ပန်းဘုရင်မရဲ့ ရင်ခွင်ဆီ
ကဗျာတို့ ၀ိညာဉ်နဲ့အတူ
ငါ့ကိုခေါ်သွားပေးပါ...။
ဂစ်တာအိုတေးသွားကြားမိတိုင်း
ပန်းရိုင်းတွေ ပွင့်တဲ့ ကဗျာမှာ
ငါ..... အလွမ်းဆိပ်သင့်နေကျပေါ့..။
ငါ့ရဲ့ ယိုင်နဲ့နဲ့ ရင်ခွင်အိုဟာ
လိပ်ပြာတောင်ပံတစ်စုံနဲ့ တွဲက ရင်း
လှပခြင်းတွေ ဝေစီခဲ့ဖူးတယ်....။
ဒီ လောလောလတ်လတ် အသည်းကွဲတစ်ခန်းရပ်ကို
ဟိုး... ရှေးရှေးတုန်းက လို့ ပြောပြရင်တောင်
(ငါ့ကို) လှောင်ရယ်ကြမလားပဲ........။
မဟောင်းတဲ့ သမိုင်းတွေထဲက
ငါ့ကဗျာရှင်မလေး ရင်ထဲမှာ
ငါပျိုးခဲ့တဲ့ လင်္ကာတွေ ရှင်သန်ဖူးပါရဲ့...။
ချိုမြိန်တဲ့ မျက်ဝန်းစိမ်းလဲ့တွေကို
ဟိုတုန်းက သံစဉ်တေးပေါင်းများစွာမှာ
ငါ အခါခါ သီကျူးခဲ့ဖူးသေးတယ်.....။
တစ်ကယ်တော့ ကောင်မလေး က
အက်ဆစ်ခါးတွေကြားထဲက
ငါကောက်ရတဲံ နှင်းဆီဆိုလဲ မမှားဘူးလေ....။
ကြွေလွင့်မှုတွေ စ တဲ့နေ့က
အတ္တကိုယ်စီ ပိုက်ထားတဲ့ မီးလျှံတွေဟာ
ငါသီကုံးတဲ့ ကဗျာကို လောင်မြိုက်ကြလေရဲ့...။
အဲဒိနောက်........ငါ
နေရောင်အောက်က ဖယောင်းတွေလို
ကိုယ့်ကိုကိုယ် တအိအိ ဖြိုချနေမိ....။
ချိုတာတွေရော ခါးတာတွေရော မရှိ
အလင်းတွေ အမှောင်တွေ ငါ မသိ
(အဲဒိ အချိန်က စလို့) ငါ့ရဲ့ ညတွေမှောင်အတိ...။
ရှိစုရှိမယ့် ကာရန်တွေကို.....ငါ
အဆွတ်ပျံ့ဆုံး သီကုံးရေးလာလိုက်တာ
ကဗျာတွေတောင် ညည့်နက်နေပြီ......။
ဒီတစ်ခါ မိုးလင်းရင်တော့
ဂစ်တာအိုကို အလွမ်းနဲ့ မျှောလိုက်တော့မှာ
ကဗျာတွေလဲ အတောင်စုံလောက်ပြီ...။
ဟေး..............ကဗျာ
အတောင်စုံရင် ပျံသန်းပါ...
အလွမ်းမဲ့ တဲ့ ကောင်းကင် ဆီ ပျံသန်းပါ.......။
ပန်းဘုရင်မရေ............
ကဗျာတို့ ရဲ့ ၀ိညဉ်နဲ့ အတူ
ငါ.................................................လိုက်........ခဲ့ ......ပါ...ရ...စေ...။
..............နတ်ဆိုးလေး............................
Categories:
ကဗျာ
,
ကိုယ်ပိုင်ကဗျာ
Subscribe to:
Post Comments (Atom)
0 Response for the "ငါခိုစီးတဲ့ ကဗျာ"
Post a Comment