ်မျိုးတွေဆီ သွားလည်ပါတယ်..။ မိတ်ဆက်ပေးပါတယ်ခင်ဗျ...။ ဟုတ်ကဲ့ ရွာဆိုတဲ့အတိုင်းပဲ ရွာလုံးသာကျွတ်သွားတယ်.။ သူ့အမျိုး မကုန်ဘူး ခင်ညာ..။ သွားဦးမလား မေးတော့ အောင်မလေး တော်ပါတော့ ဆြာရယ် ညောင်းလှပါပြီပြောမှ ချစ်ကြည်ရေး မိတ်ဆက်ခြင်းကိစ္စ နိတ္တိတံသွားတော့တယ်။။ တစ်ခုတော့ရှိတယ်ဗျ... တစ်အိမ်ဝင် တစ်ခွက်ချတည်လိုက်တဲ့ မုန့်တွေက တစ်နပ်စာ ဖူလုံတယ်ခင်ဗျ..။
နောက်တစ်နေ့ မနက် ကျတော့ ၇ နာရီ အိပ်ရာထတယ်ခင်ဗျ..။ စောလှပြီမှတ်တာ ရွာထဲမှာ နတ်နတ် နောက်ဆုံးနိုးတာတဲ့ ခင်ဗျာ..။ အဲဒါနဲ့ မျက်နှာသစ် ထမင်းကြမ်းစား ရေမိုးချိုးပြီး.. ကားဂိတ်ဆုံးခဲ့တဲ့ မင်းတိုင်ပင်ဆီကို ပြန်လည်ချီတက်တယ်ခင်ဗျာ..။ အဲဒီမှာ အပေါင်းအသင်းတွေ ပေါတယ်ခင်ဗျ..။ ရှိသမျှ အပေါင်းအသင်းတွေ စုပြီး လက်ဖက်ရည်ဆိုင်မှာ လေကန်နေလိုက်ကြတာ... ၁၁ နာရီလောက်ကနေ ၂နာရီခွဲသွားတယ်။ လူစုလဲ ကွဲသွားရော မိုးလေးအုံ့လာတာနဲ့ ကိုယ့်နေရာကိုယ် ပြန်နေရာယူလိုက်ကြတယ်..။ မိုးကလဲ မညှာမတာ ရွာတယ်ခင်ဗျ..။ ၅ နာရီလောက်ကျတော့ မိုးစဲစဲချင်း one table စေတနာရှင်လေးဆီကိုသွားပြီး အပီအပြင် ဆွဲပါတယ်ခင်ညာ..။ ဟုတ်ကဲ့..။ ထမင်း ဘူဖေး တစ်ပွဲနဲ့ ဘီယာ သုံးခွက်စီ သုံးဆောင်ကြတယ်..။ သူငယ်ချင်းမလေး ကလဲ သဘောကောင်းရှာပါတယ်..။ မငြီးမငြူပဲ အပြုံးမပျက်ပဲ ကျွေးမွေးရှာပါတယ်..။ ၇ နာရီလောက်ရောက်တော့ ကိုင်းတွင်းကို ပြန်ဖို့ ကိစ္စ ပြသနာတက်ပါလေရော..။ မိုးကြိး ရွာထားတော့ မင်းတိုင်ပင်-ကိုင်းတွင်း လမ်းကလဲ နေပူတော် က ကွန်ကရစ်လမ်းတွေ မဟုတ်လေတော့ နတ်နတ်တို့ အတော့ကို ပင်ပင်ပန်းပန်း ကြိုးစား အားထုတ်ပြီး ပြန်လိုက်ရတယ်ခင်ညာ.။ ဆိုင်ကယ်က ကိုယ့်ကို ပြန်မစီးရုံတစ်မယ်ပေါ့..။ ၇ နာရီလောက်က ပြန်တာ ၁၅ မနစ်လောက်ကြာရမယ့်ခရီးကို ၁ နာရီ ကျော်ကျော်လောက် သွားလိုက်ရတယ်ခင်ဗျ..။ ဆင်းတွန်းလိုက် တက်စီးလိုက်နဲ့..။ ထားတော့ ရောက်သွားပြီပဲထားပါတော့.။

အဲဒီမှာ ဇာတ်ရှီန်တက်တာပဲ..။ ကိုင်းတွင်းရောက်တာနဲ့ ထန်းရည်ဆိုင်က နတ်နတ်တို့ကို ဆီးကြိုနေတယ်ခင်ညာ..။ မြူအိုးလေးမြင်မှ ပဲ အမောကို ပြေသွားတာပဲ..။ သောက်ရတဲ့ ထန်းရည်က ဒီကောင် အပြောထက်တောင် ပိုကောင်းသေး..။ ရွှေမန်းက မြန်မာ ဘီယာတို့ ဒဂုံတို့ဆိုတာ ကိုင်းတွင်း ထန်းရည်က တက်မလာနဲ့ တောက်ချပစ်မယ်ဆိုတဲ့ အထဲကပဲ..။ တနားဒယ်လို့....။ ရယ်လိုက်မောလိုက် ပြောလိုက်ဆိုလိုက်နဲ့ ထန်းရည်ကလဲ သောက်လို့ကောင်း ရွာသားတွေကလဲ ခင်ဖို့ကောင်း ဆိုတော့ အဲဒီည က တော်တော် လေး ပျော်ဖို့ ကောင်းခဲ့တယ်ခင်ဗျ.။ သူများဆီဆိုတော့ ရွှေမန်းမှာလို့ ပတ်မရမ်းရဲဘူးဗျ.။ မတော် ပတ်တီး တန်းလန်းနဲ့ ပြန်နေရမှာ..။။ ဟီးဟီး..။ မနက် ၄ နာရီထပြန်ရမယ်ဆိုတော့ ည ၁၂ လောက်လဲရောက်ရော မအိပ်ချင်လဲ နတ်နတ်တို့ မှိတ်ကြိတ်အိပ် ခဲ့ရတယ်..။ ဒါတောင် မနက်ကျတော့ အပြန်ကားကို မီရုံလေးရယ်..။

ကိုင်း နတ်နတ်ရဲ့ ခရီးသွားတောလားကြီးကတော့ ဒီမျှပါပဲ..။ နောက်လဲ လမ်းကြုံကြုံ မကြုံ ကြုံ အလည် လိုက်ပါဦးမယ်. ကိုင်းတွင်းသား ဘော်ဘော်ရေ..။
နတ်နတ် ကဗျာတွေ ရေးနေပါတယ်..ခင်ညာ..။ ပြောဖို့ ပုံပြင်တွေရှာနေပါတယ်.။ နတ်နတ် ဘလော့ဂါ လောကက နေ အနားမယူသေးပါဘူး..။ ရေးဦးမှာပါ ..။


အားလုံးကိုလေးစားလျက်
......နတ်ဆိုးလေး......

နတ်နတ်လဲ ဘောလုံးပွဲက တော်တော်ထိထားတော့ ပို့စ်ဖက်ကို မရောက်ဖြစ်ဘူး ဖြစ်နေတာ..။ ခုတော့ ရေးလိုက်ပါဦးမယ်.. တစ်ပုဒ်လောက်..။ ဘလော့ဂါ အကိုအမတွေ အိပ်မပျော်ဘူးကြားလို့ ပုံပြင်ပြောဦးမလို့။။ ဟဲဟဲ... ပုံပြင်ကတော့ တိုတိုလေးရယ်..။ ပို့စ်ရှည်အောင် နတ်နတ်က ကြားထဲကနေ လေပန်းပေးရမှာပေါ့. နော..။ ပုံပြင်လို့တော့ ပြောလို့မရဘူးဗျ..။ တကယ်ရှိခဲ့တာကိုး.။ ကိုင်း စရအောင်..။

ပုံပြင်ဆိုတော့ ဟိုးရှေးရှေးတုန်းကနဲ့ပဲ စမယ်ဗျာ..။
ဟိုးရှေးရှေးတုန်းကတဲ့... ဂရိ မှာ အရစ္စတိုတယ်က သင်တန်းကျောင်းတစ်ခု ဖွင့်ပါသတဲ့..။ သူက သူ့ရဲ့ မြို့လေးကို ပညာရှင်တွေ ပေါတဲ့ မြို့လေး ဖြစ်စေချင်တာပေါ့..။ အဓိက ရည်ရွယ်ချက်ကတော့ သူတို့မြို့မှာ လစ်ဘရယ် ပညာရေး သိသိသာသာ ဖွံ့ဖြိုးတိုးတက်စေချင်တာရယ်... ပြီးတော့ သူတို့ နိုင်ငံကို ခေါ်းဆောင်မယ့် လူတစ်ယောက်ဟာ အတွေးအခေါ်အမြော်အမြင်နဲ့ ပြည့်စုံတဲ့ အရည်အချင်းပြည့်ဝတဲ့ နိုင်ငံ့ ခေါင်းဆောင် တွေ ဖြစ်စေချင်တာရယ်ကြောင့်ပေါ့..။ အနာဂါတ် နိုင်ငံ ကို ခေါင်းဆောင်မယ့်သူတွေက လူငယ်တွေမဟုတ်လား..။ အရစ္စတိုတယ်ရဲ့ အမြာ်အမြင် ကြီးမားမှုကြောင့် သင်တန်းကိုလာတက်ကြသူတွေကလဲ အများသားကိုး...။ အရစ္စတိုတယ် ရဲ့ တပည့်ဆိုရင် ခုခေတ် အိုင်အယ်လ်ဘီစီ တို့ တက်တဲ့ ကျောင်းသားလိုပေါ့..။ အများက အထင်ကြီးခံရတာပေါ့..။ ဒီလိုနဲ့ အရစ္စတိုတယ်ရဲ့ သင်တန်းကျောင်း ဂုဏ်သင်းက မွှေးပြီးရင်း မွှေးရင်းပေါဗျာ..။

တစ်နေ့မှာ အရစ္စတိုတယ်ရဲ့ သင်တန်းကျောင်းကို အမျိုးသမီးတစ်ယောက် ရောက်လာတယ်..။ အရစ္စတိုတယ်ရဲ့ သင်တန်းကျောင်းမှာ သူ့သားလေးကို ကျောင်းထားဖို့ကစ္စ လာဆွေးနွေးတာပေါ့...။ သူကလဲ သူ့သားသမီးတွေကို အရစ္စတိုတယ်ရဲ့ တပည့် ဖြစ်စေချင်တာကိုး..။ အရစ္စတိုတယ်နဲ့ အဲဒီ အမျိုးသမီး ဟာ နှစ်နာရီ သုံးနာရီ ကြာ ဆွေးနွေးမှုတွေ ပြုလုပ်ကြတယ်။။ နောက်ဆုံးမှာ အမျိုးသမီးက အရစ္စတိုတယ်ကို မေးခွန်းတစ်ခု မေးလိုက်တယ်..။
ကျွန်မ သားလေးကို ဘယ်ချိန်မှာ စ ပညာသင်ပေးသင့်သလဲ.။။ ဘယ်ချိန်လောက်မှာ အမြော်အမြင် အတွေးအခေါ်ရင့်ကျက်တဲ့ လူငယ်တစ်ယောက် ဖြစ်နေသင့်သလဲ..။  တဲ့..။

အရစ္စတိုတယ်က အမျိုးသမီးကို ပြန်မေးလိုက်တယ်..။
ခင်ဗျားသား က အသက် ဘယ်လောက်လောက် ရှိသွားပြီလဲ....။ တဲ့
ဆိုတော့.. အမျိုးသမီးက

၅ နှစ်တော့ရှိသွားပါပြီ...........။ လို့ဖြေတော့

အရစ္စတိုတယ်က သူမေးတဲ့ မေးခွန်းကို ဖြေလိုက်ပါတယ်..။

ခင်ဗျား အချိန်တွေ သိပ် အလေအလွင့်မခံနဲ့တော့..။ ခင်ဗျားသားကို ပညာသင်ပေးဖို့ဆိုတာ ငါးနှစ်လောက်နောက်ကျနေပြီ................။ တဲ့

ကိုင်း ပုံပြင်လေးကတော့ဒါပါပဲ..။ တိုတိုလေးတော့ တိုတိုလေးပါ..။ တွေးစရာလေးတစ်ခု ရဖို့ ပြောပြတာပါ..။


လူရယ်လို့ဖြစ်လာရင် မွေးလာလို့ အူဝဲလို့ စအော်ကတည်းက ပညာတွေကို သင်ယူနေရတာပါပဲ.. ။ အရစ္စတိုတယ် ပြောသွားတာက ၅နှစ်အရွယ်ကလေးတစ်ယောက်ဟာ ပညာသင်ယူမှု မရှိသေးဘူးဆိုရင် ပညာသင်ယူဖို့ ၅ နှစ်နောက်ကျနေပြီ.... ဆိုတော့.......


အားလုံးကိုလေးစားလျက်
.......နတ်ဆိုးလေး..........

 နတ်နတ်တို့ မူးပြီဆိုမှဖြင့် တွေ့တဲ့လူတိုင်းက လက်လန်အောင်မူးတာ..။ နတ်နတ်ကိုခေါ်တာ လောကနတ် တဲ့..။ (လက်လန်ရုံ မက ခြေပါခွင် လို့ )..။ နတ်နတ် တို့က မူးသာမူးတာ သိက္ခာ ကျ မခံဘူး..။ သက်သာရဲ့ လား လာမမေးနဲ့..။ နောက်ကျောလာမနှိပ်ပေးနဲ့..။ ဇက်ကျိုးရင် လက်ထိုးအန်မယ် ဆိုတဲ့ အစားထဲကပဲ..။ နတ်နတ် ကို ဆရာလာမလုပ်နဲ့ အရက်ကွ ကြိုက်လို့ သောက်တာမဟုတ်ဘူး..။ မူးချင်လို့သောက်တာ..။ မူးတာ ဘာဖြစ်လဲ .. ဘာမှ မဖြစ်ဘူး..။ လာမပြောနဲ့..။
ပြောရဦမယ်..  နတ်နတ် ဆေးရုံတက်တုန်းကတောင် ဆရာဝန်က ပြောတယ်..။ အရက်တွေ အများကြီး မသောက်နဲ့တဲ့..။ ဘယ်ရမလဲဗျ.. နတ်နတ်ပဲ.. မိန်းမ ကို ၀ယ်ခိုင်းတာပေါ့..။ တစ်ပုလင်း ၀ယ်လာရှာတယ်..။ မိန်းမက မျက်နှာတော့ မကောင်းဘုး..။ နတ်နတ်ကိုချစ်တော့ ၀ယ်ပေးရှာတယ်..။ (အဲဒါလေးတွေ ချစ်နေရတာ...) နတ်နတ် သောက်တောင် မသောက်ရသေးဘူး.. ဆရာဝန်ကြီး Round လှည့်မယ် ဆိုတော့ ကုတင်အောက် ပုလင်းလေး အသာဖွက်ထားလိုက်တယ်.. ခပ်တည်တည်ပဲ..။ ဒါတောင် ဆရာဝန်ကြီး က မြင်ဖြစ်အောင် မြင်သွားသေးတယ်..။ ပုလင်းကြီးကောက်ကိုင်ပြီး..
အရက် တွေ သိပ်မသောက်ပါနဲ့ဆို ၀ယ်လာပြန်ပြီလား... တဲ့မေးတယ်

နဲနဲလေးပါ ဆရာရယ်

ဒါ နဲတာလာဗျ တစ်ပုလင်းကြီးတောင် ဥစ္စာကို

တစ်ကယ်ရစ်တဲ့ ဆရာဝန်ပဲ.... ဘာတွေပြောမှန်းမသိဘူး နတ်နတ်လဲ ပြောမိပြောရာ ပြောပစ်လိုက်တာ..။

အာ ကျွန်တော့် အရက်က တစ်ဝက်တည်းပါ.. ကျန်တာ သူငယ်ချင်း အရက်တွေ

ဒါဆို ခင်ဗျား အရက်တစ်ဝက် သွန်ပစ်လိုက်မယ်ဗျာ.. တဲ့

အတော် လက်ပေါက်ကပ်တဲ့ဆရာဝန်ဗျ .. ဘယ်ရမလဲ နတ်နတ် က ပြန်ပြောလိုက်တယ်

အာ မဖြစ်ဘူးဗျ အပေါ်က အရက်တွေက ကျုပ် သူငယ်ချင်းအရက်တွေ ကျုပ် အရက်က အောက်မှာ လို့........

ကိုင်း.. ဆရာဝန် ဘာတတ်နိုင်သေးလဲ.. နတ်နတ်တို့က အဲလို အဲလို.. ။ ဒီလိုပဲဗျာ အပေါင်းအသင်းလေးတွေ စုံကာမှ သောက်ဖြစ်တာပါဗျာ..။ အရက်သမားလို့လဲ မခေါ်နိုင်သေးပါဘူး..။ ထားလိုက်ပါတော့..။ နတ်နတ် အိမ်ထောင်ရက်သားကျ ကတည်းက တိုက်ခန်း ငှားနေတာ အမြင့်ကြီးဆိုတော့ သောက်ပြီး တက်ရရင် မသက်သာ ဘူး..။ တစ်ခါသား.. ကိုယ့်ဘာကိုယ် တက်ကြည့်တာ အောက်ပြန်ပြန်ရောက်နေလို့ နောက်ဆို မိန်းမ ကို အောက်ကနေလှမ်းခေါ်ပြီး တွဲခေါ်ခိုင်းရတယ်..။ အဲလို အဲလို ..။ ပြောရင်းဆိုရင်း တိုက်တန်းကိုတောင် ရောက်ပြီ..။ မိန်းမ ခေါ်လိုက်မယ်.။ ခေါင်းလောင်းကြိုးလေး ကလောင်ကလောင် ဆွဲလိုက်ရုံပဲ... ဘာခက်တာမှတ်လို့..။ လာထား..။ ဟင် မိန်းမ အခန်းထဲကနေ ခေါင်းပြူကြည့်တာ ဘယ်ကကောင်လဲဟ..။ ပိုင်စီးပိုင်နက်နဲ့ အောင်မာ အင်္ကျီတောင် မပါဘူး..။ ဟာ.... ငါ့မိန်းမ ...  ။ ။ ။

မစောင့်နိုင်တော့ဘူး.. ပြေးတက်မှ ဖြစ်မယ်..။ မူးပြီး တိုက်တန်းပေါ်တက်တာ ဒီတစ်ခါပဲ လျှောလျှောလျှူလျှူ ရောက်သွား ဖူးတယ်..။ တန်းနေတာပဲ.။။ အခန်းဝ ရောက်တော့ တံခါးက အတွင်းက ချက်ထိုးထားတယ်.။ ဘယ်ရမလဲ..။ နတ်နတ်ပဲ.. လာထား.. နိုင်ငံခြားကားတွေထဲကလို နောက်နဲနဲ ဆုတ် အရှိန်ယူပြီး ကိုယ်လုံးနဲ့ တိုက်ချလိုက်တာ ... ၀ုန်းကနဲ မြည်ပြီး တံခါး ကျိုးသွားရော..။ အထဲရောက်တော့ အိပ်ရာ ပေါ်မှာ မိန်းမ က စောင်ကြီးခြုံလို့ ။ ဘောင်းဘီ ပြန်ဝတ်နေတဲ့ သေနာကောင်ကို ဂုတ်ကနေကိုင် ပြီး ၀ရန်တာဘက် ဆွဲခေါ်သွားလိုက်တယ်..။ ပြီးတော့ ၀ရန်တာဘောင် ပေါ် တင်ထားလိုက်ပြီး ... စောစောကလိုပဲ နောက်နဲနဲဆုတ် အရှိန်ယူပြီး ဒီတစ်ခါကျ ဖင်ဘူးတောင်းကြီးထောင်နေတဲ့ မသာကောင်ကို အတင်း ဆောင့်ကန်ပစ်လိုက်တယ်..။

အောင်မလေးဗျ............. ဆိုတဲ့ အော်သံကြီး အဆုံးမှာ ဘုန်း ဆို အောက် ပြုတ်ကျတဲ့ အသံကြီး ကြားလိုက်ရတယ်.........။

ကန်လဲပြီးရော နတ်နတ်လဲ တော်တော်တော့ အမူးနဲနဲ ပြေသွားပြီ..။ ရီဝေေ၀ လေးပဲ ကျန်တော့တယ်..။
ကန်ချလိုက်တဲ့ ၀ရန်တာကို တစ်ချက် ငုံကြည့်ပြီး

အတော်အီသွားမှာပဲနော် မိန်းမ........... အမြင့်ကြီးပဲဟ လို့ ပြောလိုက်တော့ နောက်က ပြန်ပြောတယ်....။

မအီပဲနေမလားရှင် ဆယ်လွှာ က ပြုတ်ကျပါတယ်ဆိုနေမှ ... တဲ့..။

နတ်နတ် ခေါင်းနပမ်းကြီးသွားတယ်..။

ဘာ........... ဆယ်လွှာ ဟုတ်လား..။ 
ဟုတ်တယ်လေ.........။

နောက်က စကားပြောတဲ့ အမျိုးသမီးကို ပြန်ကြည့်လိုက်တယ်..။ သေချာပြီ.. ဒါ ငါ့မိန်းမ မဟုတ်ဘူး.....။
မချိုမချဉ် ကြီး ဖြီးပြလိုက်ပြီးတော့ ကျွန်တော် ပြန်ပြောလိုက်တယ်.......။

အဟီး ဆောရီးနော်............. အထပ်မှားတက်လာတာ..... ကျွန်တော့ အခန်းက အောက်မှာ........

အဲလို အဲလို နတ်နတ်တို့က အဲလိုမူးတာ.......... အဟီး။။။။။။။။။။။။။။။


အားလုံးကိုလေးစားလျက်
.......နတ်ဆိုးလေး............

အိပ်မက် အကြောင်းပြောလိုက်ရင် ဘော်ဒါတို့ အရင် နတ်နတ် နေ့ခင်းကြောင်းတောင် အိပ်မက်မက်ဖူးတာ မှတ်မိကြမလားပဲ..။ နတ်နတ် အိပ်မက်တွေက အဆန်းကြီးပဲ..။ မက်လိုက်ရင် အမြင့်ကြီးတွေချည်း တက်တက် မက်လွန်းလို့ ဒုက္ခတွေ ရောက်နေတာ..။ ဘာတွေ မှန်းလဲ မသိဘူး..။ ပြီးတော့ ဟုတ်တိပတ်တိလဲ တစ်ခုမှ မပါဘူး..။ နှစ်လုံး သုံးလုံးသမားတွေလို အတိတ်ကောက်လို့ ရရင်လဲ တော်သေးရဲ့..။ ပြောချင်တာတော့ အဲဒီ အိပ်မက်အကြောင်းပြောမှာ..။ ဒါပေမယ့် ခဏလေး အဲဒီ အိပ်မက်ကို ခေါက်ထားလိုက်ဦးမယ်..။ ပြောစရာ ရှိလို့..။ နတ်နတ်လေ ပို့စ်မတင်တာကြာပြီ. မျှော်တဲ့လူလဲ မျှော်မှာပေါ့..။ ဟုတ်ကဲ့..။ မအားလို့ပါခင်ဗျာ..။ ဘာတွေ မအားတာလဲ.။ ဟုတ်ကဲ့ ပြောပါ့မယ်.။ နတ်နတ် အလုပ်ပြောင်းချင်လို့ အဲဒါလေး သွားသွားစုံစမ်းနေရတယ်..။ အင်စထရက်တာ လုပ်ချင်တာဗျ..။ နောက်လလောက်ဆို ပြောင်းဖြစ်မယ်ထင်တယ်..။ အဲဒါလေး တစ်ခု ..။ နောက်တစ်ခုက ဗိုင်းရပ်စ်ပါ..။ နာမည်ကြီးပါတယ်. ဘာတဲ့ မကွေးအက်ဖ်စီ ဆိုတဲ့ကောင် .. အတော့်ကို အဖြေအနေ ဆိုးဆိုးဝါးဝါး အကိုက်ခံလိုက်ရတာ..။ အဲဒါလေးတွေ တစ်ချက် သုတ်သင်နေရတယ်.။ အဲဒါတစ်ခု .. နောက်တစ်ခု ရှိသေးတယ် .. အဲဒါ အရေးကြီးတယ်..။ ပြောပြမယ်..။ နတ်နတ် ကောင်မလေး က နတ်နတ်ကို စိတ်ဆိုးနေတယ်..။ ဘယ်ကောင်မလေးလဲဆိုတော့ ၅ ယောက်မြောက်လား ၆ ယောက်မြောက်လားမသိဘူး.။ သိပ်တော့ မသေချာဘူး..။ ဝေေ၀၀ါးဝါးပဲ..။ အဲ ကောင်မလေးက ဘာမှလဲ မဟုတ်ပဲနဲ့ ဗျာ.. ကျွန်တော်နဲ့ချိန်းတာ ကန်တော်ကြီးမှာ .. အဲဒါကိုဗျာ ကျွန်တော်လာတာ ၃ နာရီနောက်ကျလို့တဲ့ .. ကိုင်း..။ ၃ နာရီဗျာ. ဘာကြာတာမှတ်လို့..။ အိပ်စောင့်ရင် လေးငါးခါလောက်တောင် အိပ်ပျော်သေးတယ်..။ ကျွန်တော့်မှာက ဦးပိန်မှာ တစ်ယောက်ချိန်း.. ကျုံးဘေးမှာ တစ်ယောက်တွေ့ .. ရွှေဘဲမှာ တစ်ယောက်နဲ့ ညစာစားပြီးမှ လာရတာကို.. ဒါလေးတောင် နားလည် မပေးနိုင်ဘူးလား..။ တစ်နေ့ ၂၄ နာရီ ရှိတာ ၃ နာရီထဲ စောင့်ရတာ ဘာဖြစ်တာမှတ်လို့ .. ဟုတ်ဘူးလာ.း...။ ထားလိုက်တော့ အိပ်မက်ကလေးပျောက်သွားလိမ့်မယ်..။ သူ့ကိုနောက်မှချော့မယ်..။ အိပ်မက် မက်ရအောင်..။



အိပ်မက်ထဲကိုရောက်တော့ လူစုလူဝေးကြီးက တစ်စုံတစ်ခု ပျောက်သွားလို့ လိုက်ရှာနေတာကို တွေ့လိုက်ရတယ်..။ တစ်ချက် လူအုပ်ထဲကို အကဲခတ်လိုက်တယ်..။ အိုဗာဆီးက လူတွေတော့ တစ်ယောက်မှ ပါဟန် မတူဘူး..။ ငါတို့ တိုင်းပြည်က လုတွေပဲ ဖြစ်ရမယ်..။ လူတစ်ယောက်က ထ ပြောတယ်.. ။ ဒီမှာ ဒါပဲ တွေ့တယ်.. တဲ့..။ အားလုံးက မော့ကြည့်တယ်.. ။ သူ့လက်ထဲမှာကိုင်ထားတာက အပြာရောင် အ၀ိုင်းလေးပေါ်မှာ အဖြူရောင် ငှက်ရုပ်ကလေး..။ ကျန်တဲ့လူတွေက အသိအမှတ်ပြုရုံပြုပြီး ဆက်ရှာနေကြတယ်..။ နောက် ၅ နာရီ ၆ နာရီ တော်တော်လေး ကြာသွားတော့မှ သက်ပြင်းကိုယ်စီချပြီးတော့
မတွေ့ဘူးကွာလို့ ညည်းပြီး ပထမလူတွေ့တဲ့ ငှက်ရုပ်ကို ပွားယူသွားကြတယ်..။ ကျွန်တော်လဲ သိချင်တာနဲ့ အဲဒီလူကို သွားမေးကြည့်တယ်..။

အဲဒါဘာလဲ........?????
ဖရီးဂိတ်..............
သူတို့က ဘာရှာတာလဲ.....?????
ပရောက်စီ
မတူဘူးလား ဒါနဲ့ ................???????
တူတော့တူတယ် ကွာလတီကွာတယ်..
ဘယ်ဟာက ပိုကောင်းလဲ..........?????
ခု ရှာမတွေ့တဲ့ဟာ က ပိုကောင်းတယ်.
ခင်ဗျားတို့က ဘာတွေလဲ........?????
ဘလော့ဂါ..... ဘလော့ဂါ..


နည်းနည်းတော့ စိတ်ကုန်သွားတယ်.. အိပ်မက်တောင်ဆက်မက်ချင်စိတ်မရှိတော့ဘူး..။ ဒါပေမယ့် အရှိန်လေးနဲ့တော့ လိမ့်သွားတယ်..။
အသိတစ်ချက်လွတ်သွားတယ်..။ ပြီးတော့ ရီဝေေ၀ ဖြစ်သွားတယ်.။
ဟင်.. ငါ အရက်တွေ သောက်ထားတာပဲ..။ ရှေ့ကိုကြည့်လိုက်တယ်..။ စားပွဲပေါ်မှာ...
ဘလူးလေဘယ်........
မာလ်ဘိုရို........
ဘဲကင်...........

ဘုရား ဘုရား ဒါတွေ ငါမှာစားထားတာလား..။ ကုန်ပါပြီ..။
အသံတစ်ခု ကြားလိုက်တယ်.. ဘေးက ..။

ငါ အများကြီးမျှော်လင့်ထားတာပါကွာ........ တဲ့
ကျွန်တော့် ပုခုံးကိုလဲ လာဖက်ပြီး ငိုသေးတယ်ဗျ..။
ဟိုက် သေစမ်းဟ ..။ ဘယ်သူတိုက်တဲ့ ကြေကွဲဝိုင်းလဲ မသိဘူး..။ လူကိုဖက်ပြီး ကြေကွဲနေတယ်။
ဘယ်သူပါလိမ့် .. မှန်းစမ်း..။
ငါ မျှော်လင့်ထားသမျှတွေ အလကားပဲ...

ဟော လုပ်ပြန်ပြီ...
ငါ့ကို ရက်စက်ကြတယ်ကွာ...

ဘယ်သူကတုန်း.. ကျွန်တော်လဲ မနေနိုင်ဘုး မေးရပြီ..။
မက်ဆီတို့ တီဗက် တို့ပေါ့ကွာ ငါ့ကိုလုပ်ရက်တယ်... အီးဟီးဟီး...
ဘုရားရေ တကယ် ငိုတာပါလားဟ.. ကြည့်စမ်း ဘယ်သူလဲ... မှန်း...........
ရီဝေေ၀ ဖြစ်နေတဲ့ကြားက မြင်လိုက်ရတာကတော့

ဟိုက်... မာရာဒိုနာ ကြီးပါလား

........................................................................................................

အိပ်မက်က လန့်နိုးတော့ လမ်းဘက်က ဘောပွဲပြန် တစ်သိုက်ရဲ့ အသံကြားလိုက်ရတယ်..

အာဂျင်တီးနား စုတ်ပြတ်သတ်နေတာပဲ... တဲ့..

မာရာဒိုနာရေ အိမ်အပြန်လမ်း.. ဖြောင့်ဖြူးပါစေနော်..။

လုပ်ရက်ကြပါပေ့

Posted by နတ်ဆိုးလေး On Tuesday, June 29, 2010 8 ယောက်ရဲ့ စကားသံတွေ

ကျွန်တော့ မေးလ်ကို အကို တစ်ယောက် forward လုပ်လာတယ်..။ ဖတ်ကြည့်တယ်...။ အင်မတန် မိုက်ရိုင်းတဲ့ အဖြစ်ပါပဲ..။ တကယ်ကိုယ်တွေ့ကြုံခဲ့ရသူ ကိုယ်တိုင် ရင်ဘတ်ကြီးကို ဖွင့်ချပြီး ရေးထားတာထင်ပါရဲ့ဗျာ..။ သနားဖို့ကောင်းသလို လုပ်တဲ့သူတွေကိုလဲ အံ့ပါရဲ့ဗျာ...။ ဘာလဲဆိုတော့ ပြောပြမယ်..။

သိပ်တော့ မကြာသေးဘူးလေ .. ကျွန်တော်လဲ အမှတ်တမဲ့ပဲ..။ အတိအကျတော့ မမှတ်မိဘူး.။ တလောက ပေါ့ မြန်မာနိုင်ငံမှာ Private School တွေ ဖွင့်တော့မယ် ဆို ကြားတော့ ကြားမိသား..။ ဖွင့်သွားတာတော့ မသိလိုက်ဘူး..။ ထားပါတော့ အခု ဖွင့်ပြီ..။ ဒီတော့ MA ဘွဲ့ M.Sc ဘွဲ့လေးတွေ လက်ထဲ ပိုက်ပြီး ဟိုယောင်ယောင် ဒီယောင်ယောင် ဖြစ်နေတဲ့ အလုပ်လက်မဲ့လေးတွေ ပျော်လိုက်ကြတဲ့ဖြစ်ခြင်း..။ ဘယ်ပြောကောင်းမလဲဗျာ..။ Study Guide သဘော အလုပ်ဆိုတာ ဘာပင်ပန်းတာမှတ်လို့ ..။ လစာကလဲ လေးသောင်းခွဲလောက်ကနေ ရှစ်သောင်းလောက်ထိ ရမယ် ဆိုတော့ .. လုပ်ပျော်တာပေါ့..။ လျှောက်ကြပြီ..။

ဘယ် ကျောင်းကလဲ ဆိုတာ နာမည်တော့ မပြောတော့ ပါဘူး..။ မေးလ်ထဲမှာတော့ ကျောင်းနာမည် အတိအကျနဲ့ လာတာပါ..။ အဲကျောင်းမှာ အဲဒီ တစ်ယောက် သွားလျှောက်တယ်..။ ကျောင်း က စာချုပ်ချုပ်ရတယ်..။ သင်ကြားရေးတာဝန်ခံဆရာမ ဆိုတဲ့ ရာထူးနဲ့ တစ်လ လေးသောင်းခွဲ သုံးနှစ် စာချုပ်ချုပ်ရတယ်တဲ့ ..။ ချုပ်လဲပြီးရော ဆရာမဆောင် ကို ခေါ်သွားတယ်တဲ့..။ အဆောင်သာ ဆိုတာ ဂိုထောင်သာသာပါတဲ..။ မိုးတွင်းမှာ ခြေသလုံး ရေမြုပ်မယ့် အခန်းတွေတဲ့ဗျာ..။

နောက်ပြီးတော့ အဲဒီ ၀န်ထမ်းတွေကို နှိပ်ကွက် ချက်က လွန်လွန်းတယ်..။ ဒီလိုဗျ...။

(၁) တိုးတက်နေတဲ့ခေတ်ထဲမှာသတင်းစာမဖတ်ရဘူးတဲ့။
(၂) ရေဒီယိုနားမထောင်ရဘူးတဲ့။
(၃) MP3 MP4 လက်ကိုင်ဖုန်းသုံးခွင့်မပြုဘူးတဲ့။
(၄) မိမိမိသားစုအသိုင်းအ၀ိုင်းက မိမိထံသို့ဖုန်းဆက်ခွင့်မရှိပါတဲ့။ လာရောက်တွေ့ခွင့်မရှိပါတဲ့။
(၅) သန့်ရှင်းရေးနဲ့ ပန်းပင်ရေလောင်းတာကို အလှည့်ကျလုပ်ရပါတယ်။
 (၆)ညဘက်ေ၇တင်တာကို အလှည့်ကျစောင့်ရပါတယ်။  (့ကျောင်းသူများရဲ့ရေချိုးခန်းထဲကိုထည့်တာပါ)
(၇) ကျောင်းသူများရဲ့အခန်းကိုroom service ၀င်ပေးရပါတယ်။
(၈) ဂိတ်ပေါက်စောင့်ရပါတယ်။
(၉)ဆရာမများ တနေ့ကိုရေတခါပဲ ချိုး၇မယ်လို့ စည်းကမ်းထုတ်ထားပါတယ်။

 အဲဒါ စည်းကမ်းလို့ နာမည် တပ်ပြီး နှိပ်ကွပ်တာပဲ..။ မမိုက်ဘူးဗျာ. ကိုယ့်လူမျိုးအချင်းချင်းပဲ.။ ကိုယ်ချင်းမစာတတ်ကြဘုးလားမသိဘူး..။ ဒီအလုပ်ကို လာလုပ်တဲ့သူတွေက အလကားလူတွေ မဟုတ်ဘူး..။ ဘွဲ့ရ ပညာတတ်တွေ..။ မြန်မာနိုင်ငံ ဘွဲ့ကလဲ ..
ပြောရင်း စိတ်တိုတယ်ဗျာ.. တကယ်..။ ရင်ထဲမှာ မကောင်းဘူး..။ MA M.Sc ဘွဲ့ကြီးတွေ ကိုင်ထားပြီး ရာထူးကတော့ ဘာတဲ့.. သင်ကြားရေး တာဝန်ခံ ဆရာမ တဲ့ ..။ နေရ စားရ လုပ်ရတဲ့ အခြေအနေက အိမ်ဖော်လောက်တောင် အဆင့်မရှိဘူး..။ ဘာလဲဗျာ.။ တကယ့်ကို ယူကျုံးမရ ဖြစ်မိပါတယ်..။ ပညာတတ်တဲ့လူတွေ ကို ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ဖြတ်ထားတာ ဘာလဲ ဘသဘောလဲ..။ သတင်းစာ မဖတ်ရတာကော ဘာကြောင့်လဲ.။ အဲဒါကြီး အဆိုးဆုံးပဲဗျာ..။ ထောင်စားတဲ့လူကလဲ မြန်မာလူမျိုး. ပညာသင်တဲ့ ကျောင်းသူကျောင်းသားတွေလဲ မြန်မာလူမျိုး အလုပ်လုပ် တဲ့လူတွေကလဲ မြန်မာလူမျိုးတွေ မဟုတ်လား..။ ဘာလို့ နှိပ်ကွပ်ချင်ရတာလဲ.။ သူရေးထားတဲ့အတိုင်းဆို နေရတာက ထောင်သာသာပဲ အဆင့်အတန်းရှိတယ်.။ စဉ်းစဉ်းစားစားလဲ လုပ်ကြပါဦးဗျာ..။ ဟိုမှာက စာချုပ်ကြီး ကြောက်နေရတော့ ဘာမှ လုပ်မရဘူး.။ နေပေတော့ သုံးနှစ်..။
ပိုက်ဆံရမယ့် ကျောင်းသူကျောင်းသားတွေကို ကောင်းကောင်းမွန်မွန်ထား ပြီးတော့ ကိုယ်က လစာပေးရမယ့် ကိုယ့် အလုပ်သမား (ဆရာဆိုတဲ့ ရာထူးကို အလုပ်သမားလို့တောင် မခေါ်သင့်ဘူး) အလုပ်သမားတွေကိုကျ ဖိနှိပ်တယ်ဆိုတော့ အရပ်ကတို့ ရေ.. အဲဒါ အရင်းရှင်စနစ်ဗျ..။ ဟူး .. ခုထိ အဲဒီ စနစ် မပျောက်သေးဘူးကိုး.။

မြင်မကောင်းရှုမကောင်း မလို့သာ ပြောရတာ . စိတ်ထဲက ကောင်းတာမဟုတ်ဘူး..။ ဒီကကောင်က လုပ်သာမလုပ်သေးတာ..။ အဲဒီ စာသင်ရတဲ့ အလုပ်ကို သိပ်သဘောကျတဲ့ကောင်..။ မြတ်လဲမြတ်နိုးတယ်.။
ဒီသတင်းလေး ရုတ်တရက်ကြားလိုက်ရတော့ ၀မ်းနည်းမိတာတော့အမှန်ပါ.။

စာဖတ်သူ ပရိတ်သတ် ကိုယ်စိတ်နှလုံး ရွှင်ပြုံးနိုင်ကြပါစေခင်ဗျာ..။

အားလုံးကို လေးစားလျက်
........နတ်ဆိုးလေး...........

သမားရိုးကျ

Posted by နတ်ဆိုးလေး On Monday, June 28, 2010 8 ယောက်ရဲ့ စကားသံတွေ

နတ်ဆိုးလေးဆိုတဲ့ကောင်ကလည်း ဖျင်းမိရင် ဘယ်လိုဖျင်းမှန်းကို မသိဘူး..။ သုံးမရအောင်ကို ဖျင်းတဲ့ကောင်..။ ခုလည်းကြည့်..။ ဘာရေးရကောင်းမလဲဆိုတာ စဉ်းစားနေတာ တစ်ရက်နဲ့ တစ်ပိုင်း ရှိသွားပြီ..။ ဘာမှ ခေါင်းထဲက ထွက်မလာဘူး..။ တစ်ချက်တစ်ချက် ကျတော့လဲ အကြံကောင်း ဥာဏ်ကောင်းလေးတွေ ထွက်တတ်တဲ့ ခေါင်းလေး မလို့ ဘာမှတော့ မပြောပါဘူး..။ ပုံပြင်ပဲ ပြောရတာကောင်းမယ်ထင်တယ်ဗျ ..။ နတ်ဆိုးလေးတို့ကတော့ စာလာဖတ်တဲ့ ပရိတ်သတ်ကို ကလေးတွေ များ အောက်မေ့နေလား မသိဘူး..။ ပုံပြင်တွေ ပြောပြောပြီး ပြန်လွှတ်နေတယ်..။ ဟီးဟီး။။ ကိုင်းကိုင်း.. ပုံပြင်လေး စလိုက်ကြရအောင်..။

အင်း... ဟိုးရှေးရှေးတုန်းကပဲ ဆိုကြပါစို့..။ တက္ကသိုလ်ပြည်မှာ ပညာတွေ သင်ကြားပို့ချပေးနေတဲ့ ဒိသာပါမောက္ခကြီး ရှိသတဲ့..။ (ပြောလို့သာပြောတာနော် ကိုယ်လဲ မြင်ဖူးတာမဟုတ်ဘူး.. ဒိသာပါမောက္ခ က အီမိုကေနဲ့လားဆို နတ်ဆိုးလေးတို့ ခက်ရချည်ရဲ့..) အဲဒီ ပါမေက္ခကြီးက သူ့ဆီမှာ လာပြီး ပညာသင်ယူကြရှာတဲ့ ကျောင်းသားလေးတွေကို စနစ်တကျ သင်ကြားပေးပြီးတဲ့အခါ.. (ယောကျာ်းတို့ တတ်အပ်တဲ့ အဌရသ ဘာညာ သာရကာပေါ့..) အဲဒါတွေ စုံအောင်လဲ သင်ပေးပြီးရော ကျောင်းသားတွေ ကိုယ့် အရပ်ကို ပြန်ကြမယ့်အချိန်ပေါ့..။

ဆရာကြီးက ကျောင်းသားတွေအားလုံးကို စုဝေးခေါ်ယူပြီးတော့ ပုစ္ဆာတစ်ခု ထုတ်ပါသတဲ့..။ (စပြီ မဟုတ်က ဟုတ်ကတွေ မေးတော့မယ်)..။ တပည့်တွေ အားလုံး စုရုံးစုရုံးနဲ့ ရောက်လာတဲ့ပြီးတော့ ဆရာကြီးကို စူးစမ်းတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြတယ်..။ (ဒီဆရာ .. ဘာပေါက်ကရတွေ မေးဦးမလဲ မသိဘူးပေါ့..)..။ အတန်ကြာ အိုက်တင်ခံပြီးကာကျမှ ဆရာကြီးက ဘယ်တုန်းက မိန်းမ မသိအောင် ဖွက်ယူလာတာလဲ မသိဘူး..။ ဆန်ချတဲ့ ဆန်ခါ ကြီး..။ (ဇဂါ လို့ ဖတ်ပါတယ်... :P ) ..။ အဲဒီဆန်ခါ ကြီးကို တပည့်တွေရှေ့ ပစ်ချလိုက်ပြီးမှ

ကိုင်းတပည့်တို့ ..မင်းတို့ မြစ်မှာရေသွားချိုးရင်  ဘာ အကူအညီမှ မပါပဲ ဒီဆန်ခါ မှာ  ရေ ပြည့်အောင် ဖြည့်ထားကြပေတော့ ..

လို့ပြောလိုက်သတဲ့..။ (ကိုင်း ကျွန်တော် မပြောဘူုးလား တော်တော် လက်ပေါက်ကပ်တဲ့ဆရာပါလို့)

အဲတော့ ကျောင်းသားတွေ ပျားတုပ်တာပဲ..။  မြစ်ရေချိုးဆိပ်မှာ ရေမချိုးရပဲ ဆန်ခါကြီး ကို သူကိုင်ကြည့် ငါကိုင်ကြည့် ရေခပ်ကြည့် လုပ်နေတယ်..။ ရလားဆိုတော့ ... ရဘူး..။ ဘယ်ရမလဲ ဆန်ခါကြီးပါဆိုနေမှ .. ဘယ်လိုလုပ် ရေ ရမှာလဲ..။ တော်တော် ရှုပ်တဲ့ဆရာ.. ပဲ..။ (ကျွန်တော်ပြောတာ မဟုတ်ဘူး ကျောင်းသားတွေထဲက ပြောတာနော်)..။ အဲလိုနဲ့ ဘယ်လိုမှ ကြံရာမရတဲ့ အဆုံး မြစ်ဆိပ်မှာ ကျောင်းသားတွေ အစုလိုက်အပြုံလိုက်ကြီး ထိုင်နေလိုက်ကြတယ်..။

အဲဒီအချိန်ကြမှ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်အကျော် ဒိသာ ပါမောက္ခကြီး မြစ်ဆိပ်ကို ဆင်းလာပါလေရော..။ အဲတော့ ကျောင်းသားတွေလဲ.. ပျာပျာ ပျာပျာနဲ့ ဖုတ်ဖတ်လေးခါတဲ့ပြီး ဆရာကြီးကို ထ အရိုအသေပေးလိုက်ကြတယ်..။ ဆရာကြီးက

ကိုင်း.. ငါ့ပုစ္ဆာကို ဘယ်သူဖြေနိုင်လဲ   လို့ မေးလိုက်တော့

အားလုံးက တက်ညီလက်ညီ ခေါင်းရမ်းကြပါသည်..။ ဒီတော့မှ ဒိသာပါမောက္ခကြီးက ကိုယ်ခင်းတဲ့ဇာတ် ကိုယ့်ဘာကိုယ်တက်, က မဲ့ အထာနဲ့ ကျောင်းသားတွေရှေ့ထွက်ရပ်လိုက်ပြီး ဆန်ခါကြီးကို ကောက်ယူလိုက်တယ်..။

အားလုံး သေချာကြည့်ထားကြပါ.. လို့ပြောပြီး


ဆန်ခါကြီးကို ၀ှီးကနဲနေအောင် အသားကုန် လွှဲတဲ့ပြီး မြစ်ထဲ ပစ်ချ ပစ်လိုက်ပါလေရော..။ ဆန်ခါက အပေါက်တွေနဲ့ဆိုတော့ ရေထဲမှာ မြုပ်သွားရော..။
အဲတော့မှ ဆရာကြီးက ကျောင်းသားတွေဘက်လှည့်ပြီး

ကိုင်း... ခုတော့ ဆန်ခါထဲမှာ ရေပြည့်သွားပြီမဟုတ်လား.. လို့ မေးလိုက်ပါတော့သတဲ့ကွယ်.......။









ပုံပြင်လေးကတော့ ဒါပါပဲ..။
တစ်ခါတစ်လေမှာ သမားရိုးကျတွေထဲမှာ မထင်မှတ်ပဲ အင်မတန် ဆန်းပြားတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတတ်တယ်..။


အားလုံးကိုလေးစားလျက်
.........နတ်ဆိုးလေး..........

ပို့စ် မရေးမီ ပထမဦးစွာ ယခုရေးမည့် ပို့စ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ် စောင်းမြောင်းတိုက်ခိုက်ထားခြင်းမရှိပါ.။ အပျော်သဘောသာ တွေးတော ရေးသားထားခြင်းဖြစ်သောကြောင့် တိုက်ဆိုင်မှုရှိက မလိမ်မိုးမလိမ်မာ နတ်ဆိုးလေးကို နားလည်ခွင့်လွှတ်ပေးစေလိုပါသည်..။

တစ်နေ့သ၌ နတ်ဆိုးလေးဟု အမည်တွင်သော ပေါတောတော ကြောင်တောင်တောင် ငနဲတစ်ကောင်သည် သူ၏ မတောက်တစ်ခေါက် အိုင်ကျူဖြင့် ဘလော့ဂါတို့ အကြောင်းကို တွေးတောဆင်ခြင်ပြီး သကာလ ပေါက်ကရ အတွေးအခေါ်များဖြင့် စာတမ်းတစ်စောင် ပြုစုသည်ရှိသော် အင်မတန်မှ ကပျက်တိ ကပျက်ချော်နိုင်လှလေသည်..။ ထိုကျမ်းကို အစအဆုံး အသေးစိတ် ဖော်ပြသော် အမြင်ကတ်ဖို့ကောင်းလောက်အောင် ပေရှည်လွန်းလှသဖြင့် အကျဉ်းမျှ ကောက်နှုတ်တင်ပြလိုက်ရသည်..။

ဘလော့ဂါဆိုသည်မှာ 

နည်းပညာဘလော့

နည်းပညာဘလော့ကို အလွန်ပါရမီကောင်းမှ ရေးလို့ရ၏။ မိမိတတ်သော နည်းပညာကို ပရိတ်သတ်အား အလကားမတ်တင်း ပြန်လည်ပို့ချရ၏။ ပရိတ်သတ် ဒုံးဝေးလျှင် မမောနိုင် မပန်းနိုင်ရှင်းပြရ၏။ တိုးချဲ့မေးခွန်းများလဲ စစ်စစ်ပေါက်ပေါက် ဖြေဆိုရ၏။ သင်ယူလေ့လာသူများ ကောင်းချီးသြဘာပေးပြီး ကျေနပ်ကြ၏။ လိုက်မမီသူများ စိတ်ညစ်ကြ၏။ ဘလော့ဂါ ကိုယ်တိုင် ဟုတ်တိပတ်တိ မတတ်လျှင် အရှက်ကွဲ၏။

သုတဘလော့

ချောင်ကြိုချောင်ကြား နေရာအနှံ့အပြားမှ လူသိနည်းသော အကြောင်းအရာများ.. ထူးဆန်းအံ့သြဖွယ်ရာများ သိသင့်သော အရာများ ကို ပေါက်ပေါက်ရှာရှာ တင်ပြရ၏။ ပရိတ်သတ် မျက်လုံးပြူး၏။ တအံ့တသြ ဖြစ်၏။ မယုံနိုင်ဖွယ် အဖြစ်အပျက်များ ရေးသော် ပရိတ်သတ် မယုံတစ်ဝက် ယုံတစ်ဝက်နှင့် ယုံရ၏။ ဘလော့ဂါကိုယ်တိုင် ဗဟုသုတ ကြွယ်မှ ရေးလို့ရ၏။

ရသဘလော့

ပရိတ်သတ်ရယ်အောင် ငိုအောင် ၀မ်းနည်းအောင် ကြည်နူးအောင် အံ့သြအောင် စဉ်းစားဖွယ်ဖြစ်အောင် ကြံဖန် ဇာတ်လမ်းထွင် ရေးရ၏။ ပရိတ်သတ် အများစု စွဲမြဲနှစ်ခြိုက်စွာ ဖတ်၏။ ဘလော့ဂါ ဥာဏ်နီဥာဏ်နက် များလျှင် များသလောက် နာမည်ကြီး၏။

အနုပညာဘလော့

ဝတ္ထုသမား ၀တ္ထုရေး၏်။ ကဗျာသမား ကဗျာရွတ်၏။ ပန်းချီသမား ပန်းချီဆွဲ၏။ ပြဇာတ်သမား ဘလော့ပေါ်တွင် ပြဇာတ်တိုက်၏။ သီချင်းသမားလည်း သီချင်းဆို၏။ ဘဘင်သမား ဘလော့ပေါ်တွင် က,ပြ၏။ ဘလော့ဂါနှင့် ၀ါသနာတူသော် သွားဖတ်လို့ ကောင်း၏။  ၀ါသနာ မပါသော် အင်မတန် ဂွတီးဂွကျနိုင်သော ဘလော့ဖြစ်သဖြင့် သွားမဖတ်သင့်..။

ဝေဖန်ရေးဘလော့

တွေ့သမျှ မြင်သမျှ အကုန်ဝေဖန်၏။ ခွေးချင်းကိုက်တာလဲ ဝေဖန်၏။ အကြော်သည်နှစ်ယောက် သတ်ပုတ်တာလဲ ဝေဖန်၏။ အကူန်အစုံ ထိုဘလော့ဂါ၏ ဝေဖန်ခြင်း ခံရ၏။ အတင်းပြော ၀ါသနာပါသူတို့ ရေးကြ၏။ အဆဲခံရမှူ ရာနှုန်း အများဆုံး ဘလော့ ဖြစ်၏။ နှစ်ခြိုက်သူများလည်း ရှိ၏။ စွဲစွဲ မြဲမြဲ ဖတ်ကြ၏။

စေတနာရှင်ဘလော့

တွေ့သမျှ မြင်သမျှ ရှိသမျှ ဓါတ်ပုံ သီချင်း ဗွီဒီယို အစ အီးဘုတ် ပရိုဂရမ် ဆော့ဖ်ဝဲ အကုန် နှမြောတွန့်တိုခြင်း မရှိပဲ. ရက်ရောစွာ ပေးကမ်းမျှဝေ၏။ ရှိတာ ပေးယုံတင်မဟုတ် ပရိတ်သတ်တောင်းလျှင်မရှိလဲ ရှာပေးကြ၏။ ဝေသန္တရာ လက်မြောက်၏။ အမှန်တကယ် လိုအပ်သူများနှင့် အလကားလိုချင်သူများ လာယူကြသဖြင့် လူစည်၏။

ဝါသနာရှင်ဘလော့

ထမင်းဟင်းချက် ၀ါသနာပါသူများ ဘလော့တွင်ချက်ပြုတ်ပြ၏။ ဇာထိုးပန်းထိုးသမား ဘလော့တွင် ဇာထိုးပန်းထိုးလုပ်ပြ၏။ ဂစ်တာ ၀ါသနာရှင်များ ဘလော့ပေါ်ထိ တက်တီး၏။ ဆပ်ကပ်ဝါသနာရှင် ဘလော့ရေးလျှင် ဘလော့ပေါ် ကျွမ်းထိုး ပြမည့် အလားအလာ ရှိ၏။

ဟဒယဘလော့

ဘလော့ဂါသည် ရယ်စရာများကိုသာ တင်ပြ၏။ ဟာသမှန်သမျှ တင်၏။ ပရိတ်သတ်ရယ်ဖို့ အဓိက ဖြစ်သဖြင့် မရယ်ရလျှင် ဘလော့ဂါကိုယ်တိုင် လျှာထုတ်ပြ၏။ ဖြီးပြ၏။ သူကိုယ်တိုင်ရယ်ပြ၏။ ဒါမှ မရယ်ရလျှင် ပရိတ်သတ်ကို ပေါ်တင်ကြီး လှမ်း ကလိထိုး၏။ ပရိတ်သတ် အူတက်ပြီး ပြန်လေ၏။

ယခုဖော်ပြခဲ့သည်များမှာ နတ်ဆိုးလေး၏ ဘလော့ဂါ စာတမ်းကြီးထဲမှ အနည်းငယ် ကောက်နှုတ်တင်ပြထားခြင်းဖြစ်သည်။ နောက်ဆက်တွဲ များ ရေးချင်ရေးမည်. ။ မရေးချင် မရေးပါ..။


အားလုံးကိုလေးစားလျက်
.......နတ်ဆိုးလေး..........

ငယ်ငယ်က အမေ့ရင်ခွင်ထဲမှာ နားထောင်ခဲ့တုန်းက လိမ္မာရေးခြားရှိဖို့ ပုံပြင်တွေပေါ့..။ နည်းနည်း သိတတ်တဲ့ အရွယ်ရောက်တော့ စွန့်စွန့်စားစား သူရဲကောင်းတွေ အကြောင်း ကို နားထောင်ချင်ကြတယ်..။ လူငယ်ဖြစ်လာတော့ တွေးချင်လာကြတယ်..။ ဆင်ခြင်ဖို့ အကြောင်းလေးတွေ ပါတဲ့ ပုံပြင်လေးတွေ နားထောင်ချင်ကြတယ်..။ နတ်ဆိုးလေး ပုံပြင်တစ်ပုဒ် ပြောပြမယ်နော်......။ ကြားဖူးတဲ့သူလဲ ရှိပါလိမ့်မယ်..။ ပုံပြင်လေး နာမည်က ကပ်ငြိမှု တဲ့..။

ဟိုးရှေးရှေးတုန်းက တောအုပ်တစ်ခုမှာ ကျောင်းသင်္ခမ်းလေး ဆောက်ပြီး သီတင်းသုံးတဲ့ ရသေ့ကြီးတစ်ပါးရှိသတဲ့..။ အဲဒီ ရသေ့ကြီးကို အလုပ် အကျွေးပြုတဲ့ ရသေ့ငယ်နှစ်ပါးဟာ အပါတ်တိုင်း အနီးဆုံး ရွာတစ်ရွာကိုသွားပြီး ဘုန်းပေးစရာ အလှူခံရပါသတဲ့..။ ရသေ့ကြီးဟာ သူ့ရဲ့ လက်အောက်က ရသေ့နှစ်ပါးကို ပညတ်တွေ တင်းကြပ်ထားတယ်တဲ့..။ အဲ.ဒီထဲမှာ အတင်းကြပ်ဆုံးကတော့ မိန်းမနဲ့ မထိတွေ့ရဘူးဆိုတာပါပဲ..။

အဲ တစ်နေ့ကျတော့ ရသေ့နှစ်ပါး အလှူခံ ပြီး တောထဲ အပြန် ရွာအလွန်က ရေကန်မှာ မိန်းကလေး တစ်ယောက် တစ်ယောက်တည်း ချော်လဲနေတာကိုတွေ့ရတယ်..။ အဲတော့ ရသေ့တစ်ပါးက ပြေးထူလိုက်ပါသတဲ့..။ အဲဒါကို အခြားရသေ့က ကြည့်ပြီး.

အရှင်ဘုရား.. အရှင်ဘုရား အပြစ်ကျူးလွန်မိပြီနော်.. အပြစ်တွေ ဆေးကြောပစ်ပါဘုရား..

လို့ပြောသတဲ့..။ ဒါပေမယ့် ပထမ ရသေ့က ဘာမှ မပြောဘူးတဲ့..။

အဲလိုနဲ့ ကျောင်းပြန်ရောက် ဆွမ်းချက်ရင်းလဲ ဒုတိယ ရသေ့က ပထမရသေ့ကို

အရှင်ဘုရား အပြစ်ကို မဆေးကြောသေးဘူးလား...

တစ်တွတ်တွတ်နဲ့

တရား အာရုံပြုရင်းလဲ...

အရှင်ဘုရား အပြစ်တွေ ကြီးနေပြီ ဆေးကြောပါတော့..

ခဏခဏ ပြောနေပေမယ့် ပထမ ရသေ့က ဘာမှ ပြန်မပြောဘူးတဲ့..။

အဲတော့ ဒုတိယ ရသေ့က ဆရာရသေ့ကြီးကို သွားလျှောက်တယ်တဲ့..
အရှင်ဘုရား ဒီကိုယ်တော်ဟာ အရင် အပါတ်က အလှူခံတုန်းက မိန်းမတစ်ယောက်ချော်လဲ တာကို ထူပေးမိတဲ့အတွက် အပြစ်သင့်နေပါတယ် ခုထိ ဆေးကြောခြင်းမပြုပါဘုး.. အရှင်ဘုရား ဆုံးမတော်မူပါဘုရား

ဆိုတော့.. ရသေ့ကြီးက ပထမ ရသေ့ကို ခေါ်တယ်..။

ကိုယ်တော်... ဒီကိုယ်တော်ကတော့ ဒီလိုပြောနေတယ်.. ဟုတ်လား...

လို့မေးလိုက်တယ်..

အဲတော့ ပထမ ရသေ့က

မှန်ပါ့... တပည့်တော်ဟာ အဲဒီ အမျိုးသမီးကို ချော်လဲလို့ ပွေ့ထူပြီး အဲဒီနေရာမှာပဲ ထားခဲ့ပြီးပါပြီဘုရား...

လို့ ပြန်လျှောက်သတဲ့..။

အဲဒီတော့ ရသေ့ကြိးက

ဟာ.. ဟုတ်ပေသားပဲ.. ဒီကိုယ်တော်က ဒီအမျိုးသမီးအပေါ်မှာ ထိတွေ့လိုက်ပြီး ဘာ ရမ္မက်မှ မထားပဲ ပြန်လွှတ်ထားလိုက်ပေမယ့်... ဒီကိုယ်တော်ကတော့ မထိတွေ့ပါပဲနဲ့ ဒီ အမျိုးသမီးကို ကပ်ငြိမှုနဲ့ ဒီထိခေါ်လာပြီး ငါ့ဆီတောင် ရောက်အောင် ပို့နေပါလား

လို့ ဆင်ခြင်မိလိုက်ပါသတဲ့......။

နတ်ဆိုးလေး ပြောတဲ့ပုံပြင်လေးကတော့ ဒါပါပဲ..။
စာဖတ်သူတို့ တွေးဖို့.. စဉ်းစားဖို့... ဆင်ခြင်ဖို့ပါ.....။



အားလုံးကိုလေးစားလျက်
....နတ်ဆိုးလေး....

.........ဆိုသည်မှာ

Posted by နတ်ဆိုးလေး On Friday, June 18, 2010 1 ယောက်ရဲ့ စကားသံတွေ

နတ်ဆိုးလေးတို့ ဆားချက်တယ်ပဲ ပြောပြော . ပြောလဲ ခံရမှာပဲ ဟုတ်တာကိုး..။ Proxy ကိစ္စ ရှုပ်သွားလို့ ခေါင်းထဲမှာ ရေးဖို့ ရိုက်သွင်းထားတာတွေ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ရော.။ ရေးဖို့ စီစဉ်ထားတာတွေ အများကြီးပဲ..။ ကြည့်ထားတဲ့ Clash Of The Titans ကား အကြောင်းတွေရော .. ကမ္ဘာဖလား အတင်းအဖျင်းတွေရော. မျက်စိထဲ မတွေ့တာလေးတွေရော အများကြီး အများကြီး.. (ကဗျာတော့ မရေးဖြစ်သေးဘူး). အဲ . အဲဒါတွေ ရေးမလို့ စိတ်ကူးထားတာ Proxy က ကန့်လန့် ကန့်လန့် လုပ်တာနဲ့ ဘာမှကို မတင်ဖြစ်တော့ဘူး..။ စိတ်လေသွားတာ..။ Proxy လှမ်းလှမ်း မ,စ တဲ့ အမရွှေဇင်ဦး ကပြောတယ်.။ ဘလော့ဂါ တွေက ပို့စ်မတင်ရရင် စားမ၀င် အိပ်မပျော်ဘူးတဲ့ နေမကောင်းဖြစ်တယ်တဲ့.။ ဟုတ်တယ်.. ကျွန်တော်လဲ ဖျားချင်ချင် ဖြစ်နေလို့သာ အဆက်မပြတ်တင်နေရတာ .. ဒီ Proxy ကြီးကို သိပ် အားရတာ မဟုတ်ဘူး..။

ထားပါတော့ ခု ကျွန်တော် Share မလို့..။ အီးဘုတ် အီးဘုတ်.။ ကြိုက်တယ်ဗျ..။ တေးရေး အဆိုတော် စာရေးဆရာ ( ဘာတွေလုပ်သေးလဲ ကျွန်တော်လဲ မသိတော့ဘူး ) ကိုအရိုးရဲ့ စာအုပ်လေးတွေပါ..။ အရိုး ရဲ့ ဆိုသည်မှာ စာစုများ ပါခင်ဗျ.။
တင်ပြပုံလေးတွေ မိုက်တယ်..။ အရွှတ်အနောက် လေးတွေနဲ့ ဘ၀ထဲက အလွဲလေးတွေကို ရေးပြထားတာ.. ကျွန်တော်တော့ ခဏခဏ ဖတ်တာ ..။ ရိုးသွားတယ်လဲ မရှိဘူး.။ ဖတ်ရတာ ပျင်းပါတယ်လို့လဲ မရှိဘူး..။ ဘော်ဒါတို့ကို ဖတ်စေချင်တာရေ.. (တင်စရာ မရှိလို့ကော..) တင်ပေးလိုက်ပါတယ်..။ ဒီတစ်ခါတော့ ကျွန်တော် အပျင်းမကြီးတော့ပါဘူး..။ Dwwnload လုပ်ခဲ့တဲ့ နေရာကနေ တန်း link ချိတ်မပစ် တော့ဘူး..။ ကိုယ့် ဘာကိုယ် Upload လုပ်ပြီး တင်ပေးလိုက်တာ..။ အဟီး။
(တော်တော် ပင်ပန်းသွားမှာပဲ)
ကဲကဲ ပေရှည်မနေတော့ဘူး..။ ဖတ်စေချင်ပါတယ် .။ မဖတ်ဘူးသေးရင်တော့ အသာလေး မသိချင်ယောင် ဆောင်ပြီး အသာလေး ကော်မန့် ပေးခဲ့လိုက်နော်.. အဟဲ..။
ကဲကဲ .. အောက်မှာ ခင်ဗျ..။

အရိုး- ဆိုသည်မှာ စာစုများ === မီဒီယာဖိုင်းယား ဒေါင်းလုပ်

အရိုး- ဆိုသည်မှာ စာစုများ ၂ ==== မီဒီယာဖိုင်းယား ဒေါင်းလုပ်



အားလုံးကိုလေးစားလျက်
...နတ်ဆိုးလေး...

အနေဝေး တော့လည်း..

Posted by နတ်ဆိုးလေး On Thursday, June 17, 2010 10 ယောက်ရဲ့ စကားသံတွေ

နတ်ဆိုးလေးရဲ့ ချစ်ရေးချစ်ရာ ဆိုပါတော့ဗျာ..။ နတ်ဆိုးလေး ချစ်ကံဆိုးခဲ့သမျှလေးတွေကို ပြောပြမနော်.။ နတ်ဆိုးလေးက ချာတိတ်အရွယ်တည်းက ရည်းစားထားတယ်..။ ချာတိတ်အရွယ်ဆိုတာ ၈တန်းပါ..။ ဟ ၈တန်းတည်းက ထားတာဆိုတော့ ဒီကောင်တော်တော် ပွေတာပဲ လို့တော့ မတွေးကြပါနဲ့ဗျာ..။ တစ်ယောက်တည်းပါ.. အဟီး.။ ကျွန်တော်ခေါ်တဲ့ သူ့နာမည်လေးက ဇင်ဇင်တဲ့..။ သူနဲ့က ၅ တန်းမှာ စခင်တာ.။ ၈ တန်းနှစ်ကျတော့ လူငယ် သဘာဝ ပါးစပ် သရမ်းရင်း ရည်းစားတွေ ဖြစ်သွားကြလေသတည်းပေါ့.။ ဖြစ်တုန်းကတော့ ပါးစပ်သရမ်းရင်း ဖြစ်သွားတာ..။ ချစ်သူဘ၀ မှာ နေနေကြရင်း ကြီးကြီးမားမား ပဋိပက္ခတွေလဲ မရှိလေတော့ အချစ်ရေး ခိုင်မြဲ ကြလေသည်ပေါ့..။ အဲဒါနဲ့ ၈ တန်း .. ၉ တန်း ... ၁၀ တန်း.. ၃ နှစ်ရှိသွားရော..။ အဲဒီအတောအတွင်းမှာလေ. သူတော့ မသိဘူး.. ကျွန်တော်ကတော့ သူ့ကို ပိုပို ချစ်လာတာ..။ ၁၀ တန်းအောင်တော့ သူက နယ်မှာပဲ GTI နဲ့ နေခဲ့တယ်.။ ကျွန်တော်က UFL နဲ့ မန္တလေး ရွှေမြို့တော်ကြီးကို ရောက် လာတယ် ဆိုပါတော့..။ အဲဒီထိ ပြသနာ မရှိသေးဘူး..။ ပထမ အသုတ် ပြီး ၂ လ နယ်ပြန်တယ်.။ သူနဲ့တွေ့တော့လဲ အေးဆေးပဲ.။ ဘာမှ မပြောင်းလဲဘူး..။ အချစ်တွေက တော့ တိုးတိုးလာတာ.. (ကျွန်တော့ ဘက်ကပေါ့နော)..။ အဲလိုနဲ့ ၂ လ အတွင်းမှာ ပျော်ကြ ပါးကြ လျှောက်လည်ကြ.. ပျော်လိုက်တဲ့ ဖြစ်ခြင်း..။ ကျွန်တော်ကလဲ သူကလွဲလို့ ဘယ်သူ့ကိုမှ ချစ်နိုင်တော့မယ် မထင်ဘူး.. အဲလို ချစ်ခဲ့တာ..။ ၂ လ ပြည့်တော့ ဒုတိယ အသုတ် ပြန်တက်ရပြီ..။ မန္တလေး ပြန်တယ်..။ အဲဒီမှာ စ ဖောက်ပြီ။ သူ ဖုန်းမဆက်တော့ဘူး..။ အဆက်အသွယ် မလုပ်တော့ဘူး..။ ကြေကွဲလိုက်ရတာ. လွမ်းလိုက်ရတာ မပြောပါနဲ့တော့.။ စိတ်ပျက်စရာကောင်းတဲ့ ဒုတိယအသုတ် ၄ လကို ဆွေးဆွေးကြီး ဖြတ်သန်းရင်းနဲ့ ကျောင်းပိတ်ရက်ကို ရောက်လာပါလေရော..။ အားရ၀မ်းသာ ချစ်သူဆီ သွားတော့ ချစ်သူ ထွက်မတွေ့ဘူးဗျာ.။ ချစ်သူ ရက်စက်တယ်..။ နောက်နေ့တွေမှာ သူငယ်ချင်းမြားနတ်မယ် တစ်ယောက်ကို နားပူနားဆာ လုပ်ပြီး ခေါ်ခိုင်းလိုက်တော့.. ပါလာတယ် စူပုတ်ပုတ်ကြီး..။ နေရာက ဧရာဝတီ မြစ်ဘေး ရွှေမုဌော ဘုရား နားက မြစ် ရေကာတာ ကြီးပေါ်မှာ..။ လေတစ်ဖြူးဖြူးနဲ့.. ဒါပေမယ့် ရင်ထဲပူနေတယ်.။ ချစ်သူက ကိုယ့်ကို မျက်လုံးချင်းတောင် ဆုံအောင် မကြည့်ပဲနဲ့ နှုတ်လဲဆိတ်နေတယ်လေ..။ ၅ မိနစ် .. ၁၀မိနစ်... နာရီဝက် ၁ နာရီ.. ကြာလာတော့ ချစ်သူကို ကိုယ်က စပြောရတာပေါ့..။ ပြောစရာ မရှိဘူးလား လို့..

အဲတော့မှ ချစ်သူက နှုတ်ခမ်းလေး မပွင့်တပွင့်လေး ဟပြီး

နင် ငါ့ကို မေ့လိုက်ပါတော့ .. ငါနင့်ကို ငယ်ငယ်က စိတ်ကစားပြီး အဖြေပြန်ပေးမိတာ .. တဲ့ ..အခုတော့ ငါ အဲဒါတွေက ဘာမှ မဟုတ်ဘူး ဆိုတာ.. သိသွားပြီတဲ့... တကယ်ချစ်ခဲ့တာ မဟုတ်ဘူးတဲ့..

သေရော.. ဒီကကောင် ရင်ကွဲရော...

ချစ်သူ တကယ်ပဲ အဲလိုခံစားခဲ့တာလား...
နောက်တစ်ယောက်များ တွေ့သွားလို့လား....
ဒါမှ မဟုတ်..
အနေဝေးလို့ မသာယာ နိုင်တော့လို့ လမ်းခွဲလိုက်တာလား။.

ဘာပဲဖြစ်ဖြစ်
ဒီကကောင်.. ရင်ကွဲသွားရတာကတော့ အမှန်အကန်ပါ..။


ရက်စက်တယ် ချစ်သူရယ်..




အားလုံးကိုလေးစားလျက်
...နတ်ဆိုးလေး..




နတ်ဆိုးလေး က အားကြီးဆေးလိပ်ကြိုက်တဲ့ကောင်..။ ဆေးလိပ်ကို စွဲစွဲမြဲမြဲ သောက်လာလိုက်တာ.. ဟော.. ယနေ့အချိန်မှစ.. နောင် ၁၀နှစ်ခန့်ကြာလတ်သော် နတ်ဆိုးလေး အိမ်ထောင်ကျလျက်သား ရှိနေလေသတတ်..။ နတ်ဆိုးလေးဆိုတဲ့ကောင်ကလဲ.. ဆေးလိပ်က တိုက်တန်းနစ်သင်္ဘောရှုံးတဲ့အထိ မီးခိုးထွက်အောင် သောက်တာကိုး..။ ဆိုတော့ကာ ဒီကောင် ချူချာပြီပေါ့..။ ချောင်းတဟွတ်ဟွတ် ရင်တမောမော.. ပေါ့..။ ဒီတော့ အိမ်သူသက်ထားက နတ်ဆိုးလေးကို မျက်စောင်းတစ်ခဲခဲ ပေါ့ဗျာ..။ အဲ မနေနိုင် မထိုင်နိုင် ဖြစ်လာတဲ့ တစ်နေ့ကျတော့ ချစ်ဇနီးလေးက နတ်ဆိုးလေးနားကို ကပ် ပြောပါသတဲ့..။

ရှင်.. ဆေးလိပ်ဖြတ်မလား...။ ကျွန်မကို ကွာမလား..။ တဲ့

နတ်ဆိုးလေးကလဲ ပြန်ဖြေလိုက်တာပေါ့..။ ရုပ်ကတော့ မချိုမချဉ်နဲ့ ပြုံးပြုံးကြီးလုပ်ထားရတာပေါ့..။
ဘယ်လိုဖြေလိုက်လဲ သိလား..။

မင်းကိုတော့ မကွာနိုင်ဘူးကွာ.. ။ ဆေးလိပ်ပဲ ဆက်သောက်တော့မယ်....။ လို့..။

ကဲ ...... မခက်ဘူးလားလို့..။ ကောင်းစေချင်လို့ ပြောတဲ့ မိန်းမကတောင် စိတ်ကုန်သွားပြီဆိုတော့. နတ်ဆိုးလေး လဲ သောက်မြဲသောက်ပါ၏..။ အဲ.. သောက်မြဲ သောက်တဲ့အပြင် အရက်တောင် ထပ်တိုးသောက်လိုက်သေးဆိုပဲ..။ ဒီလိုနဲ့ အခြေအနေက ကောင်းမလာ .. (ဘယ်ကောင်းမလဲ .. လျှော့မှ မလျှော့တာ..) ပိုပိုသာ ဆိုးလာတော့... နတ်ဆိုးလေးလဲ ဆေးခန်းကို ချောင်းပေါက်အောင် ပြေးနေရတော့တာပေါ့..........။ ဒေါက်တာက မေးပြီ..။ ဘယ်လိုဖြစ်ရတာလဲဗျ..။


အာ.. ဒေါက်တာ ဒီလိုဒီလိုပဲ..။ အဲဒါ ခြေထောက်တွေ ထုံကျင် ကိုက်ခဲ နေတယ် . ဒေါက်တာ ကြည့်ပေးပါဦး..။

ဆိုတော့ ဒေါက်တာကလဲ ဟိုစမ်း ဒီစမ်း.. (နားကြပ် နဲ့ ) စမ်းလဲ ပြီးရော... မြန်မာ ဗီဒီယိုကားတွေထဲကလို ခေါင်းကြီးယမ်းပြီး...

အင်း ခြေထောက်က သွေးကြောတွေ အရမ်းကျဉ်းနေတာဗျ..။ အဒါ ဆေးလိပ်တွေ အရက်တွေကြောင့် ဖြစ်တာဗျ..။

အင်း ခင်ဗျား အခြေအနေကဗျာ... ခင်ဗျာ ဆေးလိပ်တွေ အရက်တွေ ဖြတ်ရင်ဖြတ် ..။ ဒါမှ မဟုတ်ရင် ခင်ဗျား ခြေထောက် ဖြတ်ရတော့မယ်...။

ဟော.. နတ်ဆိုးလေးတို့ ခေါင်းနပမ်းကြီးသွားတယ်..။

ဒေါက်တာရယ် ကျွန်တော် တစ်ပါတ်လောက် အချိန်ယူ စဉ်းစားပါရစေဦး..။

အဲလိုနဲ့ ဒေါက်တာက တစ်ပါတ်ရှိရင် ပြန်ဆက်သွယ်ဖို့ ချိန်းချက်ပြီး.. ပြန်လွှတ်လိုက်ရော..။
နောက်တပါတ်ကျတော့ ကိုနတ်ဆိုးလေးက ဒေါက်တာ့ဆီ ဖုန်းဆက်တယ်ဗျ..။

ဒေါက်တာကမေးတယ်.

ဘယ်လိုလဲ ဆေးလိပ်ဖြတ်မှာလား .. ခြေထောက်ဖြတ်မှာလား..။

အဲတော့ သကောင့်သားနတ်ဆိုးလေး က ဘာပြောတယ်မှတ်လဲ..

ကျွန်တော် ဒေါက်တာ့ကို အဆက်အသွယ် ဖြတ်တယ်..ဗျာ.. တဲ့.... ကဲ.။။။။။။

===================================================================

နတ်ဆိုးလေး ဆေးလိပ်ပြတ်သွားတဲ့ အထိမ်းအမှတ် အနေနဲ့ ဒီ ဟာသ ပို့စ်လေးကို ရေးပါသည်...။


အားလုံးကိုလေးစားလျက်
..........နတ်ဆိုးလေး........

မပြောမပြီး မတီး မမည်လို့ ဆိုတာကိုးဗျ..။ အဲတော့ နတ်ဆိုးလေး ပြောပါရစေခင်ဗျ..။ နတ်ဆိုးလေးတို့ ရွှေမြန်မာ မှာ အင်တာနက် ကို တွင်တွင်ကျယ်ကျယ် သုံးလာတာ ဘယ်နှစ်နှစ်ရှိသွားပြီလဲ..။ မရှိပါဘုူးဆို ၁၀နှစ်တော့ကြာသွားပြီဗျာ..။ ဒါ လျှော့လျှော့ပေါ့ပေါ့ တွက်လိုက်တာ...။ ထားတော့..။ အင်တာနက်သုံးလို့ရတယ်..။ သတင်းအချက်အလက် နည်းပညာ ဆက်သွယ်ရေး.. ၀န်ဆောင်မှု တွေ အများကြီး အများကြီး အတွက် အင်တာနက်ကို အသုံးချလို့ရတယ်..

ဆိုတော့ နတ်ဆိုးလေးလဲ အူယားဖားယားနဲ့ သင်တန်းတွေ လိုက်တက်ရတော့တာပေါ့..။ နတ်ဆိုးလေးတို့ စသုံးတတ်ခါစက ကောင်းတယ် မဆိုးဘူး..။ နောက်ပိုင်း ၂၀၀၉ မေ လောက်မှာ ဖြစ်မယ်ထင်တယ်။။ ကေဘယ်လ်တွေ ပျက်လို့ ပြင်နေတယ်ဆိုပြီး.. တစ်နိုင်ငံလုံးသုံးမရဘူး။။ ပြီးလဲ ပြီးရော..။ သုံးမယ်ဟ.. ဆို cyber cafe ကို ပြေးတော့တာပေါ့..။
ဒဘလယူ ဒဘလယူ ဒဘလယူ ဒေါ့ ဂူဂဲ ဒေါ့ ကွန်.. အင်းတား.....
........ ....... ....
ဟုတ်ကဲ့ မော်လီဇာ မှာ loading ဖြစ်နေတယ်ခင်ဗျ....
..............အိပဲ့ အိပဲ့ နဲ့
ဟုတ်ကဲ့ loading မပြီးသေးဘူးခင်ဗျ..

၅ မိနစ်လောက်ကြာသွားရော.. ဘာဖြစ်တာလဲ .. ဆိုင်ကို မေးကြည့်တော့ တိဝူးတဲ့ဗျာ... စသုံးရ ကတည်းက အဲတိုင်းပဲတဲ့...။ ကောင်းရော..။
(ဟုတ်ကဲ့ ထိုအချိန်မှ စပြီး အိပဲ့ အိပဲ့ ဖြစ်လာတာ ယနေ့ အချိန်ထိ ဖြစ်ပါတယ်ခင်ဗျာ)

နောက်တစ်ခု ကတော့ ဘန်းတဲ့ကိစ္စပါ..။ ဘယ်လို ခေါင်းစဉ်တပ်ပြီး ဘာတွေ လိုက်ဘန်းနေမှန်းလဲ မသိဘူး..။ တရားမ၀င်တာရော (သူတို့ အခေါ် ပေါ့) တရားဝင်တာရော .. ကောင်းကောင်းကန်းကန်း ရေးတာရော မကောင်းမကန်း ရေးတာရော သိမ်းကျုံး ဘန်းထားတာ..။ ဘာလုပ်တာလဲ..။ ဒီနေ့ လူငယ်တွေကို အင်တာနက်ကနေ ဘာတွေ ပေးမှာလဲ..။ လူငယ်တွေက ဘာတွေ လေ့လာရမှာလဲ..။ အင်တာနက်ကို ဘယ်လို အသုံးချရမှာလဲ..။ ဂျီတော့ချက်တင်လောက်ပဲ သုံးစွဲခွင့်ရတာ သတင်းအချက်အလက် နည်းပညာလား..။ Friendster လောက်သုံးရတာ communication လား..။ သီချင်းလေး တစ်ပုဒ်ကို ၅ မိနစ်လောက် download လုပ်ယူရတာ ဘာဝန်ဆောင်မှုလဲ..။

ထပ်ပြီး မေးလိုက်ပါဦးမယ်..။ ဘာအတွက်လဲ..???
မြန်မာနိုင်ငံ အင်တာနက် ဘယ်ကို ဦးတည်နေတာလဲ... ????

အားလုံးကို လေးစားလျက်
...နတ်ဆိုးလေး....

ကျွန်တော်က မန္တလေးသား မဟုတ်ဘူုး.။ ပခုက္ကူက..။ ပခုက္ကူမှာ နှပ်တွဲလောင်း ပိစိကွေး ငယ်ငယ်လေးတည်းက ပေါင်းလာတဲ့ သူငယ်ချင်းတစ်ယောက်အကြောင်း ပြောပြချင်လို့ပါ..။ ဒီကောင့်နာမည်က ခန့်ဆက်တဲ့.။ ၁၀တန်းအောင်တော့ ကျွန်တော်က UFL သူက Dental မန္တလေးမှာ အတူတက်ရတော့ တွဲဖြစ်တယ်..။ အတူသွား အတူစား အတူလည်. ပျော်ဖို့တော့ အကောင်းသားကိုး..။ အဲ .. ကျောင်းပိတ်ချိန်ကျတော့ ကျွန်တော်က စော ပိတ်သဗျ..။ ဒီကောင် နောက်ကျတော့ မန္တလေးမှာ ကျန်ခဲ့တယ်..။ ကျွန်တော်က ပခုက္ကူ ပြန်တယ်.။ ဒီကောင်က ကျွန်တော် ပြန်တော့ သူပြီးမဲ့ရက်လောက် ဖုန်းဆက်လိုက်ဦးတဲ့..။ သူ့ကို လာကြို ခိုင်းဖို့ နေမှာပေါ့..။

စာမေးပွဲတွင်းမှာ သူ့အဖေ သူ့ဆီ လိုက်သွားတယ်..။ သူ့ အဖေကလဲ အလိုတော့ အလိုက်သားဗျ..။ သူ့သားလေးကို အရမ်းချစ်တာ..။ ကျွန်တော် သူ ဖုန်းဆက်ခိုင်းတဲ့ မနက်ပိုင်း သူ့ဆီ ဆက်လိုက်တယ်..။

ငါ မင်းကို လာကြိုခိုင်းဖို့ ဆက်တာ တဲ့ ဒါပေမယ့် ငါမလာသေးဘူးတဲ့ အဖေက နေခိုင်းလို့ နေဦးမယ်တဲ့ ကောင်မလေးနဲ့ လျှောက်လည်ဦးမှာတဲ့

ဆိုတော့ ကျွန်တော်က
အာ မင်း လုပ်လိုက်ရင် အဲဒီအတိုင်းချည်းပဲ.. ငါ ဒီမှာ ပျင်းနေပြီ.. လို့ပြောတော့

သူက မနက်ဖြန် ပြန်လာမှာတဲ့ မင်း ပျင်းလဲ မြို့ပြင် အ၀င်ဂိတ်က ထွက်စောင့်နေ တဲ့
ကျွန်တော်သူ့ကို ပိုးစိုးပက်စက် မေတ္တာပို့ ပစ်လိုက်တယ်..။

ဒီကောင်က တစ်မျိုးပဲဆဲတတ်တာ .. ကျွန်တော့ကို ပြန်ဆဲတယ်
မင့်မေကြီးတော် တဲ့

အဲဒီနေ့ ညနေ ၇ နာရီလောက် ကောင်မလေး သူငယ်ချင်းတစ်ယောက် ကျွန်တော့်ဆီ လာပြောတယ်..။ ခန့်ဆက် ဆေးရုံတင်ထားရတယ် တဲ့..။
အကျိုးအကြောင်းမေးကြည့်တော့ ဆိုင်ကယ် အက်ဆီးဒင့် ဖြစ်တာ..။ ကားနဲ့ ချိတ်မိတာ.. ။ ညနေ ၅ခွဲလောက်က ဖြစ်တာ.။ ၆ နာရီမှာ ဆေးရုံရောက်တယ်တဲ့..။ ခု အော်ပရေးရှင်းမှာ လို့ ပြောတယ်..။

ကျွန်တော် မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ ၀မ်းနည်းရတော့မှာလိုလို မနောက်ပါနဲ့ဟာ လို့ပဲ ပြန်ပြောရမှာ လိုလို ဖြစ်နေတုန်း.. အဲကောင်မလေးက မျက်ရည်တွေ ၀ိုင်းလာပြီး. ငါတကယ်ပြောတာဟ.. တဲ့
ခန့်ဆက် အဖေက သူတို့အိမ်ကို လှမ်းဖုန်းဆက်ရာကနေ သိတာပါ.။ မန္တလေး ပြည်သူ့ဆေးရုံမှာတဲ့..။

ဒါထက်အံ့သြဖို့ကောင်းတာကတော့ ည ၉ နာရီလောက် ဘာရယ်မဟုတ် ခန့်ဆက်တို့ အိမ်ရှေ့ က အဖြတ် မှာ ကျွန်တော် ခေါင်းကြီး ရှိန်းကနဲ ဖိန်းကနဲ ဖြစ်သွားတယ်.။
သူတို့ အိမ်ရှေ့မှာ ဆိုင်းဘူတ်လေးထောင်ထားတယ်..။

မောင်ခန့်ဆက်
အသက် ၁၈ နှစ်
../../၂၀၀၉ ည ၈ နာရီ ၂၀ တွင်ကွယ်လွန်သည်
(နောက်နေ့နေ့စွဲ) ညနေ ၄ နာရီ သင်္ဂြိုလ်မည်..

တဲ့

ရင်ဘတ်ထဲ ဆို့သွားတယ်ဗျာ..။ ကျွန်တော် သူတို့ အိမ်ထဲ ၀င်မေးကြည့်လိုက်တယ်..။ သူ့အဖေ ဖုန်းထပ်ဆက်တယ်တဲ့ ၈း ၂၀ က ဆုံးသွားပြီ..။ မနက်ကျရင် အလောင်းကို ပခုက္ကူထိ ပြန်သယ်လာမယ် တဲ့..။

သြော် သူငယ်ချင်းရယ်..။ မနက်ကမှ ကျွန်တော်နဲ့ ပြုံး ရယ်ပြီး စကားတွေ ပြောသွားသေးတယ်.။ ပြီးတော့ သူ ပြောသွားသေးတယ်..။ မနက်ဖြန် ပြန်လာမယ်တဲ့.။ မင်းပျင်းရင် မြို့ပြင် အ၀င်ဂိတ် ထွက်စောင့်နေပေါ့.. တဲ့..။ သူပြောတဲ့ မနက်ဖြန်မှာ ၀မ်းနည်းတဲ့ အထိမ်းအမှတ် အနက်ရောင်တွေနဲ့ ကျွန်တော်တို့ ပခုက္ကူက ငယ်သူငယ်ချင်းတွေအားလုံး ခန့်ဆက် အလောင်း လာရာ လမ်း (မြို့ပြင် အ၀င်ဂိတ်) ကနေ ထွက်ကြို ပေးခဲ့ကြပါတယ်..။

သူငယ်ချင်းရယ်..။ တကယ်တော့ မနက်ဖြန်ဆိုတာ အဝေးကြီးကွ .။ တစ်ညအိပ်ပြီးမှ ရောက်မှာ..
နောက်ဘ၀ ဆိုတာကတော့......................



အားလုံးကို လေးစားလျက်
...နတ်ဆိုးလေး....


နတ်ဆိုးလေး ကဗျာရေးမလို့ ခေါင်းစဉ်တပ်တာ ဟုတ်ပါဘူးဗျာ .. ပက်ပက်စက်စက် ဝေဖန်မလို့ပါ ..
နတ်ဆိုးလေး မျက်လုံးထဲ ကန့်လန့် ကန့်လန့်နဲ့ ကြည့်ရတာ ကသိကအောင့် ဖြစ်တယ်ဆိုရင် ပြောချင်တာ .. ဘယ်လိုမနေနိုင်မှန်းကို မသိဘူး .. အပေါင်းအသင်းတွေ လျှောက်ပြောလို့လဲ မကောင်းသေးဘူး.. အချင်းချင်းကို ကြီးကြီးကျယ်ကျယ်တွေ လာပြောနေပြန်ပြီနဲ့ နေမှာ .. ပြောပါဘူး ဒီကောင်တွေကို ဘာမှ ပြောဘူး.. ဒီဘလော့ဂ်လေးရှိနေတာ ကျွန်တော့အတွက် မိုက်တယ်ဗျ.. ပြောချင်တာတွေ ပြောချလိုက်.. ဘယ်သူမှ လာဖတ်ဖတ် မဖတ်ဖတ် ကျေနပ်နေတာ.. ကိုယ့် စိတ်ထဲက ဖြစ်တာလေးတွေ ဖွင့်ချပစ်လိုက်တော့ လုံးလုံး မဟုတ်တောင် တော်တော် များများ ပေါ့ပါးသွားတယ်..။ တကယ်.. ကျွန်တော်က ဒီ ဘလော့ဂ်လေး ဒီလောက် အခြေအနေလေးနဲ့ကို ကျေနပ်ပါတယ်..။ နာမည် အတော်အသင့်ရနေတာ မဟုတ်ပေမယ့် ပုံမှန် လာလည်တဲ့ စာဖတ်သူတွေဆီက comment ပုံမှန် ရနေတာကိုပဲ ကျေနပ်လှပါပြီ.. ရေးပျော်တယ်လို့ ပြောရမှာပေါ့.. ။ ကဲထားပါ .. ကျွန်တော် ပြောချင်တာက ဒီလိုဗျ..။

ဒီကနေ့ ရွှေနိုင်ငံမှာ ဖွံ့ဖြိုးလာတယ် ခေါ်တာလား ဆုတ်ယုတ်တာလို့ ခေါ်မလား ဘယ်လို ခေါ်ရမှန်းကိုမသိတဲ့ (ပြောင်းလဲ သွားတာတော့ သေချာတဲ့ ) ယဉ်ကျေးမှုတစ်ရပ် ဖြစ်ပေါ်နေပါတယ်.။ ဘာလဲ ဆိုတော့ ပွင့်လင်းလွပ်လပ်လွန်းတာပါ..။ အပြောအဆို အနေအထိုင် အ၀တ်အစား အားလုံးအားလုံး ပြောင်းလဲ ကုန်တာပါ..။ အ၀တ်အစား ဆိုရင်လဲ ရှေ့မှာ ကျွန်တော် ပို့စ်တစ်ခုတောင် ရေးထားပါတယ်..။ အားလုံးဟာ မြန်မာယဉ်ကျေးမှုနဲ့ ဘယ်လိုမှ မအပ်စပ်တဲ့ ပုံစံတွေ ဖြစ်ကုန်ကြပါပြီ..။ ကောင်းကြသေးရဲ့လား..။ ရွှေမန်းမှာ ပိုဆိုးတယ်ထင်ပါတယ်..။ ကျွန်တော် တွေ့နေမြင်နေရတဲ့ ပတ်ဝန်းကျင်မှာ ၀တ်စားဆင်ယင် ကြတဲ့ ပုံသဏ္ဍာန်တွေဟာ မြန်မာတစ်ယောက်လို့ ကျိန်ပြော ယုံချင်စရာ မရှိတဲ့ ၀တ်စားဆင်ယင်မှုတွေ ဖြစ်နေကြတယ်..။ မောင်နဲ့ နှမ သားနဲ့ အမိ မြင်ရတာကိုက မျက်စိရှက်စရာ ကောင်း ပါတယ်..။ ဒီယဉ်ကျေးမှုတွေ လွှမ်းမိုးလာတာကို အကြောက်အကန်ကြီး ဆန့်ကျင်နေတာမဟုတ်ပါဘူး..။ တော်ရုံတန်ရုံပဲ အတုခိုးကြဖို့ တိုက်တွန်းချင်တာပါ..။

အပြောအဆိုပိုင်းကိုကြည့်မယ်ဆိုရင်လဲ လူတွေ သတိမထားမိကြတဲ့ အပိုင်းပါ..။ ဗန်းစကား ဗန်းစကားဆိုပြီး ထွက်လာတဲ့ လူငယ်တွေရဲ့ ပါးစပ်ဖျားက စ တဲ့ စကားလေးတွေပါ..။ တော်တော်များများ လူကြီးပိုင်းတွေ အထိ လက်ခံသုံးစွဲလာကြတာကိုတွေ့ရပါတယ်..။ -နည်းနည်းလေး နားထဲမှာ ဘယ်လိုပြောရမလဲ.. နားထဲမှာ နည်းနည်းလေး ထောက်ထောက်သွားပါတယ်..။ နည်းနည်းလေး ရိုင်းတဲါဖက်ကို ပါသွားတယ်..။ ဥပမာ ပြောရရင် ကောင်မလေးကို `စော်´ လို့ ခေါ်တာတို့.. `ရှော်တီ´ လို့ခေါ်တာတို့. `.လန်ထွက်နေတာပဲ.´. တို့ နောက်ပြီး ဘာပြောပြော ရှေ့က `ေ-ာက်´ ဆိုတာကြီးပါ ပါနေတာ.. ရိုင်းတယ်လို့ကို မသတ်မှတ်ပဲ နဲ့ ယောက်ျားရော မိန်းမ ပါ နေ့စဉ်သုံးဝေါဟာရ တစ်ခု အနေနဲ့ လက်ခံသုံးစွဲနေကြတာ အံ့ သြစရာ ပါ..။ ရိုင်းတယ်လို့ မထင်မိကြဘူးလား..။ လူကြီးသူမ တွေကြားရင် ဘယ်လို နားထောင်ကြမလဲ မစဉ်းစားမိကြဘူးလား..။`ေ-ာက်ရမ်း မိုက်တယ်´ တို့ ဘာတို့ ပြောတာတွေ မဖြစ်သင့်ဘူးထင်ပါတယ်..။

နောက်တစ်ချက်က အနေအထိုင် အသွားအလာ လွပ်လပ်ပွင့်လင်းတာ.. တစ်ချက် ပြောစရာ ရှိပါတယ်.. ရွှေမန်းက ဟိုးတုန်းကတော့ စက်ဘီးမြို့တော်လို့ နာမည်ကြီးတယ်.. ။ ခုတော့ ဟုတ်ပါဘူးဗျာ.. လမ်းပေါ်မှာ ကြည့်လိုက် ၀ူးးးး ဝေါ နဲ့ ဆိုင်ကယ်တွေ ချည်းပဲ .. အဲတော့ ဆိုင်ကယ်မြို့တော် လို့ ခေါ်ရမှာပေါ့... ထားပါ.. သူ့ဘာသူ ဆိုင်ကယ်မြို့တော် မကလို့ ဟက်စကီး မြို့တော် ဖြစ်ဖြစ် နတ်ဆိုးလေး နဲ့ မဆိုင်ပါဘူး..။ ပြောချင်တာက ဆိုင်ကယ်စီးကြတော့ (အထူးသဖြင့်တော့ နတ်ဆိုးလေးတို့ အရွယ်လူငယ်တွေကို ပြောချင်တာပါ) ကောင်လေးတွေ ကောင်မလေးတွေ အတူတူစီးကြတဲ့အခါ ကောင်မလေးက နောက်က ထိုင်တော့ ထဘီ လေး ၀တ်ထားရင် ဘာ ပြောစရာရှိလဲ .. ဘာမှပြောစရာ မရှိဘူး.. တင်ပါးလွဲလေး ထိုင်လိုက် .. ကျက်သရေတောင် ၇ှိသေး..။ ခုတော့ ဟုတ်ပါဘူးဗျာ.. မိန်းကလေး တဲ့ ဘောင်းဘီ ကျပ်ကျပ်ကြီး ၀တ်ပြီး သိတဲ့လူ နောက်ရော မသိတဲ့လူနောက်ရော ခင်တဲ့လူနောက်ရော မခင်တဲ့လူနောက်ရော လိုက်ရင် ၀ုန်းဆို ကားရကြီးခွပြီး လိုက်သွားတာ..။ (နတ်ဆိုးလေး ကြည့်မရတာတွေထဲမှာ အဲဒါတွေလဲ ပါတယ်..) ။ ၀တ်လိုက်စားလိုက်တဲ့ အ၀တ်အစားတွေက တိုတိတိုနှံ့နဲ့ ထလိုက်ထိုင်လိုက်ရင် လျှပ်စီးတွေများ လက်လက် သွားတာ.. (နတ်ဆိုးလေး သူငယ်ချင်းတွေက အဲဒါတွေ လိုက်ကြည့်ချင်လို့ဆိုပြီး ညနေတိုင်း ကျုံးပတ်တယ်ခင်ဗျ) .။ အဲဒီ ကျုံး ကိစ္စ ကလဲ ရှိသေးတယ်ဗျာ..။ မန္တလေးကျုံးဆိုတာ.. ချောင်ကျကျနေရာမှာရှိတာလဲ မဟုတ်ပါဘူးဗျာ.. ။ လူပြတ်လပ်တဲ့ နေရာမျိုးမှာလဲ မဟုတ်ဘူး.. မြို့လည်ခေါင်မှာ..။ ပြီးတော့ မန္တလေး မြို့နေ ပြည်သူအားလုံး ဒီကျုံးဘေး က လမ်းတွေမှာ ကူးသန်းသွားလာနေကြတာ . .ဒုနဲ့ဒေးပါ..။ အဲဒါကိုဗျာ ကိုကိုတို့ မမ တို့ စုံတွဲတွေ ကျုံးဘေးကို ဘယ်လို စိတ်ကူးပေါက်ပြီး ဘယ်လိုမြင်ကြလဲ မသိပါဘူးဗျာ.. ။ ကျုံးဘေးမှာ လာလာထိုင်ကြတယ်.. ။ ထိုင်ရုံ တင်လာထိုင်တာဆိုရင်တော့ မန္တလေးကျုံးကြီး ကြည့်ပြီး နှစ်ယောက်သားကြည်နူးလို့... ကောင်းပါတယ် .။ ခုဟာက မဟုတ်ဘူးဗျာ... တစ်ချို့က လက်သရမ်းတယ်.. ။ နှာခေါင်း သရမ်းတယ်.. ။ ပါးစပ် သရမ်းတယ်..။ ကဲ ဖြစ်သင့်လားဗျာ.. ။ အများပြည်သူ သွားလာလှုပ်ရှားနေတဲ့ မြို့လည်ခေါင် နေရာဟာ သူတို့ အတွက် ပန်းခြံလို့များ ထင်နေလား မသိပေါင်ဗျာ... ။ အံ့ရော အံ့ရော..။ တစ်ချို့ ဆို ညနေ နေ၀င်ရီတရော မှောင်တောင်တောင် နေရာမျိုးတွေမှာ နှာခေါင်း သရမ်း ပါးစပ် သရမ်းရုံတင် မကဘူး...( အဟမ်း) ခြေထောက်ပါ သရမ်းချင်ကြသေးတာ... ။ သန့်ရှင်းရေးသမားတွေ မသက်သာဘူးဆိုပဲ... ။ ခြေထောက်သရမ်းထားတဲ့ ခြေအိပ်တွေ လိုက်လိုက်ရှင်းရတာပြောပါတယ်..။ တက္ကသိုလ်လို နေရာမျိုး မှာလဲံ ရှိတယ်.. ။ ကျောင်းသူကျောင်းသားတွေ ကျောင်းပရ၀ုဏ် အတွင်းမှာ ဖက်လဲတကင်းနေကြတာ မသင့်တော်ဘူးလို့ မမြင်မိကြဘူးလား ..။ ဆရာ သမားတွေ ငါတို့ကို မြင်ရင်..... ဆိုတာ မတွေးမိကြဘူးလား..။ `အာ မသိဘူး တို့ကတော့ ချစ်တာတစ်ခုပဲ သိတယ်´ ဆိုပြီး ဘယ်သူ့မှ ဂရုမစိုက် . နေချင်သလိုနေလို့ ရမလား..။ ဒီကျောင်းပရ၀ုဏ်မှာ ဆရာ ဆရာမ ပေါင်းများစွာနဲ့ ဆက်ဆံနေရတာ..။ တစ်ချို့ဆို အတန်းထဲမှာ ရှေ့က ဆရာက စာသင်လို့ နောက်က အတွဲက အံမယ် တစ်ယောက်ပုခုံးပေါ်တစ်ယောက် ဖက်လို့ တွတ်တွတ် တွတ်တွတ်နဲ့ ဘာတွေမှန်းမသိဘူး ပြောလို့.. ရှေ့က ဆရာကို ရှိတယ်တောင် မထင်ထားကြဘူး..။ လူငယ်သဘာဝ ချစ်ကြကြိုက်ကြတာ ချစ်ပေါ့..။ ချစ်တာတစ်ခုတည်း သိလို့ မရဘူးဗျ..။ ပတ်ဝန်းကျင်ရှိသေးတယ်.။ နည်းနည်းပါးပါး ဆင်ခြင်ဖို့ ကောင်းတယ်ဗျာ..။


ပွင့်လင်းလွပ်လပ်တာ ကောင်းပါတယ်..။ Over ဖြစ်သွားရင် ကျတော့ မကောင်းတော့ဘူး..။ ကျောင်းဖယ်ရီကား မောင်းတဲ့ ဦးလေးကြီးတစ်ယောက်ပြောဖူးတာ လေး ပြောပြမယ်..။ မင်းတို့ ခေတ်ကောင်မလေးတွေကလဲကွာ တဲ့
ပထမနှစ် ဖရက်ရှာ လေးတွေ ၇ှိသေးတယ်.. ။ ၀တ်တာစားတာတွေက တိုတိတိုနှံ့နဲ့ ဘာမှကို မရှိဘူး.. တဲ့ ဖိုင်နယ်များ ရောက်သွားရင် အ၀တ်အစား ၀တ်မဲ့ပုံတောင် မပေါ်တော့ဘူး .. တဲ့..။ အဲဒီလောက်ကြီး ပွင့်လင်းလွပ်လပ်တော့လဲ ကောင်းဘူးပေါ့ဗျာ..။ စုံတွဲတွေကလဲ ချစ်တာတစ်ခုပဲ သိလို့ မရပါဘူး..။ မောင်နဲ့ နှမ သားနဲ့ အမိ အမြင်မတော်တဲ့ နေရာများမှာ ဆင်ခြင်ကြဖို့တော့ လိုပါလိမ့်မယ်..။

ကဲကဲ စာကလဲ နည်းနည်းရှည်သွားပြီ။ နတ်ဆိုးလေး ပွားသမျှ သည်းခံ ဖတ်ပေးတာကျေးဇူးတင်လျက်နဲ့ပဲ ထပ်ပြီး နှိပ်စက်လိုက်ဦးမယ်.. ။ အောက်က ပုံက နတ်ဆိုးလေးရဲ့ ပုံပါခင်ည.. ရှုစားတော်မူသွားကြပါဦး.. ဟိဟိ..။ (ပို့စ် နဲ့လဲ ဘာမှ မပက်သက်ဘူးနော်... တစ်မျိုးကြီးပဲ..) .. အဟက်ဟက်..။အားလုံးကိုလေးစားလျက်
......နတ်ဆိုးလေး............

Google Doodle Day

Posted by နတ်ဆိုးလေး On Saturday, June 05, 2010 11 ယောက်ရဲ့ စကားသံတွေ



ဒီပို့စ်ကို ရေးရတဲ့ အကြောင်းရင်းကို ပြောရမယ်ဆိုရင် အဟမ်း.. ဒီလိုဗျ.. ။ ဒီပို့စ် တင်ဖြစ်သွားပုံက စပြောရမှာပေါ့.. ။ ဆိုင်မှာ သုံးနေတဲ့ user တစ်ယောက် ဆီ လှမ်းကြည့်မိလိုက်လို့ပါ..။ ဂူဂဲ က ဘယ်သူ့ကို honour လုပ်ပြန်ပြီလဲ.. လို့ရှာကြည့်တယ်.. တွေ့လဲတွေ့ရော.. ငါ့ ဘလော့ လေး ပို့စ်တစ်ခုတိုးရင် နည်းလားဆိုပြီး ရှာလို့ရသမျှကို ဖြစ်ညှစ်ပြီး ဘာသာပြန်ပြီး ရေးပစ်လိုက်တာ က တစ်ကြောင်း.. ပြီးတော့ shout box ထဲမှာ လာအော်သွားတဲ့ မနှင်းမိုးမိုး ကြောင့်လေ.. ။ သူက ပို့စ် မှန်မှန် မတင်ရင် သံယောဇဉ် ဖြတ်မယ်တဲ့..။ အဲဒါနဲ့ နတ်ဆိုးလေးလဲ ဆပ်ပြာသည် လင်ပျောက်သလို ပြာယာခတ်ပြီး . ဘာရေးလို့ ရေးရမှန်း မသိ ဖြစ်နေတုန်း အဲဒီ google doodle လေးကို ဓါးစာခံ လုပ်ပစ်လိုက်တာပဲ... ။ ဟီးဟီး..။

ကျွန်တော်က google ကနေ ရှာရတာ အားကြိး ပျင်းတဲ့ကောင်..။ ဒါတောင် user တစ်ယောက်ဆီက တွေ့လိုက်လို့ ဒီပို့စ်လေး တင်ဖြစ်သွားတာ..။
ဒီနေ့ ဇွန်လ ၅ရက်နေ့ ဟာ နိုဘယ်ဆုရှင် လျှပ်စစ် အင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ Dennis Gabor ရဲ့ နှစ်ပေါင်း ၁၁၀ ပြည့် မွေးနေ့ ဖြစ်ပါတယ်တဲ့..။ Dennis Gabor ဟာ သုံးဖက်မြင် နိယာမ ကို ဖော်ထုတ် နိုင်မှုကြောင့် ရူပဗေဒ ဆိုင်ရာ နိုဘယ်ဆုကို ရရှိခဲ့ပါတယ်..။
Gabor ကို ၁၉၀၀ ပြည့်နှစ် ဇွန်လ ၅ ရက်နေ့ မှာ Hungary နိုင်ငံ Budapest မှာ မွေးဖွားခဲ့ပါတယ်.. Gabor ဟာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပါတယ်..။ ပထမ ကမ္ဘာစစ် အတွင်း မှ Gabor ဟာ ဟန်ဂေရီ အမြောက်တပ်မှာ စစ် မှုထမ်းခဲ့ပါတယ်..။ Budapest နဲ့ Berlin မှာ ရှိတဲ့ နည်းပညာတက္ကသိုလ်များမှာ ပညာသင်ယူပြီး ဘွဲ့ရတဲ့ အခါ Gabor ဟာ ၁၉၄၆ ခုနှစ်မှာ ဗြိတိန်နိုင်ငံသား ခံယူခဲ့ပါတယ်..။ British Thomson-Houston ကုမ္ပဏီမှာ အလုပ်လုပ်နေစဉ် ၁၉၄၇ ခုနှစ်မှာ Gabor ဟာ holography လို့ ခေါ်တဲ့ သုံးဖက်မြင် နည်းပညာကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်..။ သူ့ရဲ့ ကြိုးပမ်းမှုများကြောင့် ၁၉၇၁ ခုနှစ်မှာ ရူပဗေဒ ဆိုင်ရာ နိုဘယ်ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်...။ Gabor ရဲ့ တွေ့ရှိမှုကို ဒီနေ့ Google က အသိအမှတ်ပြုတဲ့အနေနဲ့ 3D logo လေးနဲ့ ဂုဏ်ပြုလိုက်တာပါ..။

နိုဘယ်ဆုရှင် လျှပ်စစ် အင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ Dennis Gabor ဟာ နိုဘယ်ဆု ရပြီး ၈ နှစ်အကြာ ၁၉၇၉ ခု ဖေဖော်ဝါရီ ၈ ရက်နေ့ လန်ဒန်မြို့မှာ ကွယ်လွန် အနစ္စ ရောက်သွားခဲ့ပါတယ်ခင်ဗျာ...။

နတ်ဆိုးလေး ဘာသာပြန်လို့ ရသမျှ နားလည်သမျှ Dennis Gabor ရဲ့ အကြောင်းပါ..။
အော် ဒါနဲ့ မဆီမဆိုင် လက်ပံသား ဓါးနဲ့ ချိုင်ဆိုသလို ဘာမှတော့ မဆိုင်ဘူုး ပြောရဦးမယ်..။ ဒီပို့စ် ရေးနေစဉ် အတောအတွင်းမှာ မီး သုံးခါ ပျက်ပါတယ်ခင်ညာ... ဟီးဟီး...။

အားလုံးကိုလေးစားလျက်
....နတ်ဆိုးလေး.......

အိပ်မက်ထဲကို တံခါးဖွင့်ဝင်လိုက်တယ်...။ အိပ်မက်ထဲရောက်တော့
ခပ်လှမ်းလှမ်းမှာ လုတစ်ယောက် ငုတ်တုတ်ကြီးထိုင်နေတာကို တွေ့လိုက်တယ်.။ ဘယ်သူပါလိမ့်....။ အားးးးး လတ်စသတ်တော့ ဒိုင်အောဂျိနိစ်ကိုးး..။ သူ့နား ကို သူမသိအောင် တိတ်တိတ်လေး သွားကြည့်လိုက်တယ်..။ မြေကြီးမှာ ဟိုခြစ်ဒီခြစ် လုပ်နေတယ်..။ သူတွက်တဲ့ ပုစ္ဆာကို အသာလေး ကြည့်ကြည့်လိုက်တယ်..။ သူတော်တော် အုံးစားနေပုံရတယ်..။ ကျွန်တော် သူ့ရှေ့ကနေ အလက်ဇန္ဒား အထာ နဲ့ ကွယ်ရပ် ပစ်လိုက်တယ်...။ ပြီးတော့ စကားတစ်ခွန်း ပြောလိုက်တယ်..။ ၀မ်းသာစရာ ပဲ..။ အလက်ဇန္ဒားလို ကျွန်တော် နှင်မထုတ်ခံရဘူး..။ အားရပါးရ လက်ဆွဲနှုတ်ဆက် ကျေးဇူးတင်စကားပြော တာ ခံရတယ်..။
ပြောမှာပေါ့..။ သူ့ကို ကျွန်တော် က လော့ဂရပ်သမ် စာအုပ် ငှားရမလား လို့ မေးလိုက်တာကိုးးး..။
ဒိုင်အောဂျနိစ် ပျော်သွားတယ်..။ ကျွန်တော်လဲ အိပ်မက်ထဲ ဆက်တိုးလာတယ်.။

အိပ်မက်က နက်သထက်နက်လာတယ်..။ တစ်နေရာ အရောက် သွေးတွေစွန်းနေတဲ့ ကွင်းပြင်ကြီးကို တွေ့လိုက်ရတယ်..။ ဒါ စစ်မြေပြင် ဖြစ်ရမယ်...။ ဟင် ဟိုမှာ လူုတစ်ယောက်ပါလား...။ မှန်းစမ်း... ဘယ်သူဖြစ်မလဲ...။ အော လက်စသတ်တော့ ... နပိုလီယန်ပါလား...။ အော ဒါ ၀ါတာလူး စစ်မြေပြင်ကိုး...။ ဟောဟော နပိုလီယန် ဘာလုပ်မလို့လဲ မသိဘူး.. မိုးပေါ်ကို လက်ကြိးမြှောက်လို့..။
ပါးစပ်က ပွစိပွစိနဲ့.. ကျွန်တော် နည်းနည်းလေး ရှေ့တိုး နားထောင်လိုက်တယ်....။

အို အသင်နေမင်း.. ကျွန်ူပ်ကို နှစ်နာရီ ခန့်သော အချိန်ကို ပြန်ပေးပါ..။ သင်လိုရာကို ကျွန်ုပ်ပြန်ပေးဆပ်နိုင်ပါသည်... တဲ့

တော်တော်ပိန်းတဲ့ကောင်ပဲ လို့ စိတ်ထဲက ပြောရင်းနဲ့ ကျွန်တော် သူ့နားသွားပြီး.. လက်တို့လိုက်တယ်..။ ပထမတော့ နပိုလီယန် ကြောင်သွားတယ်..။ ဘာလဲဆိုတဲ့ မျက်လုံးနဲ့ကြည့်တယ်..။ ကျွန်တော်က ဒါပဲ ဆိုတဲ့ မျက်လုံးနဲ့ ပြန်မကြည့်ပါဘူး..။ သူ့ကို ပြောလိုက်တယ်..။

ခင်ဗျားကိုကျုပ် နှစ်နာရီ ပေးမယ်...။

ဆိုတော့ သူက ကျွန်တော့ကို အထူးအဆန်း သတ္တ၀ါ တစ်ကောင်လို ပြူးကြည့်တယ်..။ ကျွန်တော်က သူ့ကို မထူးဆန်းတဲ့ လူုလို ကြည့်ပြီး

မယုံလို့လား လို့ မေးလိုက်တယ်..

ဒီတော့ သူက ပျာပျာသလဲ နဲ့ အာ ယုံတယ် ယုံတယ် .. ဆိုပြီး အူယားဖားယားနဲ့ ဖြေတယ်..။

ခင်ဗျား ပြောတာက နှစ်နာရီ ပေးရင် ကျုပ်လိုချင်တာ ပြန်ပေးမှာ.. ဟုတ်တယ်နော်..

အာ ဒါပေါ့ ပေးမှာပေါ့ ငါ့ညီရာ တဲ့ အံမယ် ပုခုံးလေးတောင် လှမ်းပုတ်လိုက်သေးတယ်...
ပြီးမှ သွားကြီးဖြီးပြပြီး ပြောပြော ငါ့ညီ ဘာလိုချင်တာလဲ ပြော တဲ့

ကျွန်တော် ပြန်ပြောလိုက်တယ်..
ခင်ဗျား ကို နှစ်နာရီ ပေးမယ်... ကျုပ်ကို လေးနာရီ ပြန်ပေး ... လို့

ဒီတော့ နပိုလီယန် မျက်လုံးပြူးသွားတယ်..

ဘာ... အဓိပ္ပါယ် မရှိတာ.... ပါးစပ်ကြီး အဟောင်းသားနဲ့ အော်ချလိုက်တာ..။

ကျွန်တော်ကလဲ မယူလဲ နေပေါ့ဆိုတဲ့ အထာနဲ့ လက်လေးပိုက် ခေါင်းလေးကို တစောင်းလေး မော့ထားပြီး မေးလေး ပွတ်နေလိုက်တယ်.။

အဲလိုလဲ နပိုလီယန် မနေနိုင်ဘူး..။ ကျွန်တော့ကို ပြန်မေးတယ်...။
နေပါဦး ငါ့ညီ မင်းက လေးနာရီ ဘာလုပ်ဖို့လဲ...


ကျွန်တော်လဲ ပြန်ဖြေလိုက်တယ်...
ဝယ်လင်တန်ကို ကျုပ် အရင် သွားပြီး တိုက်မလို့....

ဘာ

နပိုလီယန် ကြောင်ပြီး အော်လိုက်တုန်း .. ကျွန်တော် လစ်ထွက်လာလိုက်တယ်..။

အိပ်မက်ကလဲ မဆုံးနိုင်ဘူး.. ဘယ်လိုလူတွေနဲ့ တွေ့မှန်းလဲ မသိဘူး..။ ဟော ရှေ့မှာ တစ်ယောက်တွေ့ပြန်ပြီ.. ။ ဟ ဒီတစ်ခါ မိန်းကလေးဟ.. ။ မှန်း... ဘယ်သူ့ဖြစ်မလဲ...
အဟား... ထက်ထက်မိုးဦး ပဲ.. လာထား ကျွန်တော် အိပ်ကပ်ထဲက recorder လေးထုတ်ပြီး ထက်ထက်ဆီ ပြေးတယ်..

ထက်ထက်..... ထက်ထက် .......
ကျွန်တော် လှမ်းခေါ်တော့ ထက်ထက် လှည့်ကြည့်တယ်.. ကျွန်တော့ လက်ထဲက recorder ကို ကြည့်ပြီး ပြောတယ်ဗျ..
ရုတ်ရုတ် ရုတ်ရုတ် မလုပ်နဲ့နော်.. သတင်းတွေ ကြားတယ်မလား တဲ့

ဟုတ်ကဲ့ပါဗျာ .. မဖြစ်စေရပါဘူး... ကျွန်တော် သိချင်တာ တစ်ခုတည်းပါ... ဆိုတော့
ကောင်းပြီလေ မေး မေး တဲ့

ကျွန်တော်လဲ မေးလိုက်ပါတယ်..
Sedona မှာတုန်းက interviewer ကို ရိုက်လိုက်တာ ဘယ်ဘက်ပါးလား ညာဖက် ပါးလား လို့...

ဘာ

အော်သံကြီးနဲ့ ထက်ထက်ရဲ့ ညာဖက်လက်မြောက်တက်သွားတယ် ...

==============================================================================

အားးးးးးးးးးး ဆို အော်ပြီး ထထိုင်လိုက်တယ် .. နဖူးက ချွေး သုတ်ပစ်လိုက်တယ်..။
ကဲ ဘာတတ်နိုင်သေးလဲ ထက်ထက်.. ခင်ဗျားမရိုက်ခင် လန့်နိုးပစ်လိုက်တယ်။။ ဘာပြောချင်လဲ...။

ဟဟဟ... ငါကွ..။



အားလုံးကိုလေးစားလျက်
....နတ်ဆိုးလေး......

မန္တလေးမြို့တည် နန်းတည် နှစ် ၁၅၀ပြည့် ပြဇာတ်ကြည့်ရင်း နောက်ဆုံး ငိုသံပါကြီးနဲ့ ပြောချလိုက်တဲ့ လူရွှင်တော်ကြီး ရဲ့ ပြောင်မြောက်တဲ့ ပျက်လုံးလေးပါ...။ တရုတ်ပုံစံပေါက်နေတဲ့ လူရွှင်တော်ကြီးက ဗမာစစ်စစ် မန္တလေးသားစစ်စစ် ဖြစ်တဲ့အကြောင်း ကို မှတ်ပုံတင်နဲ့ သက်သေထူပြီး နန်းတော်တိုင်ဖက်မွေးလာတဲ့ မန္တလေးသား စစ်စစ်ကြီးပါဗျာ.. လို့ မျက်နှာငယ်လေးနဲ့ ပြောလိုက်ပုံက ပြောချင်တဲ့ အကြောင်းအရာကို ထိထိမိမိ ပြောချလိုက်တာ အရမ်း နှစ်သက်မိပါတယ်..။ လူမျိုးခြားတွေ (အထူးသဖြင့် တရုတ်တွေ) မျက်စိနောက်နေအောင် မြင်နေရတဲ့ ဒီကနေ့ မြန်မာနိုင်ငံမှာ လူမျိုးခြားယဉ်ကျေးမှုတွေ လွှမ်းမိုးလာလိုက်တာ... တစ်ချို့ ဗမာများဆို ဗမာ ပါလို့ ကျိန်ပြော .. ဘယ်သူမှမယုံဘူး..။ အထူးသဖြင့် မိန်းကလေးများ ပါ..။ တွေ့လိုက်ရရင် မျက်စိ ကျိန်းချင်စရာ.တွေချည်းပဲ..။ Mini Skirt တွေ Micro Skirt တွေနဲ့ သူတို့ကို အဲဒါလေးတွေနဲ့ နေတတ်တာ နတ်ဆိုးလေးတို့များ အံ့သြလို့ မဆုံးဘူး..။ လွပ်လွပ်လပ်လပ်လှုပ်ရှားလို့ မရ ဘာမရနဲ့ ..။ ယောက်ျားလေးများကရော အ၀တ်အစား တွေက ဘာတွေမှန်းကို မသိပါဘုးဗျာ..။ ဟိုနေရာက အချွန်အတက်တွေ ထွက်နေရတာ နဲ့ ဒီနေရာက အပေါက်တွေ ဖောက်ထားရတာနဲ့... နတ်ဆိုးလေးလဲ လူငယ်ပါ.. လူငယ်မှ မိုက်လို့ကောင်းတဲ့ အရွယ် လူငယ်ပါ..။ ရင့်ကျက်နေတဲ့ လူငယ် မဟုတ်သေးပါဘူး..။ ကိုယ်ကိုယ်တိုင် လူငယ်တစ်ယောက် ဖြစ်နေတယ်.. ။ ဒါတွေကို အကောင်းမြင် မပေးနိုင်ဘူးလား..။ မေးစရာ ရှိပါတယ်..။ ဟုတ်ကဲ့ တော်ရုံပဲ ကောင်းပါတယ်..။ သရုပ်ပျက်လွန်းရင် နတ်ဆိုးလေးက အချင်းချင်းလဲ အမြင်ကတ်ဲ့ပါတယ် ..။ ဘယ်လို ကြည့်မရမှန်းကို မသိတာပါ..။ မိန်းကလေး နဲ့ ယောက်ျားလေး ကြားလို့မှ နားမချမ်းသာတဲ့ စကားလုံးများ ကို လဲ ဗန်းစကားလို့ နာမည်တပ်ပြီး ဖောဖောသီသီ သုံးနေကြပါတယ်.။ ကလပ်ဆိုတဲ့ နေရာမျိုးတွေမှာ လဲ မိန်းကလေးရော ယောက်ျားလေးရော အရွယ်ရောက်ပြီးသူရော အရွယ်မရောက်သေးသူများရော ရောက်နေကြတယ်..။ နောက်ပြီးတော့ အင်တာနက်ပါ.. နေ့စဉ်နဲ့ အမျှ အချိန်ပိုင်းအလုပ်လုပ်နေရတဲ့အတိုင်း အချိန်မှန် လာနေကြတယ်..။ အင်တာနက်ဆိုင်ကို..။ ဘာလုပ်ကြတာလဲ .. ဟုတ်ကဲ့ chatting ထိုင်တာပါခင်ဗျ..။
Gtalk လေးဖွင့် ဘောက်ဘောက် ဘလောက် ဘလောက် ဗြောင်း.. ဆို လက်ကွက် ခပ်မြန်မြန်လေး ရိုက်တတ်တာ ကြီးကို သူတို့က ဘ၀ ထင်နေကြတာလေ..။ ဒီကောင်က အင်တာနက် ငါ့ထက်ပိုကျွမ်းတယ်ကွ.. ဘာတွေလုပ်တတ်လို့လဲ.. လက်ကွက်ပိုမြန်လို့... အော်.. ဖြစ်မှ ဖြစ်ရလေ..။ ဟုတ်တော့လဲဟုတ်ပါတယ်.. သူတို့မှာက အင်တာနက်ဆိုတာ chatting ပဲ လို့သိထားကြတာကိုး..။ သိပ် နှမြော ဖို့ ကောင်းပါတယ်.အချိန်တွေ..။ Gtalk ပဲ လုပ်စရာရှိတော့.. Gtalk ရယ် Sign in ရယ် Sign out ရယ် ပြီးရင် သူတို့တတ်စရာက လက်ကွက်ပဲ ရှိတော့တာကိုးးး။ အကျိုးရှိတာလေးတွေတော့ လုပ်စေချင်တာပေါ့ဗျာ..။ ပြောရင်းနဲ့ ဘယ်တွေတောင် ရောက်သွားမှန်းမသိဘူး..။ ပြောချင်တာက လူမျိုးအကြောင်းပါ..။ မြန်မာမှာ ကိုယ်ပိုင် ယဉ်ကျေးမှု ရှိပါတယ်..။ နိုင်ငံတကာက လေးစားမြတ်နိုးခြင်း ခံရတဲ့.. ယဉ်ကျေးမှုကြီးတစ်ခုလုံး ပိုင်ဆိုင်ထားပါတယ်..။ ထိန်းသိမ်းဖို့က ကျွန်တော်တို့ လူငယ်တွေ လက်ထဲမှာပဲ ရှိနေတာ.. ဒီတိုင်းဆိုရင်တော့ မြန်မာ့ယဉ်ကျေးမှု ကြီး ပျောက်သွားတော့မှာလားဗျာ...။
နတ်ဆိုးလေး ၁၀ တန်းတုန်းက မှတ်ပုံတင်သွားလုပ်တော့ ဖတ်ခဲ့ရဖူးပါတယ်..။ မှတ်ပုံတင်ရုံးတွေမှာ.. မြေမျိုလို့ လူမျိုးမပြုတ်.. လူမျိုမှ လူမျိုးပြုတ်မည်.. ဆိုတာလေး ..။ ကဲ.. ယနေ့လူငယ်များ..နတ်ဆိုးလေးတော့ မြန်မာနိုင်ငံမှာ ထင်ပါတယ်..။

ပြောနေတာလဲ ကြီးကျယ်ရာ ရောက်ပါတယ်.. မလောက်လေး မလောက်စား ကောင်လေးက ကြီးကြီးကျယ်ကျယ် ရေးတယ် ဆိုပြီး ၀ိုင်းဟားမှာလဲစိုးရသေးတယ်..။ အထင်သေးတာတို့ ဘာတို့.. အထူးသဖြင့်တော့ နတ်ဆိုးလေးက blogger ပါး မ၀သေးတာပေါ့..။ ရေးချင်နေတာ ကြာပါပြီ... ။ စာဖတ်သူတွေဆီက ထွက်လာမယ့်အသံ တွေကို ရင်မဆိုင်ရဲသေးလို့.. စဉ်းစားနေလို့ပါ..။ ပဋိပက္ခတွေကိုလဲ နဲနဲ ကြောက်မိတာပါ..။ ခု အရဲစွန့်ပြီး တင်လိုက်တာပါ..။ စာဖတ်သူရဲ့ အသံကိုရင်တစ်ထိတ်ထိတ်နဲ့ စောင့်ကြည့်နေပါတယ်ခင်ဗျာ...။

အားလုံးကို လေးစားလျက်
....နတ်ဆိုးလေး........