• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

သဲထဲရေသွန်

Posted by နတ်ဆိုးလေး On Sunday, May 23, 2010 4 ယောက်ရဲ့ စကားသံတွေ

ကြားဖူးတာလေး ပြောပြမနော်..။ ဟုတ်တယ် မဟုတ်ဘူး ဆိုတာကတော့ သမိုင်းပညာရှင်တွေမှ သိလိမ့်မယ်..။ ဟုတ်ဟုတ်မဟုတ်ဟုတ် နတ်ဆိုးလေးတို့ကတော့ ရေးမှာပဲ..။ ဟုတ်ရင် ရာဇ၀င်ပေါ့.. ။ မဟုတ်ရင် ပုံပြင်ပေါ့..။ ဟုတ်ဘူးလားလို့..။ ကြိုက်လွန်းလို့ပါခင်ဗျ..။

ပုဂံခေတ်တုန်းကတဲ့ဗျ...။ အနော်ရထာမင်းကြီးက သူရဲကောင်းရှာပုံတော် ဖွင့်နေချိန်တဲ့..။ မင်းတြားကြီးဟာ မထင်မရှား အသွင်နဲ့ တိုင်းပြည်ထဲ လှည့်လည်ပါသတဲ့..။ အဲ ညောင်ဦးကမ်းပါးကို ရောက်တယ်ဆိုရင်ပဲ ... မင်းတြားကြီးက မျက်လုံးတွေပြူး နှုတ်ခမ်းမွှေးထောင် လောက်အောင် အံ့သြဖို့ကောင်းတဲ့ မြင်ကွင်းတစ်ခု မြင်လိုက်ရပါသတဲ့...။ ဘာလဲဆိုတော့ ညောင်ဦးကမ်းပါးထိပ်မှာ လူတစ်ယောက်ဟာ လက်နှစ်ဖက်မိုးပေါ်မြှောက် ရှူးရှဲ..... ဆို အသက်ပြင်းပြင်းရှူလိုက်ပြီးတော့ ၀ုန်းဆို မြစ်ထဲ ခုန်ချသွားပါတယ်ခင်ဗျ...။ အနော်ရထာမင်းကြီး အံ့အားတွေသင့်ပြီး မမှိတ်မသုန် လိုက်ကြည့် နေတုန်းမှာ စောစောက လူက မြစ်ကြီးကို ကန့်လန့်ဖြတ် ကူးနေပါတယ်ခင်ဗျ...။ ဟိုးတစ်ဖက်ကမ်းထိရောက်တယ်။။။ အဲဒီဘက်က ကမ်းပါးပေါ်တစ်ရှိန်ထိုးပြေးတက်..... အဲဒီကမ်းပါးပေါ်ကနေ လွှားကနဲ ပြေးဆင်း ဒီဘက် ညောင်ဦးဘက်ကို ပြန်ကူးလာတယ်ခင်ဗျ....။ မထင်မရှားအသွင်ဆောင်ထားတဲ့ အနော်ရထာမင်းကြီးကတော့ ဟိုးဘက်ကမ်းက သေးသေးကွေးကွေးလေးပဲ မြင်နေရတဲ့ အဲဒီလူကို အံ့သြတစ်ကြီး ကြည့်နေတုန်းပါပဲ...။ အဲဒီလိုနဲ့................

အဲဒီလိုနဲ့...
ဟိုဘက်ကမ်းက ပြန်ကူးလာတဲ့ လူက ညောင်ဦးကမ်းပါးထိပ်ကို ပြေးတက်လာတယ်ခင်ဗျ...။ အနော်ရထာမင်းကြီးက ကြောင်ကြောင်ကြီး ရပ်ကြည့်နေရင်းကနေ အဲဒီလူဆီပြေးသွားပြီးတော့ ကမ်းပါးထိပ် ရောက်လု ရောက်ခင်မှာ လက်တစ်ဖက် ကမ်းပေးလိုက်တယ်...။ မင်းတြားကြီးက သူ့လက်ကိုဆွဲတက် ပါစေတော့ဆိုတဲ့ စေတနာနဲ့ပါ..။


မောကြီးပန်းကြီး ဟောဟဲလိုက်အောင် ပြေးတက်လာတဲ့ လုက သူ့ဆီကမ်းလာတဲ့ လက်ပိုင်ရှင်ကို တစ်ချက်မော့ကြည့်တယ်... နောက်ပြီး ကမ်းထားတဲလက်ကို ဖျန်းကနဲ ရိုက်ပြီး ပုတ်ထုတ်လိုက်တယ်... နောက်ပြီး ကမ်းပါးထိပ်ရောက်အောင် သူ့ဘာသူ ရအောင်တက်ပြီး.... ကမ်းပါးထိပ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်တယ်..။

ဒီတော့ သူ့လက်ကို မဆွဲယူတာဘာလို့ပါလိမ့် .. တွေးနေတဲ့ မထင်မရှားအသွင်နဲ့ မင်းတြားကြီးက အဲဒီလူဘေးမှာသွားထိုင်လိုက်တယ်..။

မောင်ရင် ကျုပ်ဆွဲခေါ်တာကို ဘာလို့ ငြင်းပယ်လိုက်တာလဲ.... လို့ အနားတိုး မေးလိုက်တယ်........

အဲဒီလူက ပြန်ပြောလိုက်တဲ့စကား...ကတော့


ခင်ဗျားကမ်းလိုက်တဲ့လက်ကိုသာ ကျုပ် ဆွဲယူပြီး တက်လိုက်ရင် ဒီဘက်ကမ်းကနေ ဟိုဘက်ကမ်း ဟိုဘက်ကမ်းကနေ ဒီဘက်ကမ်း ကျုပ်ကူးလာ သမျှ ဟာ ခင်ဗျား ကမ်းပေးလိုက်တဲ့ လက်ထဲမှာ အကုန်ပျောက်ဆုံးပြီး သဲထဲရေသွန် ဖြစ်သွားမှာပေါ့ဗျ........... တဲ့


ကဲ ပုံပြင်လေးကတော့ ဒါပါပဲ (သို့) ရာဇ၀င်လေးကတော့ ဒါပါပဲ..
စာဖတ်နေတဲ့ ဘော်ဒါတို့ရော


ကိုယ့်လုပ်ရပ်ဆုံးခန်းတိုင်ခါနီးမှ အခြားတစ်ယောက်က နာမည်ကောင်းဝင်ယူလိုက်တာကိုခံရဖူးပါသလား..???
့ဒါမှမဟုတ်
သူများလုပ်ရပ် ဆုံးခန်းတိုင်ခါနီးမှ ကိုယ်က နာမည်ကောင်း ၀င်ယူဖူးပါသလား.....????

အားလုံးကိုလေးစားလျက်
......နတ်ဆိုးလေး...........



စာကြွင်း။ ။ နောင်တစ်ချိန်တွင် အနော်ရထာမင်းနှင့်တွေ့ခဲ့သော ထိုသူသည် ညောင်ဦးဖီး ဟူသော သူရဲကောင်းဖြစ်လာပါသတဲ့ခင်ညာ

4 Response for the "သဲထဲရေသွန်"

  1. အော နတ်မိစ္ဆာ ဟဲဟဲ ဒီစကားကဒီကလာတာကိုး ဟုတ်ကဲ့လာဖက်သွားပါတယ်
    တင်ပြပုံလေးကတော့ မိုက်တယ် မက်စိပ်တွေကအများကြီးဘဲ ပေးသွားတာ
    ကျေးဇူးတင်ပါတယ်...။

  2. ကိုယ်ကတော့နာမည်ကောင်းရဖို့  သူများကိုနင်းတာမျိုးမလုပ်ဘူးဖူးဗျာ....အဲဒီလိုလူမျိုးတွေကိုလည်း ကြည့်မရလို့ ဗျို့ ...ကျေးဇူးတင်ပါတယ် ကိုနတ်ဆိုးရေ..
    နောက်ကိုလည်း ဒီလိုဗဟုသုတလေးတွေတင်ပေးဦးဗျ

  3. အရမ်းကောင်းတဲ့ ပုံပြင်လေးပါပဲ

  4. Anonymous says:

    မရောင်ရာ ဆီလူးသလို ဖြစ်သွားမှာ စိုးလို့ ထင်ပါရဲ့ ...။ ဒါမှမဟုတ် နာမည်ကောင်း ဝင်ယူတတ်တဲ့ လူတွေရဲ့ အကျင့်ကို သိလို့လဲ ဖြစ်နိုင်တာပဲ၊ ဒါမှမဟုတ် ကိုယ့်အား ကိုယ်ကိုးလိုတဲ့ စိတ်ဓာတ်လဲ ဖြစ်နိုင်တာပဲ.. တွေးစရာတွေကတော့ အများကြီးပေါ့ဗျာ၊ ကောင်းတယ်၊ တွေးစရာ ရတာပေါ့..။