• Emotion Exit

    poem book
    နတ်ဆိုးလေးရဲ့ ဒီဘလော့ဂ်မှာ ဖော်ပြပြီးဖြစ်တဲ့ ကဗျာ လေးတွေကို စုစည်းပြီးတော့ ဖန်တီးထားတဲ့ ကဗျာစာအုပ်ကလေးပါ.။ ကဗျာ ၀ါသနာအိုးများအတွက် မျှဝေလိုက်ပါတယ်..။
    ပုံကိုကလစ်လိုက်နော်

ပို့စ် မရေးမီ ပထမဦးစွာ ယခုရေးမည့် ပို့စ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ် စောင်းမြောင်းတိုက်ခိုက်ထားခြင်းမရှိပါ.။ အပျော်သဘောသာ တွေးတော ရေးသားထားခြင်းဖြစ်သောကြောင့် တိုက်ဆိုင်မှုရှိက မလိမ်မိုးမလိမ်မာ နတ်ဆိုးလေးကို နားလည်ခွင့်လွှတ်ပေးစေလိုပါသည်..။

တစ်နေ့သ၌ နတ်ဆိုးလေးဟု အမည်တွင်သော ပေါတောတော ကြောင်တောင်တောင် ငနဲတစ်ကောင်သည် သူ၏ မတောက်တစ်ခေါက် အိုင်ကျူဖြင့် ဘလော့ဂါတို့ အကြောင်းကို တွေးတောဆင်ခြင်ပြီး သကာလ ပေါက်ကရ အတွေးအခေါ်များဖြင့် စာတမ်းတစ်စောင် ပြုစုသည်ရှိသော် အင်မတန်မှ ကပျက်တိ ကပျက်ချော်နိုင်လှလေသည်..။ ထိုကျမ်းကို အစအဆုံး အသေးစိတ် ဖော်ပြသော် အမြင်ကတ်ဖို့ကောင်းလောက်အောင် ပေရှည်လွန်းလှသဖြင့် အကျဉ်းမျှ ကောက်နှုတ်တင်ပြလိုက်ရသည်..။

ဘလော့ဂါဆိုသည်မှာ 

နည်းပညာဘလော့

နည်းပညာဘလော့ကို အလွန်ပါရမီကောင်းမှ ရေးလို့ရ၏။ မိမိတတ်သော နည်းပညာကို ပရိတ်သတ်အား အလကားမတ်တင်း ပြန်လည်ပို့ချရ၏။ ပရိတ်သတ် ဒုံးဝေးလျှင် မမောနိုင် မပန်းနိုင်ရှင်းပြရ၏။ တိုးချဲ့မေးခွန်းများလဲ စစ်စစ်ပေါက်ပေါက် ဖြေဆိုရ၏။ သင်ယူလေ့လာသူများ ကောင်းချီးသြဘာပေးပြီး ကျေနပ်ကြ၏။ လိုက်မမီသူများ စိတ်ညစ်ကြ၏။ ဘလော့ဂါ ကိုယ်တိုင် ဟုတ်တိပတ်တိ မတတ်လျှင် အရှက်ကွဲ၏။

သုတဘလော့

ချောင်ကြိုချောင်ကြား နေရာအနှံ့အပြားမှ လူသိနည်းသော အကြောင်းအရာများ.. ထူးဆန်းအံ့သြဖွယ်ရာများ သိသင့်သော အရာများ ကို ပေါက်ပေါက်ရှာရှာ တင်ပြရ၏။ ပရိတ်သတ် မျက်လုံးပြူး၏။ တအံ့တသြ ဖြစ်၏။ မယုံနိုင်ဖွယ် အဖြစ်အပျက်များ ရေးသော် ပရိတ်သတ် မယုံတစ်ဝက် ယုံတစ်ဝက်နှင့် ယုံရ၏။ ဘလော့ဂါကိုယ်တိုင် ဗဟုသုတ ကြွယ်မှ ရေးလို့ရ၏။

ရသဘလော့

ပရိတ်သတ်ရယ်အောင် ငိုအောင် ၀မ်းနည်းအောင် ကြည်နူးအောင် အံ့သြအောင် စဉ်းစားဖွယ်ဖြစ်အောင် ကြံဖန် ဇာတ်လမ်းထွင် ရေးရ၏။ ပရိတ်သတ် အများစု စွဲမြဲနှစ်ခြိုက်စွာ ဖတ်၏။ ဘလော့ဂါ ဥာဏ်နီဥာဏ်နက် များလျှင် များသလောက် နာမည်ကြီး၏။

အနုပညာဘလော့

ဝတ္ထုသမား ၀တ္ထုရေး၏်။ ကဗျာသမား ကဗျာရွတ်၏။ ပန်းချီသမား ပန်းချီဆွဲ၏။ ပြဇာတ်သမား ဘလော့ပေါ်တွင် ပြဇာတ်တိုက်၏။ သီချင်းသမားလည်း သီချင်းဆို၏။ ဘဘင်သမား ဘလော့ပေါ်တွင် က,ပြ၏။ ဘလော့ဂါနှင့် ၀ါသနာတူသော် သွားဖတ်လို့ ကောင်း၏။  ၀ါသနာ မပါသော် အင်မတန် ဂွတီးဂွကျနိုင်သော ဘလော့ဖြစ်သဖြင့် သွားမဖတ်သင့်..။

ဝေဖန်ရေးဘလော့

တွေ့သမျှ မြင်သမျှ အကုန်ဝေဖန်၏။ ခွေးချင်းကိုက်တာလဲ ဝေဖန်၏။ အကြော်သည်နှစ်ယောက် သတ်ပုတ်တာလဲ ဝေဖန်၏။ အကူန်အစုံ ထိုဘလော့ဂါ၏ ဝေဖန်ခြင်း ခံရ၏။ အတင်းပြော ၀ါသနာပါသူတို့ ရေးကြ၏။ အဆဲခံရမှူ ရာနှုန်း အများဆုံး ဘလော့ ဖြစ်၏။ နှစ်ခြိုက်သူများလည်း ရှိ၏။ စွဲစွဲ မြဲမြဲ ဖတ်ကြ၏။

စေတနာရှင်ဘလော့

တွေ့သမျှ မြင်သမျှ ရှိသမျှ ဓါတ်ပုံ သီချင်း ဗွီဒီယို အစ အီးဘုတ် ပရိုဂရမ် ဆော့ဖ်ဝဲ အကုန် နှမြောတွန့်တိုခြင်း မရှိပဲ. ရက်ရောစွာ ပေးကမ်းမျှဝေ၏။ ရှိတာ ပေးယုံတင်မဟုတ် ပရိတ်သတ်တောင်းလျှင်မရှိလဲ ရှာပေးကြ၏။ ဝေသန္တရာ လက်မြောက်၏။ အမှန်တကယ် လိုအပ်သူများနှင့် အလကားလိုချင်သူများ လာယူကြသဖြင့် လူစည်၏။

ဝါသနာရှင်ဘလော့

ထမင်းဟင်းချက် ၀ါသနာပါသူများ ဘလော့တွင်ချက်ပြုတ်ပြ၏။ ဇာထိုးပန်းထိုးသမား ဘလော့တွင် ဇာထိုးပန်းထိုးလုပ်ပြ၏။ ဂစ်တာ ၀ါသနာရှင်များ ဘလော့ပေါ်ထိ တက်တီး၏။ ဆပ်ကပ်ဝါသနာရှင် ဘလော့ရေးလျှင် ဘလော့ပေါ် ကျွမ်းထိုး ပြမည့် အလားအလာ ရှိ၏။

ဟဒယဘလော့

ဘလော့ဂါသည် ရယ်စရာများကိုသာ တင်ပြ၏။ ဟာသမှန်သမျှ တင်၏။ ပရိတ်သတ်ရယ်ဖို့ အဓိက ဖြစ်သဖြင့် မရယ်ရလျှင် ဘလော့ဂါကိုယ်တိုင် လျှာထုတ်ပြ၏။ ဖြီးပြ၏။ သူကိုယ်တိုင်ရယ်ပြ၏။ ဒါမှ မရယ်ရလျှင် ပရိတ်သတ်ကို ပေါ်တင်ကြီး လှမ်း ကလိထိုး၏။ ပရိတ်သတ် အူတက်ပြီး ပြန်လေ၏။

ယခုဖော်ပြခဲ့သည်များမှာ နတ်ဆိုးလေး၏ ဘလော့ဂါ စာတမ်းကြီးထဲမှ အနည်းငယ် ကောက်နှုတ်တင်ပြထားခြင်းဖြစ်သည်။ နောက်ဆက်တွဲ များ ရေးချင်ရေးမည်. ။ မရေးချင် မရေးပါ..။


အားလုံးကိုလေးစားလျက်
.......နတ်ဆိုးလေး..........

12 Response for the "စပ်မိစပ်ရာ ဘလော့ဂါ"

  1. ကလိထိုးသော် မရယ်လော...
    သရဲချောက်သော်မကြောက်လော...
    ကြက်နှင့်မျှားသော် မရွလော..
    ကျွန်ုပ်ကဝိ ရွတ်ဆိုဘိ၏..
    အသင်လာမလော မလာလော....

  2. ဘလော့ဂ်ခွဲခြမ်းစိတ်ဖြာရေးနဲ့တွေ့နေပြီ
    ဟိဟိ

  3. ဖတ်လို့ကောင်းတယ်နတ်ဆိုလေးရေ..။
    အားပေးနေမယ်..

    ခင်တဲ့
    သဒ္ဓါ

  4. တော်သေးတယ်။ definition (ရှင်းလင်းချက်) နဲ့ ပြီးသွားလို့။ index (နာမည်နဲ့ ခွဲထားတာ)ထပ်ထွက်လာရင်။ ။
    ခင်မင်လျှက်

  5. အင်း ဟုတ်ပ သရဲခြောက် တဲ့ ဘလောဂ် အကြောင်းလည်း မပါဘူး

    ရွတ ရွတ ဖြစ်တဲ့ ကိုကြီးကျောက် ရေးတဲ့ အကြောင်း ကြက်..ကြက် လည်း မပါဘူး

    ရွှေစင်ဦး

  6. စပ်မိစပ်ရာ..ပြုစုထားသော
    ဘလောပ့်ဂါအကြောင်း
    လာဖတ်သွားပါတယ်ကွယ်။

  7. သေချာရေးမှ ကိုဖြစ်မယ် ဘလော့ကို မှတ်တမ်းတင်မဲ့လူ
    ရှိနေပြီဆိုတော့ ၊ ဘယ်ဘလော်ကာကအကောင်းဆုံးလဲ
    ဗျ ............

  8. လွတ်လပ်တဲ့ ဘလော့ဂါတွေပေါ့၊ ကောင်း၏။

  9. ဟလိုမောင်နတ်ဆိုးရေ

    လာပါပြီတော်.. ခွဲပြီးရေးပေးတာလည်း ဖတ်ကောင်းတာပါပဲ..။

    တွေ့ကရာရေးတဲ့ သူတယောက်လည်းရှိတယ်.. ပြောချင်ဘူး.. ဒါပေမဲ့ ပြောမှရမယ်..။ ဗေ လည်းပါတယ်.. ၈၈ လည်းပါတယ်.. ပျော်ရွင်ပါစေ.. အဆင်ပြေပါစေ..။

    မဗေဒါ (၈၈)

  10. တို့ဘလော့လေးက ဘယ်ထဲပါပါလိမ့်
    စုံစီနဖာထဲများ လား မသိနော်..
    ရေးထားတဲ့ဘလော့တွေက အမျိုးအစား စုံလင်လှပါတယ်. ကောင်းလေစွ

  11. Unknown says:

    ဟီးဟီး... နှင်းဆီဖြူလဲ ကိုယ့်ကိုယ်ကို သုံးသပ် ဝေဖန်ကြည့်တော့.. “ရောက်တတ်ရာရာ အရေမရ အဖတ်မရ ဘာမှမရ” ခေါင်းစဉ်ထဲပါသွားပါတယ်.. ဒန်တန်တန်...

  12. နတ်ဆိုးလေးရေ.......

    ချာတူးလန်ဘလော့ဂ်ဆိုတာလည်းရှိသေးတယ်လေ......။
    ဥပမာ.......ကိုဏီ့ဘလော့ဂ်လိုဟာမျိုးပေါ့ညီလေးရာ....း))

    ခင်မင်ခြင်းအားဖြင့်.......
    ဏီလင်းညို