အိပ်မက်-၁
အဲဒီညက မိုးလင်းခါနီးအထိ အိပ်မပျော်ဘူး။
အိပ်ပျော်တော့ အိပ်မက် မက်တယ်။
အိပ်မက်ထဲမှာ ကျွန်တော်က စက်ဝိုင်းကြီးတစ်ခုကို တောင်ပေါ်တွန်းတင်သွားတယ်။
တောင်ပေါ်ရောက်တော့ တောင်အောက်ကို ပြန်လှိမ့်ချတယ်။
စက်ဝိုင်းကြီးက ကျွန်တော့်ကို စိတ်ပျက်လက်ပျက်ပြောတယ်။
“မင်းတို့ လူဆိုတဲ့ သတ္တ၀ါတွေဟာ အတော်ညစ်စုတ်တာပဲ”
“ဟင် . . .ဘာဖြစ်လို့လဲ”
“သူများတစ်ဖက်သားကို တွန်းတင်လိုက်၊ တွန်းချလိုက်နဲ့ ဒါကြောင့် မင်းတို့တွေ ည . . . ည အိပ်မပျော်တာ” တဲ့ . . .။
အိပ်မက် - နှစ်
ကျွန်တော် အရူးတစ်ယောက်နဲ့ တွေ့တယ်။
မေးကြည့်မိတယ်။
“အချစ်ဆိုတာကို ခင်ဗျားသိလား”
“သိတော့သိတယ်၊ ဒါပေမယ့် ပြောမပြတတ်တော့ဘူး”
“ဘာဖြစ်လို့လဲ”
“အဲဒါကို သိပြီးကတည်းက ငါခုလို ရူးသွားတာပဲ”
လန့်နိုးတော့ ကျွန်တော်တောင် ညဥ့်တော်တော်နက်နေပြီ။
အိပ်မက် - သုံး
ကျွန်တော်သူ့ကို ချစ်မိနေပြီ။
ရိုးရိုးလား . .ဆန်းဆန်းလားတော့ မတွေးတတ်ဘူး။
မောင်နှမချစ်ထက် “တစ်”ပဲပိုတာပါ။
အောက်ပါအတိုင်းပေါ့။
၅၂၈+၁
အိပ်မက် - လေး
“တစ်နေရာမှာတော့ မှားနေပြီ”
ကျွန်တော် အဲဒီလိုပြောတော့ ကမ္ဘာစောင့်ဘိုးဘိုးကြီးက ပြုံးတယ်။
“တစ်နေရာမှားတယ်ဆိုတော့ ကျန်တဲ့နေရာတွေက မှန်တယ်ပေါ့”
“အင်း”
“အဲဒါဆို .မှန်တဲ့နေရာတွေကို မှန်ကြောင်း သေချာအောင် စစ်ဆေးလိုက်ပေါ့...မှားတဲ့နေရာက ထင်ရှားလာလိမ့်မယ်”
ကမ္ဘာစောင့်ဘိုးဘိုးကြီး ပြန်သွားတယ်။
ကျွန်တော်ကျန်ရစ်တယ်။
မှန်တာတွေကို မှန်ကြောင်း သေချာအောင်စစ်တယ်။
တွေ့ပြီ။
နောက်ဆုံးကျတော့ ..မှားတာက ကျွန်တော်ပဲ ဖြစ်နေတယ်။
“တော်ပြီ”
ကျွန်တော်နှင့် ဧဒင်ကချေသည် - တာရာမင်းဝေ
အများအမြင်မှာတော့
အိတ်လေးတစ်လုံးပါပဲ
ဘာသိဘာသာ
ဘေးမှာလွယ်ထားကြတယ်....
ဒါပေမယ့်...............
အဲဒီထဲမှာ
အဖေ့ရဲ့မျှော်လင့်ချက်
အမေ့ရဲ့ အိပ်မက်
ကိုယ်တိုင်ထုဆစ်ထားတဲ့ စိတ်ကူးအိပ်မက်တွေ ပါတယ်.။
သတိတစ်ချက်လွတ်သွား တစ်သက်မှားဆိုသလိုပဲ
တဒင်္ဂစိတ်ရိုင်းကြောင့်
အမည်းစက်မစွန်းပါစေနဲ့
ညီလေးရယ်............................။
...ရဲရင့်နေဇာ......
ကျွန်တော့ အကို ကိုနေဇာက ကျွန်တော့အတွက်တဲ့ ရေးပေးထားတာပါ..။
ဒီနေရာကနေ ကျေးဇူးတင်ပါတယ်.. အကို....။
မ.........
တမ်းတရတဲ့အဖြစ်
လွမ်းလိုက်ရတဲ့ အဖြစ်
ချွေချပေးခဲ့တဲ့
(မ) အပြုံးလေးတစ်ပွင့်ကတောင်
ရင်တစ်ခုလုံး လှိုက်မောလို့။
မ.................
ဗြောင်းဆန်နေတဲ့ရင်အစုံက
“မ” မှ “မ”ပဲတဲ့..။
မ..........
ချစ်တတ်ခဲ့ပြီဆိုတဲ့အသိ
တစ်ဘ၀လုံးဆိုတဲ့ အဖြစ်
တစ်သက်တာလုံးနောင်တမရတဲ့
အချစ်နဲ့
ဆက်ချစ်နေမယ်ဆိုတာ..................။
မ, ရယ်....
နှလူံးသားတစ်ခုလုံး လွင့်ကြွေခဲ့ရင်တောင်
ကျိုးပျက်ကြေမွနေတဲ့ အစိတ်အပိုင်းတိုင်းက
“မ” မှ “မ”ပဲတဲ့..ဗျာ.......။
.....ရဲရင့်နေဇာ..........
ဒဏ်ရာတွေကတော့
ပြန်ကောင်းသွားမှာပါ....တဲ့။
လူမမာလေးဟာလည်း
သူရဲကောင်းဖြစ်ချင်ရှာလွန်းလို့
ဓါးတွေ လှံတွေ သွေးပါတယ်။
ဒါပေမယ့်
“.................တူ...
တူ..................တူ....” ဆိုပြီး
ထွက်ခွာသွားတဲ့ ရထားတစ်စင်းရဲ့
ဥသြဆွဲသံ ပျော့ဖတ်ဖတ်ထဲမှာပဲ
လေးကြိုးလေးဟာ
“ထောင်း”ခနဲ ပြတ်သွားပါတော့တယ်..
သြော်....ရှုံုးပြန်ပြီကွယ်။
အဆုံးမဲ့ညတွေမှာ
ပြာလွင်ရှင်းတောက်
တိမ်ရည်သောက်တဲ့ ကြယ်လေးကို
လိုချင်တပ်မက်နေမိတာ ငါပေါ့..။
လျော့တိလျော့ရဲ နိုင်လွန်းလှတဲ့
အညတရကောင်းကင်ကြီးကတော့
မော့ကြည့်နေတဲ့ ငါ့ကိုတောင်
ပြောင်ပြောင်တင်းတင်း သရော်နေလိုက်သေး။
အဝေးကြီးဆိုပေမယ့်
ခနဲ့ပြုံးပန်းရိုင်းကို နာကြည်းလာမယ့်တစ်နေ့
မင်းပွေ့ထားတဲ့ကြယ်တစ်ပွင့်ကို
ချိုချိုလေး ဆွဲထုတ်ပြမယ် ကောင်းကင်ရေ..။
ရွှေအတိပြီးတဲ့ စိတ်ကူးနဲ့
သိပ်ရူးတဲ့ ရင်ဘတ်လေးက
အဝေးက ကြယ်လေး တစ်ကိုယ်စာတော့
ဆော့ကစားဖို့ ပြည့်စုံပါတယ်..။
ဘယ်သူမှ မပြောဘူးတဲ့
ထူးထူးဆန်းဆန်း ချစ်သူဘာသာဗေဒမျိုး
ကြယ်လေးနားတိုးရင်း
ပြင်းရှရှ ဖွင့်ချချင်လိုက်တာ...။
ငါ ကြယ်လေးဆီသွားမယ်..
ဘယ်ရယ်လို့မသိ
ဘယ်ချိန်ထိ နင်းလျှောက်ရပါစေ
(နေသားမကျတဲ့) မျှော်လင့်ချက်နဲ့တော့ အချိန်မကုန်ချင်ဘူးလေ။
ကြယ်လေးရေ
မင်းဆီကို ငါလာနေပြီ...
..................................
....................................။
.....နတ်ဆိုးလေး.........
၁။
ခဲတံ
ခဲဖျက် ကုန်သွားပြီ
ဒီတစ်ခါမှားရင်တော့
ရင်ကော့ပြီး အရေးခံနေကျ
ငါ့ဗလာစာအုပ်က ငါ့ကို ဟားတော့မှာ...။
၂။
မီးပုံးပျံ
မီးတောက်ကြီးကိုမြို
ကိုယ့်ကိုကိုယ် မှိုင်းတွေသွင်း
တင်းတင်းရင်းရင်းဖြစ်ကာမှ
ငါ့ရင်ဘတ်ကြီး လေလွင့်သွားလိုက်တာ....။(နှမြောစရာနော်)
၃။
ဖိနပ်
နင်းလျှောက်မှုအောက်မှာ နာကျင်လို့
ငါ့ကိုယ်ငါ ကိုက်ဖြတ်လိုက်မိပါတယ်
သဲကြိုးပြတ်တဲ့ ငါ့ကို
ဟိုဘက်အိမ်က ခွေးက ဆွဲစားတာ ခံလိုက်ရတယ်..။(တောက်)
၎။
ဓါတ်တိုင်
နီယွန်အလင်းစက်ကို ခေါင်းမှာတပ်
ခပ်တည်တည် မတ်တပ်ရပ်နေပေမယ့်
ပျော်တယ် မထင်နဲ့..
ဟို အမူးသမားက ၀င်ဖက်လိုက်
ဒီခွေးက ၀င် သေးပန်းလိုက်
ရိုက်သတ်ချင်နေတာ....။
.....နတ်ဆိုးလေး.......