• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

မန္တလေးမြို့တည် နန်းတည် နှစ် ၁၅၀ပြည့် ပြဇာတ်ကြည့်ရင်း နောက်ဆုံး ငိုသံပါကြီးနဲ့ ပြောချလိုက်တဲ့ လူရွှင်တော်ကြီး ရဲ့ ပြောင်မြောက်တဲ့ ပျက်လုံးလေးပါ...။ တရုတ်ပုံစံပေါက်နေတဲ့ လူရွှင်တော်ကြီးက ဗမာစစ်စစ် မန္တလေးသားစစ်စစ် ဖြစ်တဲ့အကြောင်း ကို မှတ်ပုံတင်နဲ့ သက်သေထူပြီး နန်းတော်တိုင်ဖက်မွေးလာတဲ့ မန္တလေးသား စစ်စစ်ကြီးပါဗျာ.. လို့ မျက်နှာငယ်လေးနဲ့ ပြောလိုက်ပုံက ပြောချင်တဲ့ အကြောင်းအရာကို ထိထိမိမိ ပြောချလိုက်တာ အရမ်း နှစ်သက်မိပါတယ်..။ လူမျိုးခြားတွေ (အထူးသဖြင့် တရုတ်တွေ) မျက်စိနောက်နေအောင် မြင်နေရတဲ့ ဒီကနေ့ မြန်မာနိုင်ငံမှာ လူမျိုးခြားယဉ်ကျေးမှုတွေ လွှမ်းမိုးလာလိုက်တာ... တစ်ချို့ ဗမာများဆို ဗမာ ပါလို့ ကျိန်ပြော .. ဘယ်သူမှမယုံဘူး..။ အထူးသဖြင့် မိန်းကလေးများ ပါ..။ တွေ့လိုက်ရရင် မျက်စိ ကျိန်းချင်စရာ.တွေချည်းပဲ..။ Mini Skirt တွေ Micro Skirt တွေနဲ့ သူတို့ကို အဲဒါလေးတွေနဲ့ နေတတ်တာ နတ်ဆိုးလေးတို့များ အံ့သြလို့ မဆုံးဘူး..။ လွပ်လွပ်လပ်လပ်လှုပ်ရှားလို့ မရ ဘာမရနဲ့ ..။ ယောက်ျားလေးများကရော အ၀တ်အစား တွေက ဘာတွေမှန်းကို မသိပါဘုးဗျာ..။ ဟိုနေရာက အချွန်အတက်တွေ ထွက်နေရတာ နဲ့ ဒီနေရာက အပေါက်တွေ ဖောက်ထားရတာနဲ့... နတ်ဆိုးလေးလဲ လူငယ်ပါ.. လူငယ်မှ မိုက်လို့ကောင်းတဲ့ အရွယ် လူငယ်ပါ..။ ရင့်ကျက်နေတဲ့ လူငယ် မဟုတ်သေးပါဘူး..။ ကိုယ်ကိုယ်တိုင် လူငယ်တစ်ယောက် ဖြစ်နေတယ်.. ။ ဒါတွေကို အကောင်းမြင် မပေးနိုင်ဘူးလား..။ မေးစရာ ရှိပါတယ်..။ ဟုတ်ကဲ့ တော်ရုံပဲ ကောင်းပါတယ်..။ သရုပ်ပျက်လွန်းရင် နတ်ဆိုးလေးက အချင်းချင်းလဲ အမြင်ကတ်ဲ့ပါတယ် ..။ ဘယ်လို ကြည့်မရမှန်းကို မသိတာပါ..။ မိန်းကလေး နဲ့ ယောက်ျားလေး ကြားလို့မှ နားမချမ်းသာတဲ့ စကားလုံးများ ကို လဲ ဗန်းစကားလို့ နာမည်တပ်ပြီး ဖောဖောသီသီ သုံးနေကြပါတယ်.။ ကလပ်ဆိုတဲ့ နေရာမျိုးတွေမှာ လဲ မိန်းကလေးရော ယောက်ျားလေးရော အရွယ်ရောက်ပြီးသူရော အရွယ်မရောက်သေးသူများရော ရောက်နေကြတယ်..။ နောက်ပြီးတော့ အင်တာနက်ပါ.. နေ့စဉ်နဲ့ အမျှ အချိန်ပိုင်းအလုပ်လုပ်နေရတဲ့အတိုင်း အချိန်မှန် လာနေကြတယ်..။ အင်တာနက်ဆိုင်ကို..။ ဘာလုပ်ကြတာလဲ .. ဟုတ်ကဲ့ chatting ထိုင်တာပါခင်ဗျ..။
Gtalk လေးဖွင့် ဘောက်ဘောက် ဘလောက် ဘလောက် ဗြောင်း.. ဆို လက်ကွက် ခပ်မြန်မြန်လေး ရိုက်တတ်တာ ကြီးကို သူတို့က ဘ၀ ထင်နေကြတာလေ..။ ဒီကောင်က အင်တာနက် ငါ့ထက်ပိုကျွမ်းတယ်ကွ.. ဘာတွေလုပ်တတ်လို့လဲ.. လက်ကွက်ပိုမြန်လို့... အော်.. ဖြစ်မှ ဖြစ်ရလေ..။ ဟုတ်တော့လဲဟုတ်ပါတယ်.. သူတို့မှာက အင်တာနက်ဆိုတာ chatting ပဲ လို့သိထားကြတာကိုး..။ သိပ် နှမြော ဖို့ ကောင်းပါတယ်.အချိန်တွေ..။ Gtalk ပဲ လုပ်စရာရှိတော့.. Gtalk ရယ် Sign in ရယ် Sign out ရယ် ပြီးရင် သူတို့တတ်စရာက လက်ကွက်ပဲ ရှိတော့တာကိုးးး။ အကျိုးရှိတာလေးတွေတော့ လုပ်စေချင်တာပေါ့ဗျာ..။ ပြောရင်းနဲ့ ဘယ်တွေတောင် ရောက်သွားမှန်းမသိဘူး..။ ပြောချင်တာက လူမျိုးအကြောင်းပါ..။ မြန်မာမှာ ကိုယ်ပိုင် ယဉ်ကျေးမှု ရှိပါတယ်..။ နိုင်ငံတကာက လေးစားမြတ်နိုးခြင်း ခံရတဲ့.. ယဉ်ကျေးမှုကြီးတစ်ခုလုံး ပိုင်ဆိုင်ထားပါတယ်..။ ထိန်းသိမ်းဖို့က ကျွန်တော်တို့ လူငယ်တွေ လက်ထဲမှာပဲ ရှိနေတာ.. ဒီတိုင်းဆိုရင်တော့ မြန်မာ့ယဉ်ကျေးမှု ကြီး ပျောက်သွားတော့မှာလားဗျာ...။
နတ်ဆိုးလေး ၁၀ တန်းတုန်းက မှတ်ပုံတင်သွားလုပ်တော့ ဖတ်ခဲ့ရဖူးပါတယ်..။ မှတ်ပုံတင်ရုံးတွေမှာ.. မြေမျိုလို့ လူမျိုးမပြုတ်.. လူမျိုမှ လူမျိုးပြုတ်မည်.. ဆိုတာလေး ..။ ကဲ.. ယနေ့လူငယ်များ..နတ်ဆိုးလေးတော့ မြန်မာနိုင်ငံမှာ ထင်ပါတယ်..။

ပြောနေတာလဲ ကြီးကျယ်ရာ ရောက်ပါတယ်.. မလောက်လေး မလောက်စား ကောင်လေးက ကြီးကြီးကျယ်ကျယ် ရေးတယ် ဆိုပြီး ၀ိုင်းဟားမှာလဲစိုးရသေးတယ်..။ အထင်သေးတာတို့ ဘာတို့.. အထူးသဖြင့်တော့ နတ်ဆိုးလေးက blogger ပါး မ၀သေးတာပေါ့..။ ရေးချင်နေတာ ကြာပါပြီ... ။ စာဖတ်သူတွေဆီက ထွက်လာမယ့်အသံ တွေကို ရင်မဆိုင်ရဲသေးလို့.. စဉ်းစားနေလို့ပါ..။ ပဋိပက္ခတွေကိုလဲ နဲနဲ ကြောက်မိတာပါ..။ ခု အရဲစွန့်ပြီး တင်လိုက်တာပါ..။ စာဖတ်သူရဲ့ အသံကိုရင်တစ်ထိတ်ထိတ်နဲ့ စောင့်ကြည့်နေပါတယ်ခင်ဗျာ...။

အားလုံးကို လေးစားလျက်
....နတ်ဆိုးလေး........

မန္တလေးမြို့ ကျွန်ုပ်နေထိုင်ရာ. ရပ်ကွက်တွင် လျှပ်စစ်မီးများ ၂၄နာရီ လာနေသည်မှာ. ၂ရက်ရှိသွားပြီ ဖြစ်ကြောင်း.ထူးဆန်းအံ့သြဖွယ်ရာ တွေ့ရှိရကြောင်း ရပ်ကွက်နေ ပြည်သူများမှာ မယုံကြည်နိုင်အောင် ဖြစ်နေကြောင်း.. .. မီးပျက်လျှင်လဲ ၅ မိနစ်ဆိုသည်မှာ အကြာဆုံးဖြစ်ကြောင်း.. ထိုသို့ မီးလာနေသည်မှာ.. မည်သည့်အတွက်ကြောင့် လာနေသည်ကို မသိသေးကြောင်း.. စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း မြို့တွင်း မီဒီယာမှ
သတင်းထောက်အကျော် နတ်ဆိုးလေး.ထံမှ သိရှိရတာကို တင်ပြလိုက်ရပါတယ်ခင်ဗျာ...

အမှားပါတွားရင်ခွင့်လွှတ်ပါခင်ညာ...

လေးစားလျက်
နတ်ဆိုးလေး

ကိုနတ်ဆိုးလေး မင်္ဂလာပါ...
ဟုတ်ကဲ့ မင်္ဂလာပါဗျာ...

နတ်ဆိုးလေးက ဘယ်လို လူမျိုးလဲ...
လူတွေထဲမှာ လူဖြစ်နေပေမယ့် လူတွေကြားထဲ ကျင်လည်နေရတာကို စိတ်ပျက်နေတဲ့လူ
လူတွေ နဲ့ ရောနေရတာထက် တစ်ယောက်တည်း ဆေးလိပ်ထိုင်ဖွာနေရတာကို ပိုပြီးခုံမင်တဲ့လူ..

လူတွေနဲ့ မနေချင်ဘူးဆိုတော့ ဘယ်လိုနေရာမျိုးက နတ်ဆိုးလေးအတွက် အကောင်းဆုံးဖြစ်မလဲ..
လေတစ်ဟူးဟူးတိုက်နေတဲ့ မြစ်ရေကာတာ ထိပ်လိုမျိုးကို နှစ်သက်တယ်..
လူတွေနဲ့ မနေချင်ဘူးဆိုပေမယ့်. သူတို့ဘာသာရှိနေတာ ပြသနာ မဟုတ်ပါဘူး.. ကျွန်တော်နဲ့ ရှိမနေစေချင်တာပါ.. (မလိုအပ်ဘုးထင်တဲ့ အချိန်တွေမှ ပါ.. လိုအပ်ရင်တော့ နေပေးရတာပေါ့.. တစ်ဦးတစ်ယောက်တည်း အမြဲနေလို့မှ မရတာ....)

နတ်ဆိုးလေးရဲ့ကဗျာတွေက ဘယ်လိုခံစားပြီးရေးလဲ..
ဟုတ်ကဲ့... စိတ်ကူးထဲမှာ ကောင်မလေးတစ်ယောက်ကို ထည့်ပြီး ရင်ခုန်ပစ်လိုက်တာပါ..
ကြေကွဲချင်ရင် စိတ်ကူးထဲက ကောင်မလေးက ကျွန်တော့ကို ဖြတ်သွားတာမျိုး တွေးပစ်လိုက်တယ်..
ကြည်နူးချင်ရင် အဲကောင်မလေးနဲ့ လျှောက်လည်ပစ်လိုက်တယ်...
အတွေးထဲမှာဆိုတော့ လွပ်လပ်ပါတယ်... လျှောက်လည်လဲ နှောက်ယှက်မဲ့လူမရှိဘူး.... ရန်ဖြစ်လဲ ၀င်ဖြေရှင်း ပြန်တည့်အောင် လုပ်ပေးမယ့်လူမရှိဘူး..

အပြင်က ကောင်မလေးကို စိတ်ကူးထဲ ထည့်လိုက်တာလား...
မဟုတ်ပါဘူး.. အပြင်မှာ မရှိပါဘုး.. စိတ်ကူးထဲမှာပဲ... သူ့နာမည်က ထာဝရ တဲ့..

အော် ... ဒါဆို နတ်ဆိုးလေးက ရည်းစားမရှိဘူးပေါ့....။
ရည်းစားက ပေါပါတယ်.... ချစ်သူမရှိတာ.....

ဒါနဲ့ နတ်ဆိုးလေး ကျောင်းထွက်လိုက်တယ်ဆို.. ဘာလို့လဲ..။
အဲဒါက မိုက်မဲရာများ ကျမလားမသိဘူး.. ဘွဲ့ကို အထင်မကြီးလို့ဗျ.. ဘာမဟုတ်တဲ့ ဘွဲ့ကို ၃နှစ်တက်ပြီး ယူရမှာ မတန်ဘူးထင်လို့... ကျွန်တော် အရမ်းမိုက်တယ်လို့တော့ ပြောကြတယ်... အမေ့ဆန္ဒအတွက်
အဝေးသင်တော့ တက်မှာပါ...။

နတ်ဆိုးလေးရဲ့ လက်ရှိအခြေအနေကကော... အဆင်ပြေလား
အင်း ပြေပါတယ်... ငတ်ပြတ်မနေရင် ကျွန်တော့အတွက် အဆင်ပြေပါတယ်.. ဘာကိုမှ အပူအပင် မထားတတ်ဘူးဗျ..

အချစ်အပေါ် နတ်ဆိုးလေး ဘယ်လိုမြင်လဲ..
အချစ်ကို ပူလောင်တယ်.. အေးချမ်းတယ်.. ခါးတယ် .. ချိုတယ်.. အမျိုးမျိုး ဖွင့်ကြတာ.
ကျွန်တော်က အချစ်ကို ဖွင့်ဆိုတဲ့ အကောင်းဘက်က အဓိပ္ပါယ်သတ်မှတ်ချက် အားလုံးကို လက်ခံတယ်..
အချစ်က အ၇ာအားလုံး ကောင်းပါတယ်...

ရည်းစားတွေ ပေါတယ်ဆိုတော့ ချစ်ဖူးမှာပေါ့...။
ဟင့်အင်း.. ရည်းစားတွေကို မချစ်ဖူးပါဘူး... ထာဝရ ကိုပဲ ချစ်တယ်...

အချစ်က အရာအားလုံးကောင်းတယ်ဆိုပြိး ဘာလို့ မချစ်တာလဲ..
အချစ်ကို ယုံတယ်လေ... ချစ်ပါတယ်လို့ ပြောလာမယ့် လူတွေကို မယုံတာ..

မေးခွန်းအကြီးကြီး မေးလိုက်ဦးမယ်.. လောကကြီးကို နာကြည်း ဖူးသလား..
ဟင့်အင်း မနာကြည်းဖူးပါဘူး... တစ်ခုပဲ... လောကကြီးက သူ "က" တာ လောလွန်းတယ်.. လိုက်မမီဘုး...

တိုးတက်နေတဲ့ ခေတ်ကြီးကရော နတ်ဆိုးလေးကို ဘယ်လိုတွန်းအား မျိုးပေးနေသလဲ..
ခေတ်ကြီးတိုးတက်တာကို ကြိုက်ပါတယ်.. တိုးတက်ချင်သလောက်တိုးတက်ပါစေ.. အမီ လိုက်မှာပါ..
(မီမီ မမီမီ လိုက်တာကတော့ လိုက်မှာပါ..)

မမီခဲ့ရင်ကော စိတ်ပျက်အားငယ်တာတွေ ဖြစ်လာနိုင်သလား..
မဖြစ်နိုင်ပါဘူး... အစကတည်းက မီမယ်လို့မှ ထင်မထားတာ ... စောစောက ပြောသလိုပဲ
လောကကြီး က "က" တာ လောတယ်လေ..။

ဟုတ်ပါပြီ... နောက်ဆုံး မေးခွန်းကတော့..
သေဖို့ ငါးမိနစ် ပဲ လိုတော့တယ်ဆိုရင် ဘာလုပ်မှာလဲ..
အဲဒီအချိန်မှာ လုပ်နေတဲ့ အလုပ်ကိုပဲ ဆက်လုပ်နေမိမှာပါ... ကြိုသိနေရရင်တော့ တစ်မျိုးပေါ့...

အဲ .. ဟုတ်တယ်.. ကြိုသိနေရရင်ကော....
မရောင့်တက်နဲ့လေ... စောစောက မေးခွန်းက နောက်ဆုံးမေးခွန်းလို့ ပြောထားတယ်လေ...


နတ်ဆိုးလေး ကိုယ်တိုင်မေးပြီး နတ်ဆိုးလေးကိုယ်တိုင် ခပ်တည်တည်ဖြင့် ပြန်ဖြေထားပါသည်...။

နတ်ဆိုးလေးရဲ့ ပုံမကျ ပန်းမကျ အယူဝါဒ များကို စိတ်ရှိလက်ရှိ ဝေဖန်သွားကြပါခင်ဗျာ


အားလုံးကို လေးစားလျက်
...နတ်ဆိုးလေး....

သဲထဲရေသွန်

Posted by နတ်ဆိုးလေး On Sunday, May 23, 2010 4 ယောက်ရဲ့ စကားသံတွေ

ကြားဖူးတာလေး ပြောပြမနော်..။ ဟုတ်တယ် မဟုတ်ဘူး ဆိုတာကတော့ သမိုင်းပညာရှင်တွေမှ သိလိမ့်မယ်..။ ဟုတ်ဟုတ်မဟုတ်ဟုတ် နတ်ဆိုးလေးတို့ကတော့ ရေးမှာပဲ..။ ဟုတ်ရင် ရာဇ၀င်ပေါ့.. ။ မဟုတ်ရင် ပုံပြင်ပေါ့..။ ဟုတ်ဘူးလားလို့..။ ကြိုက်လွန်းလို့ပါခင်ဗျ..။

ပုဂံခေတ်တုန်းကတဲ့ဗျ...။ အနော်ရထာမင်းကြီးက သူရဲကောင်းရှာပုံတော် ဖွင့်နေချိန်တဲ့..။ မင်းတြားကြီးဟာ မထင်မရှား အသွင်နဲ့ တိုင်းပြည်ထဲ လှည့်လည်ပါသတဲ့..။ အဲ ညောင်ဦးကမ်းပါးကို ရောက်တယ်ဆိုရင်ပဲ ... မင်းတြားကြီးက မျက်လုံးတွေပြူး နှုတ်ခမ်းမွှေးထောင် လောက်အောင် အံ့သြဖို့ကောင်းတဲ့ မြင်ကွင်းတစ်ခု မြင်လိုက်ရပါသတဲ့...။ ဘာလဲဆိုတော့ ညောင်ဦးကမ်းပါးထိပ်မှာ လူတစ်ယောက်ဟာ လက်နှစ်ဖက်မိုးပေါ်မြှောက် ရှူးရှဲ..... ဆို အသက်ပြင်းပြင်းရှူလိုက်ပြီးတော့ ၀ုန်းဆို မြစ်ထဲ ခုန်ချသွားပါတယ်ခင်ဗျ...။ အနော်ရထာမင်းကြီး အံ့အားတွေသင့်ပြီး မမှိတ်မသုန် လိုက်ကြည့် နေတုန်းမှာ စောစောက လူက မြစ်ကြီးကို ကန့်လန့်ဖြတ် ကူးနေပါတယ်ခင်ဗျ...။ ဟိုးတစ်ဖက်ကမ်းထိရောက်တယ်။။။ အဲဒီဘက်က ကမ်းပါးပေါ်တစ်ရှိန်ထိုးပြေးတက်..... အဲဒီကမ်းပါးပေါ်ကနေ လွှားကနဲ ပြေးဆင်း ဒီဘက် ညောင်ဦးဘက်ကို ပြန်ကူးလာတယ်ခင်ဗျ....။ မထင်မရှားအသွင်ဆောင်ထားတဲ့ အနော်ရထာမင်းကြီးကတော့ ဟိုးဘက်ကမ်းက သေးသေးကွေးကွေးလေးပဲ မြင်နေရတဲ့ အဲဒီလူကို အံ့သြတစ်ကြီး ကြည့်နေတုန်းပါပဲ...။ အဲဒီလိုနဲ့................

အဲဒီလိုနဲ့...
ဟိုဘက်ကမ်းက ပြန်ကူးလာတဲ့ လူက ညောင်ဦးကမ်းပါးထိပ်ကို ပြေးတက်လာတယ်ခင်ဗျ...။ အနော်ရထာမင်းကြီးက ကြောင်ကြောင်ကြီး ရပ်ကြည့်နေရင်းကနေ အဲဒီလူဆီပြေးသွားပြီးတော့ ကမ်းပါးထိပ် ရောက်လု ရောက်ခင်မှာ လက်တစ်ဖက် ကမ်းပေးလိုက်တယ်...။ မင်းတြားကြီးက သူ့လက်ကိုဆွဲတက် ပါစေတော့ဆိုတဲ့ စေတနာနဲ့ပါ..။


မောကြီးပန်းကြီး ဟောဟဲလိုက်အောင် ပြေးတက်လာတဲ့ လုက သူ့ဆီကမ်းလာတဲ့ လက်ပိုင်ရှင်ကို တစ်ချက်မော့ကြည့်တယ်... နောက်ပြီး ကမ်းထားတဲလက်ကို ဖျန်းကနဲ ရိုက်ပြီး ပုတ်ထုတ်လိုက်တယ်... နောက်ပြီး ကမ်းပါးထိပ်ရောက်အောင် သူ့ဘာသူ ရအောင်တက်ပြီး.... ကမ်းပါးထိပ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်တယ်..။

ဒီတော့ သူ့လက်ကို မဆွဲယူတာဘာလို့ပါလိမ့် .. တွေးနေတဲ့ မထင်မရှားအသွင်နဲ့ မင်းတြားကြီးက အဲဒီလူဘေးမှာသွားထိုင်လိုက်တယ်..။

မောင်ရင် ကျုပ်ဆွဲခေါ်တာကို ဘာလို့ ငြင်းပယ်လိုက်တာလဲ.... လို့ အနားတိုး မေးလိုက်တယ်........

အဲဒီလူက ပြန်ပြောလိုက်တဲ့စကား...ကတော့


ခင်ဗျားကမ်းလိုက်တဲ့လက်ကိုသာ ကျုပ် ဆွဲယူပြီး တက်လိုက်ရင် ဒီဘက်ကမ်းကနေ ဟိုဘက်ကမ်း ဟိုဘက်ကမ်းကနေ ဒီဘက်ကမ်း ကျုပ်ကူးလာ သမျှ ဟာ ခင်ဗျား ကမ်းပေးလိုက်တဲ့ လက်ထဲမှာ အကုန်ပျောက်ဆုံးပြီး သဲထဲရေသွန် ဖြစ်သွားမှာပေါ့ဗျ........... တဲ့


ကဲ ပုံပြင်လေးကတော့ ဒါပါပဲ (သို့) ရာဇ၀င်လေးကတော့ ဒါပါပဲ..
စာဖတ်နေတဲ့ ဘော်ဒါတို့ရော


ကိုယ့်လုပ်ရပ်ဆုံးခန်းတိုင်ခါနီးမှ အခြားတစ်ယောက်က နာမည်ကောင်းဝင်ယူလိုက်တာကိုခံရဖူးပါသလား..???
့ဒါမှမဟုတ်
သူများလုပ်ရပ် ဆုံးခန်းတိုင်ခါနီးမှ ကိုယ်က နာမည်ကောင်း ၀င်ယူဖူးပါသလား.....????

အားလုံးကိုလေးစားလျက်
......နတ်ဆိုးလေး...........



စာကြွင်း။ ။ နောင်တစ်ချိန်တွင် အနော်ရထာမင်းနှင့်တွေ့ခဲ့သော ထိုသူသည် ညောင်ဦးဖီး ဟူသော သူရဲကောင်းဖြစ်လာပါသတဲ့ခင်ညာ

တစ်ခါက ရပ်ကွက်တစ်ခုမှာ လင်မယားနှစ်ယောက်ရှိသတဲ့..။ ကိုဖိုးတိုးနဲ့ မကြည်ပြာတဲ့ဗျ...။ အဲဒီလင်မယားနှစ်ယောက်ဟာ ငယ်ရွယ်စဉ် ချိန်တုန်းက ချစ်ကြကြိုက်ကြလို့ လက်ထပ်ထားကြတဲ့ လင်မယား ဆိုတော့ တစ်ယောက် ငြိုငြင်မှာ တစ်ယောက်ကစိုး.. တစ်ယောက် အကျိုးတစ်ယောက်ဆောင် . တစ်ယောက်အကြိုက် တစ်ယောက်လိုက်လာကြတာ အိမ်ထောင်သက် ၂၅နှစ် ရောက်တဲ့ အထိ စကားများတာ ရန်ဖြစ်တာတွေ ရှိဘူး ဆိုပဲ..။ ရက်ကွက်ထဲမှာ ကိုဖိုးတိုးနဲ့ မကြည်ပြာတို့ကတော့ စံပြ အတွဲလေးပေါ့ဗျာ..။ အခြားလင်မယားတွေ ရန်ဖြစ်ကြပြီဆို ဆွေမျိုးတွေက ၀ိုင်းဆွဲပြီး ပါးစပ်ပေါက်တိုင်းက

" ဖိုးတိုး ကြည်ပြာ လင်မယားနဲ့တော့ကွာပါ့ကွာ" ...
"ဖိုးတိုးတို့ကြည်ပြာတို့လို သင့်သင့်မြတ်မြတ် နေကြစမ်းပါ.." နဲ့.. ဟော.

ဘယ်လောက် ဂုဏ်ယူစရာကောင်းလိုက်သလဲ..။ သူတို့ကိုယ်သူတို့လဲ စံပြလင်မယား ဖြစ်ရတာကို ဂုဏ်ယူလို့ မဆုံးဘူး.ပေါ့..။ အဲ... ဒီလိုနဲ့... တစ်နေ့ကြတော့ ဘယ်ကနေဘယ်လို စကားစပ်မိလို့ လဲ မသိပါဘူး...။ ယောက်ျားလုပ်တဲ့ ကိုဖိုးတိုးက ဘာထပြောတယ်မှတ်သလဲ...။

"ကြက်မ တွန်လို့ မိုးမလင်းပါဘူးကွာ.." တဲ့..။

ဒါကို မိန်းမလုပ်တဲ့ မကြည်ပြာ က ပြန် အတွန့်တက်တယ်ခင်ဗျ..။

"ကိုဖိုးတိုးရှင်မှားနေပြီတဲ့.. ကြက်ဖ တွန်လို့ မိုးမလင်းတာ တဲ့.. ကြက်မ တွန်မှ လင်းတာ" တဲ့ဗျ..။

ကိုဖိုးတိုးက မျက်မှောင်ကြီးကျုံ့ပြီး တစ်ချက်စဉ်းစားရင်းနဲ့ ကမန်းကတန်း ပြန်လည် ချေပတယ်ခင်ဗျ..။

" အာ... ဘယ်ကလာ ငါ့မိန်မ တယ် ပိန်းတာကိုး.... ကြက်ဖ တွန်မှ လင်းတာ ကြက်မ တွန်ရင် မလင်းဘူး.. မှတ်ထား.. ငါမှတ်ထားတာ ဟုတ်ပါတယ်.ကွ.." တဲ့

စပြီ..။ စပြီ..။မကြည်ပြာ ပြန်ပြောတော့မယ်..။ သူကလဲ သူသိတာပြောတာပဲ..။ သူ့ အမြင် သူ့ အထင်ကို နဲနဲ လေးမှ သေးသေးတင်မခံဘူး..။

"မဟုတ်ဘူး ကိုဖိုးတိုး ရှင်မှားတာ ကျွန်မ သိတာ မှန်တယ်.. ကြက်မတွန်မှ လင်းတာ ကြက်ဖတွန်ရင် မလင်းဘူး...။" ...တဲ့...ကိုင်း...။

ဘယ့်နှယ်လုပ်ကြပါ့မယ်..။ ကိုဖိုးတိုးက လဲ သူ့ အမြင်ကို ဖက်တွယ်ထားတယ်..။ မကြည်ပြာ ကလဲ ဒါဆိုဒါပဲ.. သူ့အထင်ကို ကျစ်နေအောင် ဆုပ်ကိုင်ထားတယ်...။

ကြက်ဖတွန်လို့ မိုးလင်းတာကွ............
အို....ကြက်မ တွန်မှ လင်းတာပါရှင်....

ဟ.. ကြက်မ တွန်လို့ မိုးမလင်းဘူးကွ....

ဘာရှင့် ကြက်ဖ တွန်လို့ မိုးမလင်းတာပဲ ကြားဘူးတယ်..

သွားပြီ... တစ်စ တစ်စနဲ့ ပြသနာက ကြီးလာပြီ..။ ငြင်းတာ ခုန်တာ နဲနဲ အသံကျယ်လာပြီ...။ ဘေးအိမ်တွေက ခေါင်းထောင်ကြည့်ကုန်ပြီ..။ ဟုတ်တယ်လေ.. ကြည့်မှာပဲ..။ သူတို့က တစ်ခါမှ မှ စကားအချေအတင် မဖြစ်ဖူးတော့ ထူးတော့ထူးဆန်းနေတယ်ဆို ပြီး.. အိမ်ရှေ့ရစ်သီ ရစ်သီလာလုပ် နေတဲ့ သူတောင် တစ်ယောက်စ နှစ်ယောက်စ ရှိနေပြီ..။ အိမ်ထဲမှာတော့ စကားစစ်ထိုးနေတုန်း..။

ကြက်မတွန်လို့ မလင်းဘူး။...

ကြက်ဖတွန်လို့ မလင်းတာတော့..။

ဟေ့ ဒီမိန်းမ ပြောမရဘူး... ကြက်မတွန်လို့ ဘယ်လိုလုပ်မိုးလင်းမှာလဲ...

ရှင် ပိန်းတာ ကျ မပြောဘူး.. ကြက်ဖ တွေတွန်တာ ဘယ်လိုလုပ် မိုးလင်းမှာလဲ..

အာ ဒီမိန်းမ ပေါက်ကရတွေကွာ ကိုင်းဟာ .. ကြက်မ တွန်လို့ လင်းချင်ဦး..။

ဟင် ရှင် လက်မပါနဲ့နော် .. လင်းတယ်လင်းတယ် ကြက်မ တွန်မှ လင်းတယ်.. ဘာဖြစ်လဲ...။

ဒါဖြစ်တယ်ကွာ....ကိုင်း...

ပလေးကုန်ပြီ ..။ အိမ်ရှေ့မှာလဲ လူတွေ ၀ိုင်းအုံနေပြီ..။ အဲဒီထဲက လူကြီးပိုင်း နှစ်ယောက် သုံးယောက် တက်သွားပြီး.. ၀ိုင်းဆွဲရတာပေါ့...။ အဲဒီလိုနဲ့ ရန်ပွဲက ပြီးသွားပေမယ့်.. လင်မယားနှစ်ယောက်က သူတို့ အယူတွေကို ဆုပ်ကိုင်ထားဆဲပဲတဲ့..။

"လာဆွဲလို့ စိတ်လျှော့တာနော်... ငါကတော့ ကြက်ဖ တွန်လို့ မိုးလင်းတာ .. ဒါပဲ"

" အို... ရှင်ဘာရှင် လာဆွဲလို့ပဲ လျှော့လျှော့ ဘာလို့ပဲ လျှော့လျှော့ ကျုပ်ကတော့ ကြက်မ တွန်မှ လင်းတာပဲ"

ဒီလိုနဲ့ ရက်ကွက်လူကြီးတွေ ၀ိုင်းဆွဲထားပေမယ့်.. ပါးစပ်ကို ပိတ်ထားလို့ မရတော့ ပွစိပွစိ နဲ့ ငြင်းနေကြတုန်းပဲ...။ အိမ်နီးချင်းတွေထဲက တစ်ယောက်က

" ဒီလိုလုပ်ပါလား ကိုဖိုးတိုးတို့ ပြသနာကို ကိုဖိုးတိုးတို့ အိမ် ဆွမ်းခံကြွတဲ့ ဦးပဇင်းကို လျှောက်ကြည့်ပါလား..။ ဦးပဇင်းက သိမှာပေါ့.." တဲ့။။

အာ. ကောင်းတယ်..။ လင်မယားနှစ်ယောက်လုံး အဲဒီ အကြံညာဏ်ကို လက်ခံလိုက်တယ်... ။ ကိုဖိုးတိုးလဲ လုပ်စရာရှိတာ ဆက်လုပ်.. မကြည်ပြာလဲ ချက်ပြုတ်နေတဲ့ ထမင်းဟင်းကို ဆက်ပြီး ချက်ပြုတ်နေရင်း ဦးပဇင်း ဆွမ်းခံ အကြွကို စောင့်နေကြလေရဲ့...။
ဒီလိုနဲ့ ဦးပဇင်း ကြွ လာတော့ ဆွမ်းတွေ ဘာတွေ လောင်းလှူပြီး.. လင်မယားနှစ်ယောက်လုံး ဦးပဇင်း ခြေရင်းနား ကုပ်ကုပ်လေးတွေထိုင် ၀တ်ပြုရင်းနဲ့ မေးလျှောက်လိုက်ကြတယ်..။

"ဦးပဇင်းဘုရား တစ်ပည့်တော်က ကြက်မ တွန်လို့ မိုးမလင်းဘူး.. လို့ ပြောတာကို တပည့်တော့်ဇနီးက လက်မခံဘူး ဘုရား..။ ကြက်မ တွန်မှ လင်းရမယ်လို့ ဖြစ်နေတယ်.. အဲဒါ ဖြေရှင်းပေးပါဦးဘုရား.."


ဆိုတော့ ဦးပဇင်းက မေးလေး ပွတ်ကာ ပွတ်ကာနဲ့ ... ပါးစပ်ကလဲ ကြက်ဖ.. ကြက်မ နဲ့ တစ်လှည့်စီ ရေရွတ် ရင်း စဉ်းစားနေလေရဲ့.....။ အတန်ကြာကာမှ မျက်မှောင်ကျုံ့စဉ်းစားနေရာကနေ မိန့်မိန့်ကြီး ပြုံးချလိုက်တယ်...။

" ဒကာတို့က .... အလုပ်မဟုတ်တာ လုပ်ပြီး မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြတာကိုး... "
လို့ ပြောလိုက်တော့ လင်မယားနှစ်ယောက် ခေါင်းထောင်သွားတယ်..။

"ရှင်းပါဦးဘုရား..." ပေါ့... ။

အဲတော့ ဦးပဇင်းက ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့
" အိမ်း.... တစ်ကယ်တော့ ဒကာတို့ ဒကာမ တို့ရဲ့ .... ကြက်ဖတွန်လို့ မိုးလင်းတာလဲ မဟုတ်ဘူး...
ကြက်မ တွန်လို့ မိုးလင်းတာလဲ မဟုတ်ဘူး... ကဲကဲ ဒကာနဲ့ ဒကာမ.. သေသေချာချာမှတ်....
ကြက်တွန်လို့မိုးလင်းတာမဟုတ်ဘူး .... မိုးလင်းလို့ ကြက်တွန်တာပါ......" တဲ့....



ကဲ ပုံပြင်လေးကတော့ ဒါပါပဲ..။ စာဖတ်သူ ဘော်ဒါများရော....
ဘော်ဒါတို့ရဲ့ ဘ၀ မှာ
အရေးမဟုတ်တာ အရေးလုပ်မိတာတို့
အလုပ်မရှိ ပဲနဲ့ဆန်နဲ့ ရောတဲ့ အဖြစ်တို့
ကြမ်းပိုး လှံထမ်းဖမ်းတာ တို့.....
ခြင်ကို ခါးထောင်းကြိုက်ပြိး သတ်တာတို့

ပြုလုပ်ခဲ့ဘူးပါသလား....??????????????




အားလုံးကိုလေးစားလျက်
....နတ်ဆိုးလေး.......

Bot နှင့် English skill

Posted by နတ်ဆိုးလေး On Saturday, May 22, 2010 3 ယောက်ရဲ့ စကားသံတွေ

ကျွန်တော် နှစ်သက်မိလို့ တင်ပြလိုက်ပါတယ်..။ အွန်လိုင်းမှာ သူငယ်ချင်း မရှိလို့ ပျင်းနေပါတယ်ဆိုတဲ့ သူတွေအတွက်ပါ..။ Gtalk လေးဖွင့်လိုက်တယ်.. သူငယ်ချင်းလဲ တစ်ယောက်မှ မရှိဘူး.. စိတ်မညစ်ပါနဲ့..။ စက်ရုပ်တွေနဲ့ စကားပြောကြည့်ပါ့လား...။ ယောက်ျားလေးနဲ့လဲ ပြောလို့ ရတယ်. မိန်းကလေးနဲ့လဲ ပြောလို့ရတယ်.. ။ အင်္ဂလိပ်လိုပဲ ပြောလို့ ရပါတယ်..။ မြန်မာလို မရဘူး.. မြန်ဂလိ လဲ မရဘူး..။ Broken English တောင် မရပါဘူး..။ ကိုယ်က ပြောလိုက်ရင် သူက စာနဲ့ရော အသံနဲ့ရော ပြန်ပြောတာဆိုတော့ English လေ့လာသူတွေအတွက်လဲ ကောင်းပါတယ်.။ Reading skill ရော Speaking skill ရော လေ့ကျင့်နိုင်မှာပါခင်ဗျာ..။ အဲဒီ စက်ရုက်လေးတွေက mouse ရွှေ့တဲ့နေရာတွေကိုလဲ လိုက်ကြည့်တတ်သေးသဗျ...။ ပြီးတော့ မနေ့က ပြောခဲ့တဲ့အကြောင်းကို ဒီနေ့ပြန်မေးလို့ ရတယ်ဗျ..။ အဲဒီတော့ အပျင်းပြေပဲ ဖြစ်ဖြစ် အင်္ဂလိပ် စာလေ့လာချင်လို့ပဲဖြစ်ဖြစ် အရမ်းကောင်းတဲ့ စက်ရုပ်လေးတွေပါ..။ စမ်းကြည့်လိုက်ကြပါခင်ညာ...။

ယောကျာ်းလေးစက်ရုပ်နဲ့ပြောမဲ့ မမတွေ ဒီမှာနှိပ်

မိန်းကလေးစက်ရုပ်နဲ့ပြောမယ့် ကိုကိုတွေ ဒီမှာနှိပ်



အားလုံးကိုလေးစားလျက်
........နတ်ဆိုးလေး............