-မိုးခြိမ်းသံတို့ ငါ့ထံလာကြသည်။
-နွေဟာ တစ်တောလုံးကို
ပန်းဟုန်းဟုန်း ပွင့်စေခဲ့ပြီ။
-ဘယ်တမန်တော်ကမှ
ငါ့ရင်ခွင်ထဲကို အော်သံနဲ့ ပြုတ်ကျမလာဘူး
-အမှန်ကိုမမြင်နိုင်တဲ့ မျက်လုံးထက်စာရင်
ကန်းနေတဲ့မျက်လုံးက ပိုကောင်းတယ်။
-လမိုက်ညတို့ လာတော့မယ်
လမင်းကိုပဲ လွမ်းရမလား
မီးအိမ်ကိုပဲ ထမ်းရမလား။
-တစ်ချို့လူတွေရဲ့ စိတ်ထားဟာ
စကတ်ရှည်ရှည် ၀တ်ထားကြတယ်။
-မနက်ဖြန်ဟာ
(လူတိုင်းအတွက်) ကောက်ရတဲ့ ပိုက်ဆံ မဖြစ်နိုင်ဘူး။
-ငါဟာ
ပိတောက်သားနဲ့ထုထားတဲ့
နွေရာသီ ပန်းပုရုပ်ပဲ။
-အပုပ်နံ့ကိုခံတာဟာ လင်းတ ဆန်ပါတယ်။
-စနေနေ့ကိုလပ်ထပ်ဖို့ကြိုးစားတဲ့ သောကြာနေ့လိုပဲ
လိုက်မမီနိုင်အောင် လွဲလွန်းလှပါတယ်။
-ငါခုတ်ခဲ့တာ မဟုတ်ပါဘူး
ငါက..
အဲဒီ အက်ကွဲကြောင်းထဲမှာ
ညပ်နေတဲ့ ဓါးတစ်လက်ပါ။
-လူတစ်ယောက်အတွက် (ဒါမှမဟုတ်) အားလုံးအတွက်
နောက်ဆုံးရိက္ခာ ဖြစ်ချင်ပါသေးတယ်။
-လွပ်လွပ်လပ်လပ် ဆော့ကစားချင်လို့
ပုလင်းထဲဝင်ပုန်းမိပါတယ်
ဘယ်သူက
ဖော့ဆို့ လာပိတ်သွားမှန်းမသိဘူး။
-တစ်ခုတည်းရှိတာ သေချာတယ်
ဘာမှ မရှိတာ ပိုသေချာတယ်။
-ရေစိုနေတဲ့ ပန်းကန်ကို
အ၀တ်ခြောက်နဲ့ သူတ်ဖို့ ကြိုးစားရင်း
လွတ်ကျကွဲသွားတာ ကြုံဖူးလား။
-လူချစ်လူခင်များအောင် အနေတတ်ဘူး
နတ်ကွန်းမဟုတ်လို့လဲ အမွှေးတိုင် ထွန်းမထားမိဘူး။
-ဘယ်သူ့မှ မသတ်ခင်မှာ
ကိုယ့်ဘာသာ အရင် သေနှင့်ပါရစေ။
-ဖာရာထေးရာတွေ တင်းတင်းရင်းရင်းဖြစ်သွားရုံနဲ့တော့
အင်္ကျီက သစ်မသွားဘူး။
-ငါ့ကို ဘာမှ မပေးခင်မှာ
လှမ်းယူနိုင်မယ့် အင်အားလေး
အ...ရင်...ပေး...ပါ....။
.....တာရာမင်းဝေ.......
Categories:
ကဗျာ
,
တာရာမင်းဝေ
Subscribe to:
Post Comments (Atom)
0 Response for the "ယန္တယားအရေခွံနဲ့ လူ"
Post a Comment